ရန်ကုန် ဧပြီ ၂
မြန်မာနိုင်ငံ ဗမာတိုင်းရင်းသား လုပ်ငန်းရှင်များအသင်း၏ ပထမအကြိမ် မြန်မာ့ရိုးရာ နှစ်သစ်ကူးသင်္ကြန်အကြိုနှင့် စျေးရောင်းပွဲတော် ၂၀၂၃ ကို ဧပြီ ၈ ရက်နှင့် ၉ ရက်တို့တွင် မြောက်ဥက္ကလာပမြို့နယ်၊ သုဓမ္မာလမ်းမ (မယ်လမုဘုရားအနီး) ရှိ မြန်မာ့လက်မှုအနုပညာစင်တာ၌ ကျင်းပမည်ဖြစ်သည်။
အဆိုပါပွဲတော်တွင် ဗမာတိုင်းရင်းသားလုပ်ငန်းရှင်များ၏ ထုတ်ကုန်များ၊ Service လုပ်ငန်းများအပြင် မိတ်ဖက်တိုင်းရင်းသားလုပ်ငန်းရှင်များ၏ ဒေသထုတ်ကုန်များကို တစ်နေရာတည်းတွင် တစ်စုတစ်ဝေးဝယ်ယူ ရရှိနိုင်မည်ဖြစ်သည်။
လုပ်ငန်းရှင်များကိုယ်တိုင် ပါဝင်ပြသကြမည်ဖြစ်သဖြင့် ချိုသာသောစျေးနှုန်းဖြင့် တိုက်ရိုက် လက်လီလက်ကား ဝယ်ယူနိုင်မည့်အပြင် ကိုယ်စားလှယ်ရယူ ဖြန့်ဖြူးလိုပါက ပိုင်ရှင်နှင့်တိုက်ရိုက် ဆွေးနွေးနိုင်မည်ဖြစ်သည်။ မြန်မာလုပ်ငန်းရှင်များ၏ ခင်းကျင်းပြသရောင်းချမည့် ထုတ်ကုန်များစွာကို လည်ပတ်ကြည့်ရှုရင်း သင်္ကြန်အကြိုပုံရိပ်များကို အတူပါဝင်ဆင်နွှဲနိုင်မည်ဖြစ်သည်။
မြန်မာ့ရိုးရာ နှစ်သစ်ကူးသင်္ကြန်အကြို စျေးရောင်းပွဲတော်ကိုဧပြီ ၈ ရက်တွင် နံနက် ၁၁ နာရီမှ ညနေ ၅ နာရီထိလည်းကောင်း၊ ဧပြီ ၉ ရက်တွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီထိလည်းကောင်း ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
မျိုးမင်းသူရ