မယ်အိမ့်

 

Mergui Archipelago ခေါ် မြိတ်ကျွန်းစုသည် မြန်မာနိုင်ငံ၏ တောင်ဘက်စွန်းအပိုင်းတွင် တည်ရှိပြီး ကျွန်းပေါင်း ၈၀၀ ကျော်ရှိသည့် ကျွန်းအစုအဝေးကြီး ဖြစ်ကြောင်း ဖတ်မှတ်ခဲ့ရဖူးသည်။ ရေလမ်းကြောင်းဖြင့်သာ သွားလာနိုင်သည်မို့ တစ်နေရာနှင့် တစ်နေရာခရီးသွားလာရေး မလွယ်ကူသည့်အပြင် မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးရရှိဖို့ မလွယ်ကူ သည့်ဒေသဖြစ်သည်။ မြိတ်ဒေသအများစုမှာ ဒီဇယ် အင်ဂျင်ဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးလျက်ရှိပြီး မြိတ်မြို့ကို လက်ရှိတွင် Petro & Trans Co., Ltd မှ တစ်ယူနစ် ဓာတ်အားခ ငွေကျပ် ၇၆၅ ဖြင့် ဓာတ်အားဖြန့်ဖြူးပေးလျက် ရှိကြောင်း သိရသည်။

 

“ဒီလ မီတာခတွေ ဈေးထပ်တက်မယ်ကြားနေတယ်။ တစ်ယူနစ်ငွေကျပ် ၁၀၀၀ လောက်ဖြစ်မယ်” ဟု ဒေသခံ အစ်ကိုကဆိုတော့ ကျွန်မမှာ မျက်လုံးမျက်ဆန်ပြူးမိသည်။

 

မိမိတို့မှာ ယူနစ် ၃၀ အထိ တစ်ယူနစ် ဓာတ် အားခ ငွေကျပ် ၃၅ ကျပ်၊ ၃၁-၅၀ ယူနစ်အထိ ငွေကျပ် ၅၀၊ ၅၁-၇၅ ယူနစ်ကို ငွေကျပ် ၇၀၊ ၇၆-၁၀၀ ယူနစ်ကို ငွေကျပ် ၉၀၊ ၁၀၁-၁၅၀ ယူနစ်ကို ငွေကျပ် ၁၁၀၊ ၁၅၁-၂၀၀ ယူနစ်ကို ငွေကျပ် ၁၂၀ စသည်ဖြင့် ပေးရပြီး ယူနစ် ၂၀၁ အထက်သုံးစွဲမှသာလျှင် တစ်ယူနစ် ငွေကျပ် ၁၂၅ ကျပ်နှုန်းဖြင့် ကိုယ်သုံးသလောက် ကိုယ်ပေးရသည် ကို တစ်လစာ မီတာခပေးရပြီဆိုလျှင် မပေးချင်၊ ပေးချင်ဖြစ်ခဲ့မိမြဲမဟုတ်ပါလား။ မြိတ်မှာ ဓာတ်အားခနှုန်းက မိမိတို့ထက် အဆများစွာ ပိုမိုကြီးမြင့်လှသည်။ မြိတ်ကျွန်းစုထဲက ကျွန်းရွာများတွင် ဆိုဖွယ်ရာမရှိဟု တွေးမိရသည်။

 

နောက်တစ်ရက် ကျွန်းရွာများထဲက ဆိုလာ အသေးစားဓာတ်အားစနစ်စီမံကိန်းရှိရာ ကျောက္ကာရွာရောက်တော့ ဆိုလာမီးက အိမ်သုံးအနေဖြင့် တစ်ယူနစ် ငွေကျပ် ၃၅၀၊ လုပ်ငန်းသုံးနှင့် အများ ပြည်သူပိုင် အဆောက်အအုံများ အနေဖြင့် တစ်ယူနစ် ငွေကျပ် ၄၅၀ ပေးရပြီး စာသင်ကျောင်း၊ ဆေးပေးခန်း၊ လမ်းမီးစသည့် အများပြည်သူပိုင်အဆောက် အအုံများက လစဉ် ငါးယူနစ် အခမဲ့သုံးခွင့်ရကြောင်း သိရတော့မှ မြို့ပေါ်က ဓာတ်အားခထက် သက်သာ နေသေးတာ တွေ့ရတော့မှ… သက်မမောချရန် ဟန်ပြင်ရုံရှိသေး… “ဒီဇယ်နဲ့ပေးတဲ့ မီးလည်း ရှိတယ်။ တစ်ယူနစ် ငွေကျပ် ၈၀၀ ကိုမှ သုံးသုံး၊ မသုံးသုံး၊ တစ်လကို ယူနစ် ၂၀ မဖြစ်မနေယူရတယ်” ဟု ဒေသခံအစ်မကဆိုတော့ ကိုယ့်မှာမျက်စိပြူးရ ပြန်သည်။

