မဲဆောက် ၃ သြဂုတ်

မြန်မာရွှေ့ပြောင်းကလေးများ ကာကွယ်စောင့်ရှောက်ပေးရေး မြန်မာ-ထိုင်း အဆင့်မြင့်အရာရှိများ ပထမအကြိမ် အစည်းအဝေးကို ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့၊ Centra Hotel အစည်းအဝေးခန်းမတွင် သြဂုတ် ၁ ရက်မှ ၂ ရက်ထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် အဖွဲ့ခေါင်းဆောင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စန်းစန်းအေး၊ ဒုတိယအဖွဲ့ခေါင်းဆောင် ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းတို့ပါဝင်သော ဌာနဆိုင်ရာ အဖွဲ့ဝင် ၂၆ ဦးနှင့် ထိုင်းနိုင်ငံမှ Social Development And Human Security ministry ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr.Anukul Reedkaew ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့မှ ဆွေးနွေးကြသည်။

 

mdn

 

အစည်းအဝေးတွင် မြန်မာနိုင်ငံသား မိဘနှစ်ပါးမှ ထိုင်းနိုင်ငံတွင် မွေးဖွားသည့်ကလေးကို မဲဆောက်ဆေးရုံက မွေးစာရင်း ထောက်ခံချက်ပေးခြင်း၊ ထိုင်းနိုင်ငံ စည်ပင်သာယာရုံးမှ မွေးစာရင်းလက်မှတ် ထုတ်ပေးခြင်း၊ မြန်မာနိုင်ငံဥပဒေအရ မြန်မာသံရုံးမှာ မှတ်ပုံတင်ပြီးမှ မြန်မာနိုင်ငံဘက်ခြမ်းမှာ လျှောက်ထားရသည့် လုပ်ငန်းစဉ်ဖြစ်သည့်အတွက် မဲဆောက်တွင် မွေးဖွားသည့် မြန်မာနိုင်ငံသားကလေးများအတွက် သံရုံးမှ ချိတ်ဆက်ပြီး ဆောင်ရွက်ဖို့ အခက်အခဲတစ်ရပ်ဖြစ်နေခြင်း၊ မြန်မာနိုင်ငံ၊ ခရိုင်နှင့်မြို့နယ် ကလေးသူငယ် စောင့်ရှောက်ရေးကော်မတီနှင့် တာ့ခ်ခရိုင်နှင့်မဲဆောက် ကလေးသူငယ်စောင့်ရှောက်ရေး ကော်မတီတို့ ပူးပေါင်းပြီး ကလေးသူငယ် အခွင့်အရေးရရှိရေး၊ ဥပဒေအကာအကွယ်ပေးရေးဆိုင်ရာများ ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ နားလည်မှုစာချွန်လွှာ လက်မှတ်ထိုးရေးဆိုင်ရာများ ဆွေးနွေးကြသည်။

 

mdn

 

အစည်းအဝေး တက်ရောက်ရန် ရောက်ရှိနေသည့် မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် ဇူလိုင် ၃၁ ရက်က ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်လဝကရုံး၊ မဲဆောက်ပြည်သူ့ဆေးရုံ၊ ဒေါက်တာ စင်သီယာမောင်၏ မယ်သော်ဆေးခန်း၊ Child Development Centre နှင့် Social Action for Women Children တို့အား သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။

ထိန်လင်းအောင်(ပြန်/ဆက်)