မြင်းမူ ၁၁ ဩဂုတ်
မြန်မာ့ရိုးရာအိမ်တွင်းသုံးနှင့် တိုင်းရင်းဆေးဝါးများတွင် ထည့်သွင်းအသုံးပြုလျှက်ရှိသော နံ့သာဖြူ(ဆေးသနပ်ခါး)ပင်များကို စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်း စီးပွားဖြစ် စိုက်ပျိုးလာသူများရှိကြောင်း သိရှိရသည်။
ရှေးအစဉ်ဆက် မြန်မာအမျိုးသမီးများ အသုံးပြုခဲ့သော နံ့သာဖြူ (ဆေးသနပ်ခါး)ပင်မှာ နှစ်ရှည်စိုက်ပျိုးရသည့်အတွက် စိုက်ပျိုးသူနည်းပါးကြောင်း၊ အခြားဝင်ငွေရရှိနိုင်သည့် အပင်ငယ်မျိုးများနှင့် တွဲဖက်စိုက်ပျိုးလုပ်ကိုင်မှသာ အဆင်ပြေသည့် အပင်မျိုးဖြစ်ကြောင်း၊ နံ့သာဖြူပင်ကို (၁၅)နှစ်သက်တမ်းခန့် ရှိချိန်မှသာ ရောင်းချကြပါကြောင်း လက်တွေ့စိုက်ပျိုးလုပ်ကိုင်နေသူ ဦးအောင်ဘုန်းကျော် ထံမှ သိရှိရသည်။
နံ့သာဖြူပင်(၁)ဧကလျှင် အပင်(၂၅၀)စိုက်ပျိုးနိုင်ပြီး (၆)ပေကြားစိုက်ပျိုးရကြောင်း၊ စိုက်ချိန်မှ ခုတ်ယူရောင်းချချိန်ထိ မည်သည့်ဆေးမျှ အသုံးမပြုရသော အပင်မျိုးဖြစ်ကြောင်း၊ မြန်မာ့တိုင်းရင်းဆေးများဖြစ်သော ရှူဆေး၊ လိမ်းဆေးများတွင် ထည့်သွင်းအသုံးပြုသည့်အပြင် ဆေးသနပ်ခါးတုံးအဖြစ် အိမ်များတွင် ယခုချိန်ထိ အသုံးပြုနေသောအပင်ဖြစ်ကြောင်း သိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)