နေပြည်တော် ၁၂ ဒီဇင်ဘာ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန မြန်မာ့ပုလဲ ထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းက ကြီးမှူးကျင်းပသည့် မြန်မာ့ပုလဲပြသ ရောင်းချပွဲ (ဒီဇင်ဘာ ၂၀၁၉) Myanmar Pearl Auction (December - 2019) ဒုတိယ နေ့ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာ့ကျောက်မျက်ရတနာပြတိုက်၌ ဆက်လက်ကျင်းပရာ ပြည်တွင်း ပြည်ပ ပုလဲရတနာကုန်သည်များဖြင့် စည်ကားလျက်ရှိသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေသည် တာဝန်ရှိသူများနှင့်အတူ မွန်းလွဲ ၁၂ နာရီခွဲတွင် မြန်မာ့ကျောက်မျက်ရတနာပြတိုက်သို့ ရောက်ရှိပြီး မြန်မာ့ပုလဲ ခင်းကျင်းပြသရောင်းချနေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။
မြန်မာ့ပုလဲပြသရောင်းချပွဲ ဒုတိယနေ့သို့ ပြည်ပမှပုလဲကုန်သည် (၁၅) ဦးနှင့် ပြည်တွင်းမှ ပုလဲကုန်သည် (၉၄) ဦး၊ စုစုပေါင်း (၁၀၉) ဦး တက်ရောက်ကြသည်။
အဆိုပါပြပွဲ၌ နိုင်ငံပိုင်ပုလဲအတွဲပေါင်း (၁၇၀)နှင့် ကုမ္ပဏီပိုင်ပုလဲအတွဲပေါင်း (၃၅)တွဲကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆက်လက်ရောင်းချပေးခဲ့ရာ နိုင်ငံပိုင်ပုလဲအတွဲ ပေါင်း(၁၇၀)ကို ယူရိုငွေ (၁၀၁၁၃၆၉)ဖြင့်လည်းကောင်း၊ ကုမ္ပဏီပိုင်ပုလဲအတွဲပေါင်း (၂၈)တွဲကို ယူရိုငွေ (၂၅၁၃၄၀)ဖြင့် လည်းကောင်း ရောင်းချခဲ့ရသည်။
ဒီဇင်ဘာ ၁၃ ရက်တွင်လည်း ကုမ္ပဏီပိုင်ပုလဲအတွဲပေါင်း (၁၁၀)ကို ဆက်လက်ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်