 

မရှိမဖြစ် လိုအပ်ချက်

 

စီးပွားရေးအရမူ သုံးသုံး၊ မသုံးသုံး၊ တစ်လကို ယူနစ် ၂၀ မဖြစ်မနေယူပေးရသည့်စနစ်က တွက်ခြေကိုက်သည်ဆိုရမည်။ ကျေးရွာဘက်က ပြန်ကြည့်လျှင်မူ ငွေကြေးတတ်နိုင်သူ လုပ်ငန်းရှင်များအတွက် မပြောပလောက်သော်လည်း တစ်ယူနစ် ငွေကျပ် ၃၅၀ ကိုပင်လျှင် တစ်လငါးယူနစ်မျှဖြင့် လောက်အောင်သုံးနေနိုင်သူတွေ ရှိနေသေးတာ တွေ့ရတော့ ယူနစ် ၂၀ မဖြစ်မနေယူရသည့် ဝန်သည် မသေးလှဟု ဆိုရပေမည်။

 

စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာသည့်အတွက် အချို့ရွာများတွင် တစ်ယူနစ်ဓာတ်အားခ ငွေကျပ် ၁၈၀၀ အထိ ပေါက်ဈေးရှိလာတာ တွေ့ရသည်။ ပဂဲ၊ ပကမ်း မွေးမြူရေးလုပ်ငန်း အဓိကလုပ်ကိုင်ကြသည့်အတွက် ၂၄ နာရီ လျှပ်စစ်မီးရရှိ ဖို့က သူတို့အတွက်မရှိမဖြစ် လိုအပ်ချက်ဖြစ်နေ သည်။ မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးရရှိမည် ဆိုလျှင်မူ မိမိတို့လိုပင် သက်သာသောနှုန်းဖြင့် အသုံးပြုနိုင်မည်ဖြစ်သော်ငြား မြစ်ခြား၊ ချောင်းခြား၊ ပင်လယ်ခြားသည့် ကျွန်းဒေသများအတွက် မဟာ ဓာတ်အားလိုင်း (National Grid) ရရှိဖို့ဆိုသည့်က မလွယ်ပါ။

 

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ဆောင်ရွက်လျက်ရှိသည့် သီးခြားဓာတ်အားပေးစနစ်၊ မဟာဓာတ်အားလိုင်းပြင်ပစနစ် (Off-Grid) သည် သူတို့အတွက် အဆင်အပြေဆုံးဖြစ်မည် ဟု ယူဆရသည်။ Grid ကရသည့် လျှပ်စစ်မီးလောက် ဓာတ်အားခ မသက်သာသည့်တိုင် ဒီဇယ်အင်ဂျင်ဖြင့်ပေးသည့် လျှပ်စစ်မီတာခထက် ထက်ဝက်ချိုးမက သက်သာပေသည်။

 

