မြန်မာ့ရိုးရာ နတ်ကိုးကွယ်ယုံကြည်မှုကို အသားပေးရိုက်ကူးထားသည့်အထက်တန်းစား ရုပ်ရှင်ကို ဩဂုတ် ၂၂ ရက်တွင် ရုံတင်ပြသမည်

၃၁  ဇူလိုင်

ဇာတ်လမ်း ရွှန်းရမီမိုး၊ ဇာတ်ညွှန်း မိုးနီလွင် ရေးသားပြီး ဒါရိုက်တာ နေပိုင် ဖန်တီးရိုက်ကူးထားသော အထက်တန်းစားဟု အမည်ရသည့် ရုပ်ရှင်ဇာတ်ကားကြီးကို ဩဂုတ် ၂၂ ရက်တွင် ရုံတင်ပြသနိုင်ရန် စီစဉ်ထားပြီး ထိုရုပ်ရှင်တွင် အကယ်ဒမီ နေတိုး၊ ညီထွဋ်ခေါင်၊ သူရိယ၊ ကောင်းဆက်၊ ဝေယံကျော်၊ အကယ်ဒမီ မြတ်ကေသီအောင်၊ စိုးမိုးကြည်၊ ပိုးအိအိခန့်နှင့် အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားကြောင်း သိရသည်။

“ဒီကားကြီးက ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ ရိုးရာကိုးကွယ်ယုံကြည်မှုတွေကို အသားပေးပြသထားတဲ့ ဇာတ်ကားပါ၊ အထက်တန်းစားဆိုတဲ့ အဓိပ္ပာယ်ကိုပြောရရင် မိရိုးဖလာနတ်ကို အကြောင်းပြုပြီး နတ်တွေနဲ့ပတ်သက်ပြီး နတ်ကတော်တစ်ဦးရဲ့ အကြောင်းကို အခြေခံပြီး ရိုက်ထားတဲ့ ကားတစ်ကားပါ၊ မြန်မာနိုင်ငံမှာ နတ်တွေနဲ့ ပတ်သက်ပြီး ဝမ်းရေးလုပ်ကိုင်စားသောက်နေကြတဲ့သူတွေ ရှိကြပါတယ်၊ သူတို့ရဲ့ ဂုဏ်သိက္ခာကိုလည်း သိစေချင်တဲ့ သဘောနဲ့ ရိုက်ကူးထားတာပါ” ဟု ကနားစီးတစ်ဦးအဖြစ် လုပ်ကိုင်နေသူ ဆရာ ဦးဝင်းလှိုင်က ပြောသည်။

ယခုဇာတ်ကားသည် ကနားစီး နတ်ကတော်တစ်ယောက်၏ ဘဝဖြတ်သန်းမှုများနှင့် ခက်ခဲကြမ်းတမ်းမှုများကို အဓိကထား ရိုက်ကူးထားခြင်းဖြစ်ပြီး နေတိုးအနေဖြင့် ပုံမှန်သရုပ်ဆောင်နေကျ ကာရိုက်တာများထဲမှ ခွဲထွက်၍ သရုပ်ဆောင်ရသော ဇာတ်ကားတစ်ကားဖြစ်သလို ဇာတ်ကားတွင် ထူးခြားမှုတစ်ခုမှာ အဓိက မင်းသမီးသရုပ်ဆောင် မပါဝင်ခြင်းဖြစ်ကြောင်း သိရသည်။

ဆိုပါဇာတ်ကားတွင် အဓိက သရုပ်ဆောင်အဖြစ် ထပ်ဆင့်အကယ်ဒမီ နေတိုးက နတ်ကတော်တစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး နေတိုးသည် ယခင်ကလည်း မာမီရှိန်း ဇာတ်ကားတွင် မိန်းမလျာဇာတ်ကောင်စရိုက်ကို ပိုင်နိုင်စွာ သရုပ်ဆောင် နိုင်သူတစ်ဦးအဖြစ် ပရိသတ် သိရှိပြီးသားဖြစ်သည်။

ကိုလင်း