မြန်မာ့ရိုးရာ ကြေးဇွန်းခတ်လုပ်ငန်း

မောင်သောင်း(မြို့ပြ)

 

တစ်ချိန်က တစ်ရွာလုံး နေ့မီး၊ ညမီး ဆက်ပြီးလုပ်ခဲ့ ရသော လုပ်ငန်း၊

တူခတ်သံတတောက်တောက် မပြတ်ကြားနေရ သောလုပ်ငန်း၊

ထွက်ရှိသမျှ မြန်မာပြည်အရပ်ရပ်သို့ တင်ပို့ရသော လုပ်ငန်း၊

အိမ်ရှိလူကုန် မနားမနေ ဝိုင်းဝန်းလုပ်ကိုင်ရသောလုပ်ငန်း၊

ယခုအချိန်မှာတော့ တစ်ရွာလုံးတွင် ကြေးဇွန်းခတ် လုပ်ငန်းလုပ်ကိုင်သူတစ်ဦးတည်းသာ ရှိတော့သည့် လုပ်ငန်း၊

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ပျော်ဘွယ်မြို့နယ် မင်းလမ်း(မြောက်)ရွာတွင် မြန်မာ့ ရိုးရာ ကြေးဇွန်းခတ်လုပ်ငန်းကို လုပ်ကိုင်ပါသည်။ ရှေးမြန်မာမင်းများလက်ထက်ကပင် စတင်လုပ်ကိုင် ခဲ့သည်ဟု ဆိုပါသည်။ အင်္ဂလိပ်အုပ်စိုးစဉ်ကလည်း ချစ်တီးများက ရိုးတံအရှည်၊ ခွက်နက်သော ဇွန်းပုံစံပေး ၍ ပြုလုပ်စေကာ အိန္ဒိယသို့တင်ပို့ခဲ့သည်ဟု ဆိုပါသည်။

ပျောက်ကွယ်လုနီးပါးဖြစ်နေ

ယခင်က အသေးဆုံး ဆေးဇွန်း(ဆေးကော်သည့်ဇွန်း)မှ အကြီးဆုံး လိုက် ဇွန်း(ဟင်းများထည့်ပေးသည့် ဇွန်း)အထိ ပြုလုပ်ခဲ့ရသည်ဟု သိရသည်။ ယခုအခါမှာ အသေးဆုံး လက်ဖက်စားဇွန်း၊ အကြီးဆုံး ဟင်းခပ်ဇွန်း သာ ထုတ်လုပ်ပါသည်။ ယခင်က အိမ်တိုင်းတွင် မရှိ မဖြစ် အသုံးပြုခဲ့ကြသော ကြေးဇွန်းသည် စတီးဇွန်းများ၏ ဝါးမျိုခြင်းကိုခံခဲ့ရကာ ပျောက်ကွယ်လုနီးပါးဖြစ်နေပါပြီ။ နောက်ဆုံးခံတပ်အနေဖြင့် မန္တလေးစာသင်တိုက်များမှ သံဃာတော်များ အသုံးပြုနေဆဲဟု သိရသည်။ စာသင် တိုက်များမှတစ်ဆင့် ကျေးရွာဘုန်းတော်ကြီးကျောင်း များသို့လည်း ပျံ့နှံ့ရောက်ရှိသွားပါသည်။ ကြေး(ကြီး)ဇွန်းသုံးမှ ကြီးပွားမည်ဟု အယူရှိကြသော ရှေးရိုးစွဲ မြန်မာများကလည်း ယခုထက်တိုင် သုံးစွဲလျက်ရှိသည်။

ထုတ်လုပ်ပြီး ကုန်ချောများကို မန္တလေးဘုရားကြီး စောင်းတန်းနှင့် ဈေးချို သို့တင်ပို့သည်။ ယခင်က ကြေး ခက်ရင်းပြုလုပ်ခဲ့သော်လည်း လုပ်ရသည်မှာ လက်ဝင် ခြင်း၊ ဈေးကြီးမြင့်၍ အသုံးနည်းခြင်းတို့ကြောင့် ယခုအခါ မလုပ်ရတော့ဟုဆိုပါသည်။ အပ်ချုပ်စက်သမားသုံး ကော်ကပ်တံကိုတော့ ပြုလုပ်ပါသည်။