လက်ရှိတွင် တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆိုလာအသေးစားဓာတ်အားစနစ် (Solar Mini- Grid) စီမံကိန်းလုပ်ငန်းပေါင်း ၃၄ ခုကို ကျေးရွာ ၃၈ ရွာအတွက် ဆောင်ရွက်ပေးခဲ့ရာ စီမံကိန်း လုပ်ငန်းပေါင်း ၃၁ ခု ဆောင်ရွက်ပြီးစီးခဲ့ပြီး ဖြစ် ကြောင်း သိရှိရသည်။ စီမံကိန်းကျေးရွာများမှာ ကျွန်းစု၊ ပုလော၊ တနင်္သာရီ၊ ဘုတ်ပြင်းနှင့် ရေဖြူ မြို့နယ်များရှိ မဟာဓာတ်အားလိုင်းနှင့် ဆယ်မိုင် အထက် ဝေးကွာသောဒေသရှိ ကျေးရွာများဖြစ်ပြီး အများစုမှာ ကျွန်းကျေးရွာများဖြစ်သည်။ လုပ်ငန်း အားလုံးဆောင်ရွက်ပြီးစီးပါက တပ်ဆင်စွမ်းအား ၄ ဒသမ ၃ မဂ္ဂါဝပ်ဖြစ်ပြီး အဆိုပါဒေသရှိ အိမ်ခြေ ၁၂၀၀၀ ကျော်ခန့်နှင့် လူဦးရေ ၆၈၀၀၀ ကျော်တို့ အား အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် နိုင်ငံတော်ရန်ပုံငွေမှ ၆၀ ရာခိုင်နှုန်း၊ ကျေးရွာပြည်သူလူထုမှ ၂၀ ရာခိုင်နှုန်းနှင့် လုပ်ငန်းဆောင်ရွက်သည့်ကုမ္ပဏီမှ ၂၀ ရာခိုင်နှုန်း ထည့်ဝင်၍ (၆၀:၂၀:၂၀) စနစ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ကုမ္ပဏီအနေဖြင့် ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံဆောင်ရွက်လိုပါက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသို့ အဆိုပြုလွှာ တင်သွင်းနိုင်ကြောင်း သိရသည်။

 

ကျွန်းပေါင်း ၈၀၀ ကျော်

 

မြိတ်ကျွန်းစုတွင် ကျွန်းပေါင်း ၈၀၀ ကျော်ခန့် ရှိသည့်အတွက် အဆိုပါကျွန်းများပေါ်ရှိ ကျေးရွာများတွင် သင့်တင့်မျှတသည့် ဓာတ်အားခဈေးနှုန်းဖြင့် ဓာတ်အားဖြန့်ဖြူးပေးနိုင်မည့် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျော ညီထွေရှိသည့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အသုံးပြုသီးခြား ဓာတ်အားပေးစနစ်များ ဆောင်ရွက်ပေးနိုင်မည်ဆိုလျှင် ဒေသဖွံ့ဖြိုးရေးအတွက်ကိုပါ တစ်ဖက်တစ်လမ်းကအထောက်အကူပြုနိုင်မည်ဖြစ်သည်။ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင် အသုံးပြု သီးခြားဓာတ်အားပေး စနစ်များ ယခုထက်ပို၍ တွင်တွင်ကျယ်ကျယ် ဆောင်ရွက်ပေးနိုင်ရန် လိုအပ်လျက်ရှိသည်ကို တွေ့ရသည်။

 

မြိတ်က ပြန်လာတော့ ပင်လယ်ထဲက လှပသည့် ကျွန်းကျေးရွာလေးများသည် ကျွန်မမျက်စိထဲ တဝဲဝဲပေါ်နေသလို သူတို့ရင်ဆိုင်နေရသည့် လျှပ်စစ် မီးအခက်အခဲ၊ လမ်းပန်းဆက်သွယ်ရေးအခက်အခဲ တွေက ကျွန်မခေါင်းထဲ စွဲမြဲစွာပါလာခဲ့သည်။ ဒီဒေသမှာက လျှပ်စစ်မီးမရဘူးလားဆိုတော့ ရ တော့နေသည်။ သို့ရာတွင် ဓာတ်အားခနှုန်းထား ကြီးမြင့်လွန်းတော့ အိမ်တိုင်းစေ့ လက်လှမ်းမီဖို့က ခက်ပြန်သည်။

 

အိမ်တိုင်းစေ့ လျှပ်စစ် မီးရရှိရေး

 

