ရန်ကုန် ၂၄ ဇွန်
တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက မြန်မာ့လက်ဝှေ့ပညာရှင်များအတွက် ကိုဗစ်-၁၉ ကာလ စားသောက်ရေး အဆင်ပြေစေရန် ဆန်၊ ဆီ၊ ဆား၊ ပဲ နှင့် နှာခေါင်းစည်းများ ပေးအပ်လှူဒါန်းပွဲကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်သက်ပုံက လှူဒါန်းရခြင်းအကြောင်း ပြောကြားပြီး မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသိန်းအောင်ထံသို့ ရိက္ခာအမယ် ၄ မျိုးနှင့် ကိုဗစ် ၁၉ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများကို ပေးအပ်လှူဒါန်းသည်။
“လက်ဝှေ့ပွဲတွေရပ်ဆိုင်းထားတဲ့ ကာလမှာ အခုလိုလှူဒါန်းမှုရရှိအောင် တပ်မတော်သို့ တင်ပြခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ လက်ဝှေ့ကလပ်ပေါင်း ၇၃ ခု မှာ တရားဝင် မှတ်ပုံတင်ထားတဲ့ လက်ဝှေ့သမားပေါင်း ၆၁၇ ဦး ရှိပါတယ်။ ရန်ကုန်မှာတော့ လက်ဝှေ့ကလပ် ၁၂ ခု ရှိပါတယ်။ ထောက်ပံ့ပစ္စည်းတွေကို ရန်ကုန်ကလပ်တွေအတွက် ယနေ့ပဲ ခွဲဝေပေးမှာဖြစ်သလို နယ်အတွက်တော့ အဖွဲ့ချုပ်အစီအစဉ်နဲ့ ဆက်လက်ပေးပို့သွားမှာဖြစ်ပါတယ်” ဟုမြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှ အမှုဆောင် ဦးဝဏ္ဏကပြောသည်။
အဆိုပါလှူဒါန်းမှုတွင် ဆန်ခြောက်ပြည်ပါ ဆန်အိတ် ၂၀ဝ၊ ဆီ ၅၀ ကျပ်သားဘူး ၂၀ဝ၊ ပဲ ၅၀ သားအထုပ် ၂၀ဝ၊ ဆားထုပ် ၂၀ဝ၊ ကြက်ဥ ၁၀ လုံးပါ ကတ် ၂၀ဝ (အလုံး၂၀ဝ၀) နှင့် နှာခေါင်းစည်းအခု ၁၀ဝ၀၊ လက်သန့်ဆေး ၁၀ဘူး ဖြစ်ကြောင်း သိရသည်။
တပ်မတော်မိသားစုများအနေဖြင့် ယခုထောက်ပံ့လှူဒါန်းခြင်း မတိုင်မီက စာသင်တိုက်များ၊ စစ်မှုထမ်းဟောင်းများ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ သတင်းမီဒီယာကောင်စီ စသော အဖွဲ့အစည်းများသို့လည်း ကိုဗစ် - ၁၉ ကာလအတွင်း ဆန်၊ ဆီ၊ ဆား၊ ပဲ စသော အထောက်အပံ့များကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ-တင်စိုး(မြန်မာ့အလင်း)