မင်းလမ်း(မြောက်)ရွာရှိ ဦးတင်မောင်ဆွေ-ဒေါ်နော်ကြည်တို့၏ မိသားစုလုပ်ငန်းဖြစ်ပါသည်။ မိသားစုလုပ်ငန်းဟုဆိုသော်လည်း သားများသည် လုပ်ငန်း ကို စိတ်ဝင်စားမှုမရှိတော့ချေ။ ဝမ်းပူ၊ ကျောအေးသည့် လုပ်ငန်း၊ တစ်နေကုန် အညောင်းထိုင်ရခြင်းနှင့် မီးရောင် ကို မျက်စိဖြင့်တိုက်ရိုက် ကြည့်နေရခြင်းတို့ကြောင့် ဖြစ်ပါ သည်။ တစ်နေကုန် ထိုင်ရသည့်အတွက် ထိုင်ခုံကို လေဝင် စေရန် ဝါးခြမ်းဖြင့်သာ ပြုလုပ်ထားသည်။

ကြေးဇွန်းပြုလုပ်ရန် အသုံးပြုသောကြေး

ကြေးဇွန်းပြုလုပ်ရန် အသုံးပြုသောကြေးမှာ ခတ်ကြေး (ကြေးကြွပ်)ကို အသုံးပြုသည်။ ကြေးညို ဟူ၍လည်း ခေါ်ပါသည်။ ခတ်ကြေးဖြင့် ပြုလုပ်ထားသည့် မောင်းအကွဲ၊ လင်းကွင်းအကွဲ၊ ကြေးရေဖလား၊ ကြေးဇွန်းအကျိုး တို့ကို ကုန်ကြမ်းအဖြစ် အသုံးပြုသည်။ ခတ်ကြေးကို တူဖြင့် ထုလျှင် အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားသည်။ အသုံး ပြုမည့် ကုန်ကြမ်းထဲတွင် ကြေးဝါ၊ မသန့်စင်သည့်ခဲ စသည် တို့ပါခဲ့လျှင် ဇွန်းခတ်ပုံစံဖော်၍မရဘဲ ပျက်စီးသွားသည်ဟု ဆိုပါသည်။

ကြေးဇွန်းပြုလုပ်ရန် အဆင့်လေးဆင့်

ပထမအဆင့်တွင် ကုန်ကြမ်းဖြစ်သည့် မောင်းကွဲ၊ လင်းကွင်းကွဲ၊ ကြေး ဖလားအကွဲ၊ ကြေးဇွန်းအကျိုးများကို ထုချေပြီး လိုအပ်သည့်အလေးချိန်အတိုင်း အတိအကျချိန် တွယ်သည်။ ထို့နောက် လုံအတွင်းသို့ထည့်၍ အရည်ကျိုရ ပါသည်။ ဇော်ဂျီလက်ထိုးဖိုကို အသုံးပြု၍ မီးသွေးမီးဖြင့် အရည်ကျိုပါသည်။ ဖားဖို၊ လျှပ်စစ်ဖိုသုံး၍ အဆင်မပြေဟု သိရပါသည်။

ကြေးများအားလုံး အရည်ပျော်သွားသည့်အခါ အုတ်ခဲ ပေါ်တွင်ပုံဖော်ထားသည့် ကြေးတောင့်ပုံစံထဲသို့ လောင်း ထည့်သည်။ ကြေးရည်မလောင်းခင် ရေနံချေးအနည်းငယ်ကို ပုံစံထဲသို့ ထည့်ပေးရသည်။ သို့မှသာ ကြေးအရည်သည် ပုံစံထဲသို့ညီညာစွာပြန့်သွားပါမည်။ အေးသွားသည့်အခါ ပုံစံထဲမှထုတ်လိုက်လျှင် ကြေးတောင့်ကိုရရှိသည်။ ကြေးတောင့်ပြုလုပ်ရာတွင် တစ်ရက် လျှင် ၂၅၀ ခန့်ပြီးစီး ပါသည်။

ဒုတိယအဆင့်အနေဖြင့် ရရှိလာသောကြေးတောင့်ကို မီးဖြင့်ထပ်မံ၍ အပူပေးရသည်။ မီးပေးရာတွင် မျက်စိ အမြင်ဖြင့် လိုအပ်သလောက်သာ အတိအကျအပူပေးရသည်။ ကျွမ်းကျင်မှုရှိရန်လိုအပ်သည်။ သပြေသီးမှည့် အရောင်ရ သည်အထိ အပူပေးရသည်ဟု ဆိုပါသည်။ မီးများလျှင် အရည်ပျော် သွားနိုင်ပြီး မီးနည်းလျှင် ဇွန်းခတ်ရာမှာ ပျက်စီး (ကွဲ၊ ကြေ)တတ်သည်။ လိုအပ်သလောက်သာ မီးပေးပြီး ပထမဆုံး ဇွန်းအမြီးကို လိုအပ်သလိုတူဖြင့်ထု၍ ပုံဖော် သည်။ ထို့နောက် ခေါင်းပိုင်းကို ပေပေါ်တင်၍ အပြားဖြစ် အောင် ခတ်ပြီး သစ်သားပုံစံခွက်ပေါ်တင်ကာ ကြေးတူဖြင့် ခတ်၍ အခွက်ပုံဖော်သည်။ အကယ်၍ မီးပေးနည်းခဲ့လျှင် နှုတ်ခမ်းသားများကွဲသွားနိုင်ပါသည်။ အခွက် ပုံစံဖော်ရာတွင် ကြေးတူ ထိပ်လုံးကို အသုံးပြုသည်။ ပုံကြမ်းကို ကြေးတူဖြင့် ခတ်ရာတွင် အလယ်ခွက်ကို အပါးညီစေ၍ ဘေးနှုတ်ခမ်း သားကို အနည်းငယ် ထူပေးထားရသည်။၊ ခွက်ပုံဖော်ပြီးလျှင် နှုတ်ခမ်းသားကို ညှပ်ဖြင့် လိုသလို ပုံဖော်၍ ညှိပေးရသည်။