သွားလာရေးက ခက်ခဲရသည့်အထဲတွင် လျှပ်စစ်မီတာခကကြီးမြင့်၊ ချောင်းခြား၊ မြစ်ခြား၊ ပင်လယ်ခြား ဒေသများမို့ ဆက်သွယ်ရေးတာဝါတိုင်များက မရှိ၊ လိုင်းကမမိ၊ ဆက်သွယ်မှုဧရိယာ ပြင်ပသို့ချည်း ရောက်ရှိနေသည့် ကျွန်းကျေးရွာများ ဆက်သွယ်မှု ဧရိယာအတွင်းရောက်ရှိလာပြီး ဖွံ့ဖြိုးလာစေရေးအတွက် လျှပ်စစ်မီးရရှိမှုသည် အခြေခံအကျဆုံး လိုအပ်ချက်ဖြစ်ပြီး သင့်တင့်မျှတသောနှုန်းထားဖြင့် ဓာတ်အားသုံးစွဲနိုင်ရေးသည် အိမ်တိုင်းစေ့ လျှပ်စစ် မီးရရှိရေးအတွက် အဓိကအကျဆုံး လိုအပ်ချက် ဖြစ်ပေသည်။

 

ဒီဇယ်အင်ဂျင် ဓာတ်အားပေးစနစ်များအား ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အသုံးပြုအသေးစား ဓာတ်အားပေးစနစ်များဖြင့် အစားထိုးဆောင်ရွက် နိုင်မည်ဆိုလျှင် ပြန်လည်ပြည့် ဖြိုးမြဲစွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးရေးကို အထောက်အကူ ပြုစေသည့်အပြင် ဒေသခံကျေးရွာများအနေဖြင့်လည်း သင့်တင့်မျှတသော နှုန်းထားဖြင့် လျှပ်စစ်မီးရယူသုံးစွဲနိုင်စေမည် ဖြစ်သည်။ လျှပ်စစ်မီးရရှိမှသာ ဆက်သွယ်ရေးတာဝါ တိုင်များလည်း တည်ဆောက်နိုင်မည်ဖြစ်သည်။

 

ဆက်သွယ်ရေးစနစ်ကောင်းမွန်မှသာ ကမ္ဘာကြီး ၏တိုးတက်ပြောင်းလဲမှုဟူသမျှ၊ သတင်းအချက် အလက်မှန်သမျှကို ခေတ်မီမီ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်မည်ဖြစ်သည်။ လျှပ်စစ်မီးရရှိမှု၊ ဆက်သွယ်ရေး စနစ်များကောင်းမွန်မှုသည် မြို့ပြနှင့် ကျေးလက် ကွာဟချက် ကျဉ်းမြောင်းစေရေးအတွက် အခြေခံ အကျဆုံးလိုအပ်ချက်များတွင် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ ကျွန်းကျေးရွာလေး များကို ယခုထက်ပိုပြီး ဖွံ့ဖြိုးလာစေချင်သည်။

 

“ရာသီဥတုအခြေအနေအရ သွားရေးလာရေးက လည်းခက်တော့ ကျွန်းစုမြို့နယ်ထဲက ရွာတစ်ရွာ ကွင်းဆင်းတော့မယ်ဆိုရင် ကျွန်းစုကနေ မြိတ်ကို အမြန်ယာဉ်နဲ့လာ၊ မြိတ်မှာ ညအိပ်၊ နောက်နေ့ မနက်အစောမှ သွားရမယ့်ရွာကို သွား၊ အဲဒီရွာမှာပဲ ညအိပ်၊ နောက်နေ့ပြန်လာတော့ မြိတ်မှာ အိပ်၊ ပြီးမှ ကျွန်းစုကို ပြန်ဆိုတော့ တစ်ရွာကို သွားဖို့ အနည်းဆုံး သုံးညအိပ်၊ လေးရက်အချိန်ယူရတယ်။” ဟု ကျွန်းစုမြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းတစ်ဦးက ဆိုတော့ ကိုယ့်မှာသက်မမောချရုံသာ တတ်နိုင်သည်။

 

