မိတ္ထီလာ ၃ ဇန်နဝါရီ
မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်၏ ဦးဆောင်မှုဖြင့် မိတ္ထီလာခရိုင် မြင်းစီးအားကစားအသင်းမှ ကြီးမှူးကျင်းပသည့် (၇၂)မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဖိတ်ခေါ်ပြိုင်ပွဲ မြန်မာ့ရိုးရာ မြင်းစီးအားကစားပြိုင်ပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းက မိတ္ထီလာမြို့နယ်၊ မကျီးချောက်ကျေးရွာတွင် ဆက်လက်ကျင်းပရာ ကြည့်ရှုအားပေးသူများဖြင့် စည်ကားသိုက်မြိုက်ခဲ့ကြောင်း သိရသည်။
“အရင်တုန်းက မိတ္ထီလာမှာ မြင်းပြိုင်ပွဲတွေ မကြာခဏကျင်းပခဲ့ပေမယ့် အခုလို ဖိတ်ခေါ် မြင်းပြိုင်ပွဲမျိုး ကျင်းပတာမျိုး မရှိတာကြာပြီဆိုတော့ အရင်တုန်းက ကြည့်ရှုဖူးသူတွေရော မြင်းပြိုင်ပွဲကို လုံးဝမြင်တွေ့ဖူးခြင်း မရှိသေးတဲ့ သူတွေရော လာရောက်ကြည့်ရှုကြတာများလို့ ပြိုင်ပွဲအားပေး ကြည့်ရှုသူတွေနဲ့ စည်ကားတာဖြစ်ပါတယ်။ မြင်းစီးအားကစားဖွံ့ဖြိုးတိုးတက်ဖို့၊ ပြိုင်မြင်းကောင်းတွေနဲ့ မြင်းစီးအားကစားသမားကောင်းတွေ ပေါ်ထွက်ဖို့ရည်ရွယ်ပြီး အခုလို ဖိတ်ခေါ်မြင်းပြိုင်ပွဲကျင်းပတာ ဖြစ်တယ်။ မနက်ဖြန် ဇန်နဝါရီ ၄ ရက်နေ့ လွတ်လပ်ရေးနေ့မှာ ဗိုလ်လုပွဲကို ဆက်လက် ကျင်းပသွားဖြစ်ပါတယ်” ဟု ခရိုင်မြင်းစီးအားကစားအသင်းဥက္ကဋ္ဌ ဦးအောင်မြတ်ထွန်း က ပြောသည်။
အဆိုပါ မြင်းစီးပြိုင်ပွဲကို မြန်မာခြေ (အသားကျ)၊ မြင်းအကြီးတန်း ဒုန်းစီး၊ မြင်းအငယ်တန်း ဒုန်းစီးပြိုင်ပွဲ သုံးမျိုးခွဲခြားကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲသို့ မြို့နယ်ပေါင်းစုံရှိ မြင်းစီးကလပ် ၂၆ ခုမှ မြင်းစီးအားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိရာ မြင်းစီးအားကစားပြိုင်ပွဲအား လာရောက်ကြည့်ရှုသူ အားပေးသူများဖြင့် စည်ကားသိုက်မြိုက်လျက်ရှိကြောင်း သိရသည်။
ချမ်းသာ (မိတ္ထီလာ)