ကြေးဇွန်း တစ်ချောင်းပြီးစီးရန်အတွက် မီးဖြင့်တစ်ဆင့်ပြီး တစ်ဆင့် ပြုလုပ်ရာတွင် လက်တစ်ဖက်က မီးညှပ်ဖြင့်ကိုင်၍ ကျန်လက်တစ်ဖက်က တူဖြင့်ထုလုပ်ရပါသည်။ စိတ်ကြိုက် ပုံဖော်ပြီးပါက မီးဖြင့် နီရဲအောင်အပူပေးပြီး ရေထဲထည့်ကာ မီးဆေးရသည်။ မီးမဆေးပါက ဇွန်းတစ်ချောင်းလုံးပြီးစီး သည်အထိ လုပ်ဆောင်ရာတွင် ကွဲကြေ ပျက်စီးတတ်သည်။ မီးဆေး၊ ရေထဲချပြီးပါက ကြေးကြောစေ့ရန် ဇွန်းအမြီး၊ အခွက်အားလုံးတို့ကို တူဖြင့် ချက်ရာ (ရိုက်ချက်)မကျန် အောင် ထုပေးရသည်။ ဘေးနှုတ်ခမ်းသား ပတ်လည်ကို လည်း ညီအောင်တူဖြင့် ရိုက်ပေးရသည်။ ဇွန်းနှုတ်ခမ်း၏ အတွင်းဘက်မှ စီရိုက်ရ သည်။ ဘေးနှုတ်ခမ်းပေါ်ရိုက်လျှင် ကွဲသွားနိုင်သည်။ တူကိုလည်း စောင်း၍ ရိုက်ပေးရသည်။ ကျွမ်းကျင်မှုရှိရန် လိုအပ်ပါသည်။ နှုတ်ခမ်းသားကို တင်၍ ရိုက်ခြင်းဖြင့် နှုတ်ခမ်းသားကို ထူလာစေသည်။ ယခင် အဆင့် ပုံစံခတ်ရာတွင် တစ်နေ့ ၅၀ ခန့် ပြီးပါသည်။

တတိယအဆင့်အနေဖြင့် ကြေးဇွန်းအကြမ်းပေါ် တွင်ရှိနေသော အမည်းရောင်များကို ဂိုက်ထိုး၍ ကြေးရောင်ပေါ် လာစေရန် ပြုလုပ်ရသည်။ ဂိုက် အသွား လေးမျိုးရှိ သည်။ အခွက်၊ အခုံး၊ အပြားတို့ကို ဂိုက် အသွားမှန်အောင် ထည့်၍ ဂိုက်ထိုးကာ ကြေးရောင်ပေါ် လာစေပြီး အချော အသွားဖြင့်ညီအောင် ညှိပေးရသည်။ ထို့နောက် ဇွန်းအမြီး၊ ဇွန်းနှုတ်ခမ်းသားတို့ကို တံစဉ်းဖြင့် အပြီး သတ် အချောညှိပေးရသည်။ ဇွန်းအကြမ်းမှ ဇွန်းအချော ဖြစ်လာပြီး တစ်ရက်လျှင် ၅၀ ခန့်ပြီးအောင် ဂိုက်ထိုးနိုင်ပါသည်။