မြန်မြန်သွား မြန်မြန်ပြန်ချင်လျှင် စပိဘုတ်နှင့် သွားမှအဆင်ပြေသည်။ စပိဘုတ်ငှားခက သိန်းဂဏန်း (၇သိန်းထက်မနည်း) ဆိုတော့ကာ ဌာနဆိုင်ရာ ဝန်ထမ်းတွေ တတ်နိုင်သည့် ပမာဏမဟုတ်လေတော့ ဒီရွာတွေဆီ ရောက်ဖို့ ပေါက်ဖို့ကို အတော်လေး အားစိုက်နေရတာတွေ့ရသည်။ သည်မျှသွားလာရ ခက်ခဲသည့်နေရာများမှာ ဆိုလာအသေးစား ဓာတ်အားစနစ်စီမံကိန်းလုပ်ငန်းတွေ ၃၄ ခုအထိ ဆောင်ရွက်လာနိုင်တာကို အလွန်ချီးကျူးမိသည်။

 

mdn

 

 

မီးလင်းရေးလုပ်ငန်း

 

မီးလင်းရေးလုပ်ငန်းအတွက် တည်ဆောက် ရေး ပစ္စည်းတွေဆိုသည်က ဆိုလာပြားမှအစ ကေဘယ် ကြိုးများအလယ်၊ ကွန်ကရစ်တိုင် များအဆုံး သေးငယ်ပေါ့ပါး၊ သယ်ယူရ လွယ်ကူသည့် အရာရယ်ဟု မရှိ။ ထိရှလွယ်၊ ကွဲလွယ်၊ ကြေလွယ်သည့် ပစ္စည်းတွေ၊ လေးလံ သည့် ပစ္စည်းတွေက အများသား။ လူချည်း သက်သက် သွားလာဖို့ရာပင်လျှင် သွားလာ ရေးခက်ခဲသည့် ကျွန်းကျေးရွာတွေဆီ တည်ဆောက်ရေးပစ္စည်းတွေ ပို့ဆောင်ဖို့ မည်မျှ ခက်ခဲခဲ့မှာပါလိမ့်။ တွေးကြည့်ရုံဖြင့်ပင် မောမိရသည်။ စက်အင်အား၊ လူအင်အား အများကြီးသုံးခဲ့ရသလို လုပ်ငန်းကြန့်ကြာမှု မရှိအောင်လည်း အတော်ကြီး အားထုတ်ခဲ့ရပေလိမ့်မည်။

 

“ကျွန်မတို့ရွာတွေအဖို့ကတော့ အရာရာ ခက်ခဲနေတာချည်းပါပဲ အစ်မရယ်” ဆိုသည့် ဒေသခံအစ်မကြီး၏ ညည်းညူသံကိုပင် လျှင် နားထဲပြန်ကြားယောင်လာမိရသည်။

 

သည်လိုဒေသများအတွက် မီးလင်းရေး လုပ်ငန်းလုပ်ကိုင်ဖို့ စိတ်ပါဝင်စားသည့်၊ ရင်းနှီးမြှုပ်နှံပေးသည့် လုပ်ငန်းရှင်များကို အလွန်ပင်ကျေးဇူး တင်မိရသည်။ ထို့အတူ ပူးပေါင်းပါဝင်ပေးသည့် ကျေးရွာပြည်သူ၏ အား၊ အကောင်အထည်ဖော် ဆောင်ရွက်ပေးသည့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ စေတနာတို့ကို အလိုလို ခံစား သိမြင်လာမိရသည်။

 

မြန်မာပြည်တောင်ဘက်ဆုံး အပိုင်းရှိ တသီးတခြားတည်ရှိနေသည့် ကျွန်းကျေးရွာလေးများကို ထည့်တွက်စဉ်းစား ဆောင်ရွက်ပေးနေသည်ကို တွေ့မြင်ရသည့်အတွက် ဝမ်းသာမိရသည်။ အစိုးရ-ပြည်သူ-ပုဂ္ဂလိက ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်နေသည့် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်အသုံးပြု အသေးစား ဓာတ်အားပေးစနစ်များ ကျွန်းကျေးရွာများမှာ ယခုထက်ပိုပြီး အောင်မြင်ဖြစ်ထွန်းပေါ်ပေါက် လာစေဖို့ ဆန္ဒပြုမိရင်း ကျွန်းကျေးရွာလေးများ ဖွံ့ဖြိုးလာမည့်အရေးကို ကြိုတင်မြင်ယောင် မျှော်လင့်နေမိပါတော့သည်။ ။