မြိတ် ၉ ဧပြီ
လှပရှည်လျားသော သဲတန်းဖြူကမ်းခြေ၊ ကျောက်စရစ်ကမ်းခြေ ကြည်လင်စိမ်းလန်းသောရေပြင်၊ အလွန်လှပသော ရေအောက်ရှုခင်းများ၊ သန္တာကျောက်တန်းများ၊ မျိုးစိတ်ပေါင်းများစွာသော ရေနေသတ္တဝါများဖြင့် အလွန်ဂုဏ်ယူဖွယ်ကောင်းသော သဘာဝပတ်ဝန်းကျင် တည်ရှိသည့် မြိတ်ကျွန်းစုရှိ ပါပန့်ကျွန်း (Smart Island)ကို သင်္ကြန်ကာလတွင် လာရောက်လည်ပတ်ရန် ကြိုတင်မှာယူမှုများ များပြားလျက်ရှိကြောင်း ခရီးသွားလုပ်ငန်းရှင်များထံမှ သိရသည်။

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ဆိပ်ကမ်း ကမ်းနားရေပြင်မှ ရေမိုင်(၆၈)မိုင်ကို Speed Boat စီးပြီး မြန်မာ့ကမ်းရိုးတန်းရေပြင် ပင်လယ်အား ဖြတ်သန်းကာဖြင့် လေကောင်းလေသန့်များကို ရှုရှိုက်ရင်း (၂)နာရီ ဝန်းကျင်ခန့်စီးနင်းရမည့် (Smart Island)ကမ်းခြေသည် ရေလှိုင်းရိုက်ပုတ်မှုကြောင့် ကျောက်စရစ်အကြားမှ သာယာငြိမ့်ညောင်းသော သံစဉ်ထွက်ပေါ်နေသည်မှာ ကြားရသူများ၏ နှလုံးအိမ်ဝယ် ချမ်းမြေ့ကြည်နူးစရာ ကောင်းလှပေသည်။

“သင်္ကြန်ကာလ အနေဖြင့် ယခင်နှစ်ထက် ဒီနှစ်က ပိုမိုတိုးလာပါတယ်။ ခရီးသွားလုပ်ငန်း တိုးတက် လာတော့ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေတိုးလာတယ်။ Speed Boat တွေလည်း များလာပါတယ်။ ခရီးသည်က ပြီးခဲ့တဲ့ နှစ်ထက်တိုးလာပါတယ်။ အဓိကရေပန်းစားတာက Smart Island ပါ။ ကျွန်းတစ်ကျွန်းတည်းမှာကို Activity စုံပါတယ်။ ကျွန်းက ကမ်းခြေ နှစ်ဖက်ရှိတယ်။ သဲဖြူကမ်းခြေနဲ့ ကျောက်စရစ်ကမ်းခြေ ရှိတယ်။ သဲကမ်းခြေနဲ့ ကျောက်စရစ်ကမ်းခြေကို (၁၅)မိနစ် လမ်းလျှောက်သွားလို့ ရပါတယ်။ Smart Island မှာပဲ ရေအောက်သန္တာကျောက်တန်းနဲ့ ရေအောက် ကမ္ဘာကို ကြည့်တဲ့ Activity စုံတော့ ဒီကျွန်းကိုပဲ အဓိကသွားတာ များပါတယ်” ဟု Mergui Dolphin ခရီးသွားလုပ်ငန်းမှ ဦးမြင့်သန်းက ပြောသည်။

မြိတ်ကျွန်းစု ကျွန်းအပန်းဖြေခရီး အနေဖြင့် ခရီးသွားရာသီစ ကတည်းက တိုးလာပါကြောင်း၊ သင်္ကြန်ရာသီတွင် ပိုမိုတိုးလာပြီး ကြိုတင်မှာယူမှုများ များပြားလာကြောင်း၊ ခရီးစဉ်များတွင် Speed Boat အငယ်များအပြင် အမြန်ရေယာဉ်အကြီး လူ(၂၀ဝ)ခန့်ဆံ့ Air Con Speed Boat ဖြင့် တစ်ကျွန်းခရီးစဉ် ပြေးဆွဲဖို့ အစီအစဉ်လည်း ရှိပါကြောင်း၊ Smart Island နှင့် လေးကျွန်းတို့ကို ပြေးဆွဲသွားမည်ဖြစ်ကြောင်း၊ ခရီးသည် သွားချင်တဲ့နေရာကို ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင်တစ်ဦးထံမှ သိရသည်။

မြိတ်ကျွန်းစုတွင် ကျွန်းအပန်းဖြေခရီးသွားလုပ်ငန်း လုပ်ကိုင်နေသော ကုမ္ပဏီ/လုပ်ငန်း(၃၅)ခုရှိပြီး Speed Boat အစီး(၄၀)ခန့် ရှိကြောင်း၊ သင်္ကြန်ကာလတွင် Speed Boat များ၌ ဝန်ပိုမတင်ရေး၊ အသက်ကယ်အင်္ကျီနှင့် ဆေးသေတ္တာများယူဆောင်ရေး၊ ဆက်သွယ်ရေးစက်များ တပ်ဆင်ရေး စသည်တို့ကို မြိတ်ခရိုင် ခရီးသွားလုပ်ငန်းရှင်များအသင်း အစည်းအဝေးတွင် ညွှန်ကြားထားကြောင်း၊ ကျွန်းအပန်းဖြေ ခရီးသွားဧည့်သည် များအတွက် လုံခြုံရေးကို အသင်းအနေဖြင့် ရဲတပ်ဖွဲ့ကို အကူအည ီတောင်းထားကြောင်း၊ သင်္ကြန်ကာလတွင် လာရောက်ကြသော ခရီးသွားများဆိပ်ကမ်းမှ လှေပေါ်တက်ဆင်း အန္တရာယ် ကင်းရှင်းအောင် ကြီးကြပ်ရေး ကော်မတီဖွဲ့စည်းထားပြီး စစ်ဆေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြိတ်ခရိုင်ခရီးသွား လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးသိန်းဆွေမြင့် ထံမှ သိရသည်။

ပါပန့်ကျွန်း(Smart Island) သည် ဧရိယာအားဖြင့်(၅၄၅.ဝ၆)ဧကခန့်ရှိကာ တောတောင်ထူထပ်၍ ကျွန်း၏ မြောက်ဘက်ပိုင်းတွင် ပေ(၄၀ဝ၀)ခန့် ရှည်လျားသော ကျောက်စရစ်ကမ်းခြေတစ်ခုနှင့် တောင်ဘက်တွင် ပေ(၆၀ဝ)ခန့် ရှည်လျားသော သဲဖြူကမ်းခြေ(၃)ခု တည်ရှိပါကာ ကျွန်း၏ အရှေ့ဘက်တွင် နှစ်ဘက်လှကျွန်း၊ အနာက်ဘက်တွင် ပဒန်းကျွန်း၊ မြောက်ဘက်တွင် ကွမ်းရွက်ကျွန်း၊ တောင်ဘက်တွင် ဒါန်းကျွန်းတို့ တည်ရှိကြောင်း မြိတ်ခရိုင် ခရီးသွားလုပ်ငန်းရှင်များအသင်းမှ သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)