နောက်ဆုံးအဆင့်အနေဖြင့် အရောင်တင်ခြင်း ပြုလုပ်ရပါသည်။ အုတ်နီ ခဲအမှုန့်ကို ဆီအနည်းငယ် ထည့်၍ ရောမွှေရသည်။ ထိုအရောကို ဇွန်း၏ အပေါ် ဘက်၊ အောက်ဘက်သုတ်လိမ်းပြီး ချည်စောင်ကြမ်း နှစ်ဖက်ခံ၍ ခြေဖနောင့်ဖြင့် ပွတ်ပေးရသည်။ လုံး၀ ပြောင်လက်သွားပြီဆိုပါက Brasso ကို ဂွမ်းစပေါ် တင် ၍ ပွတ်ပေးခြင်းဖြင့် အရောင်ထွက်လာပြီး ကြေးဇွန်း တစ်ချောင်းပြီးစီးခြင်း သို့ ရောက်ပါသည်။

ကြေးကုန်ကြမ်း ၃ ကျပ်သား ပြုလုပ်လျှင် ဇွန်းအချောတွင် ၂ ဒသမ၂၅ ကျပ်သားခန့် တင်ကျန်ပါ သည်။ ဖောက်သည်ဈေးအနေဖြင့်-

- ၃ ကျပ်သား တစ်ချောင်း ၁၂၀ဝိ/-

- ၄ ကျပ်သား တစ်ချောင်း ၂၀၀ဝိ/-

- ၁၀ ကျပ်သား တစ်ချောင်း ၅၀၀ဝိ/-

- လက်ဖက်စားဇွန်း တစ်ချောင်း ၁၀၀ဝိ/-

- အပ်ချုပ်စက်သမားသုံးကော်ကပ်တံ ၁၅၀ဝိ/-တို့ဖြစ်ပါသည်။

ပျောက်ကွယ်လုနီးပါး ကြေးဇွန်းဖြစ်နေသည့် ကြေးဇွန်း

မင်းလမ်း(မြောက်)ရွာ၏ ရွာဘုံတွင် ၁၂၉၉ ခုနှစ်က ဆြာမြိုင် ပြုလုပ်ခဲ့သော ၂၀ ကျပ်သား အလေးချိန်ရှိ ဟင်းလိုက်ကြေးဇွန်းကြီးကို ရှေးခေတ်ဟောင်း အောက်မေ့ဖွယ်ရာအဖြစ် တွေ့ရသည်။ နှစ်ပေါင်း ၈၀ ကျော် ထိန်းသိမ်းထားနိုင်သည့် ရွာဘုံအတွက်လည်း ဂုဏ်ယူစရာပါ။ ထို့ပြင် ၁၃၂၁ ခုနှစ်က ဆရာတိုက် ပြုလုပ်ခဲ့သည့် နှစ် ၆၀ ရှိပြီဖြစ်သော ဟင်းလိုက် ကြေးဇွန်းကြီးလည်း ရှိပါသေးသည်။ တစ်ချိန်က မြန်မာ့လူမှုဘ၀နယ်ပယ်တွင် ကြေးဇွန်းသည် မရှိမဖြစ် ပါဝင်ခဲ့သည့် ပုံရိပ်ဖြစ်ပါသည်။ ယခုအခါမှာတော့ ဟင်းလိုက် ကြေးဇွန်းကြီးကို အနားပေးထားပြီး စတီး ဇွန်းကြီး (ယောက်ချို)များက နေရာဝင်ယူလိုက်ပြီဖြစ် ပါသည်။

ပြတိုက်မှာသာ ကြည့်ကြရ

တစ်ချိန်က မင်းလမ်း(မြောက်)ရွာသူများ၏ ခြေဖနောင့်မှာ အမည်းရောင်စွဲသည်အထိ ပြုလုပ်ခဲ့ရ သည်။ ကြေးပန်းပဲ(ခေါ်) ကြေးဇွန်းလုပ်ငန်းသည် ကုန်ကြမ်းဝယ်ယူရာတွင် အခက်အခဲရှိခြင်း၊ ကုန်ချော ရောင်းချရာ တွင်လည်း တွင်ကျယ်မှုမရှိခြင်းတို့ကြောင့် တစ်ချိန်က တစ်ရွာလုံး၏ စီးပွားရေးလုပ်ငန်းဖြစ် ခဲ့သော်လည်း ယခုအခါမှာတော့ ပြတိုက်မှာ မှတ်တမ်း တင်ထားရတော့မည့် အခြေအနေသို့ရောက်နေပါပြီ။ ယခုလုပ်ကိုင်နေသူမှာလည်း လုပ်ငန်းကို ဆက်ခံမည့်သူ မရှိဘဲ ကြေးဇွန်းလုပ်ငန်း၏ နောက်ဆုံးမျိုးဆက်ဖြစ် သွားနိုင်ပါသည်။ နောက်ဆိုလျှင် ကြေးဇွန်းသည် ပြတိုက် မှာသာ ကြည့်ကြရပါတော့မည်။ ။

မြန်မာ့အလင်း