ကော့သောင်း ၁၁ မတ် 

 

ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံဥပဒေများအရ အရေးယူခံရပြီး  မြန်မာနိုင်ငံ ကော့သောင်းမြို့သို့ ယမန်နေ့ ညနေပိုင်းက လာရောက်လွှဲပြောင်းပေးသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသား ၅၁ ဦး၊ အမျိုးသမီး ၇ ဦး စုစုပေါင်း အလုပ်သမား ၅၈ ဦး ကို ရေဆိပ်တံတားတွင် မြို့နယ်ကျန်းမာရေး ဌာနဝန်ထမ်းများက ကိုရိုနာဗိုင်းရပ်စ် (အဆုတ်ရောင်) ရောဂါ သံသယရှိသူများနှင့် ကူးစက်ခံရသူများ ပါဝင်လာခြင်းမရှိစေရေး စစ်ဆေးပြီး ပြန်လည်လက်ခံခဲ့ကြောင်း သိရသည်။

 

316

 

ကမ္ဘာ့သတင်းမီဒီယာများနှင့် မြန်မာနိုင်ငံ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ နောက်ဆုံး သတင်းထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံနှင့် အိမ်နီးချင်း ထိုင်းနိုင်ငံအတွင်း၌ ရောဂါပိုး ကူးစက်ခံရသူများနှင့် ရောဂါဖြစ်ပွားနေသူများကို စိုးရိမ်ဖွယ်ရာ တွေ့ရှိနေရသဖြင့် ထိုင်းနိုင်ငံမှ ပြန်လာသည့် အဆိုပါ အလုပ်သမားများအား ပြည်သူ့ကျန်းမာရေးဌာနမှ ကိုရိုနာဗိုင်းရပ်စ် (အဆုတ်ရောင်) ရောဂါ သံသယရှိသူများ ပါဝင်လာခြင်းရှိ၊မရှိ သတိပြုစမ်းသပ်စစ်ဆေးပြီး ကော့သောင်း ခရိုင်နှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် တာဝန်ရှိအဖွဲ့အစည်းများက ပြန်လည်လက်ခံကာ ၄င်းတို့၏ နေရပ်ဒေသများသို့ လုံခြုံချောမွေ့စွာ ပြန်နိုင်ရန်ကူညီဆောင်ရွက်ပေးခဲ့ကြသည်။

 

ယင်းသို့လာရောက် လွှဲပြောင်းပေးအပ်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများတွင် ကိုရိုနာဗိုင်းရပ်စ် (အဆုတ်ရောင်) ရောဂါ ကူးစက်ခံရသည့် သံသယဖြစ်သူများ ပါဝင်လာခြင်းမရှိကြောင်း သိရသည်။

 

ကျော်စိုး(ကော့သောင်း)