မုံရွာ   ၁၂  မတ်

 

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်အတွင်းရှိ အင်တိုင်းကျေးရွာ၊ ကြာပိုင်ကျေးရွာနှင့် ပုရစ်ကုန်းကျေးရွာတို့တွင် အစဉ်အဆက် လုပ်ကိုင်လာသော မြန်မာ့ရိုးရာ ပန်းဆယ်မျိုးဖြင့်လုပ်ကိုင်သည့် ပန်းပွတ်နှင့် ပန်းတဉ်းလက်မှုပညာရပ်များကို မျိုးဆက်သစ် အမွေဆက်ခံလုပ်ကိုင်သည့် ပညာရှင်များ နည်းပါးလာသဖြင့် ရေရှည်တွင် ၎င်းပညာရပ်များ ပျောက်ကွယ်သွားနိုင်ကြောင်း ကြာပိုင်ကျေးရွာမှ ပန်းပွတ်ပညာရှင် ဦးစံမောင်ထံမှ သိရသည်။

 

113

 

တစ်ချို့ရွာတွေမှာလည်း ပန်းဆယ်မျိုးပညာရပ်တွေနဲ့ အသက်မွေးဝမ်းကြောင်းပြုတဲ့ ပညာရှင်တွေ ရှိသေးတယ်၊ အလုပ်မဖြစ်ကြ တော့ဘူး၊ ကုန်ကြမ်းရှားတယ်၊ မျိုးဆက်သစ်မရှိတော့ လုံးဝရပ်သွားတဲ့ ပညာရပ်တွေတောင်ရှိနေပြီ အင်တိုင်းကျေးရွာက ထုတ်လုပ်တဲ့ ကြေးမီးပူ၊ ကြေးဇွန်း၊ သောက်တော် ရေခွက်၊ ကြေးလင်ပန်း၊ ကြေးပန်းအိုး ထုတ်လုပ်ခဲ့တဲ့ လုပ်ငန်းက အခုရာဇဝင် တစ်ခုလိုပဲ ရှိတော့တယ်၊ ကျွန်တော်တို့ရွာမှာလည်း  မြန်မာ့ရိုးရာဆိုင်းဝိုင်းတွေ ထုတ်လုပ်တဲ့ ပန်းပွတ်ပညာကလည်း  ဒီလိုပဲ တစ်ဖြေးဖြေးနဲ့ လုပ်ကိုင်သူနည်းလာပြီး အခုကျွန်တော်တစ်ဦးပဲ ကျန်တော့တယ်၊ ဒီပညာရပ်တွေ ရေရှည်တည်တံ့ဖို့ဆိုရင် ပြိုင်ပွဲတွေ လုပ်ပေးနိုင်ရင်တော့ ကောင်းမှာပါ၊ ဒီအတိုင်းဆက်သွားမယ် ဆိုရင်တော့ မကြာတော့တဲ့အချိန်မှာ ဒီပညာရပ်တွေက ပျောက်ကွယ်တော့မှာပါ ဟု ကြာပိုင်ကျေးရွာမှ ပန်းပွတ်ပညာရှင် ဦးစံမောင်က ပြောသည်။

 

ကုန်ကြမ်းပစ္စည်းရှားလာခြင်း၊ ဒီဇိုင်းဆန်းသစ်လှပသည့် အစားထိုးပစ္စည်းများ ဝင်ရောက်မှုများလာခြင်း၊ ပန်းဆယ်မျိုးနည်းဖြင့် ထုတ်လုပ်ရောင်းချသည့် ရိုးရာပစ္စည်းများကို ဝယ်ယူအသုံးပြုမှု နည်းပါး လာသဖြင့် လုပ်ငန်းတွင်ကျယ်မှုမရှိခြင်း၊ အခြားအလုပ်အကိုင်များ များပြားလာခြင်း၊ မြန်မာ့ရိုးရာ ပန်းဆယ်မျိုး ပညာရပ်များသည် အများအားဖြင့် သင်ယူရန် အချိန်ယူရခြင်းကြောင့် မျိုးဆက်သစ် လူငယ်များမှ အမွေဆက်ခံသင်ယူရန် ဆန္ဒနည်းပါးလာခြင်းကြောင့် ရေရှည်ရပ်တည်ရန် ခက်ခဲလာကြောင်း လက်မှုပညာရှင်များက သုံးသပ်ပြောကြားသည်။

 

ဝင်းဦး(ဇေယျာတိုင်း)