မြန်မာ့ရိုးရာ ပန်းပဲလက်မှုပညာ လုပ်ငန်းတွင်ကျယ်မှုရှိသော်လည်း ပညာလက်ဆင့်ကမ်း သင်ယူလိုသူ မြိတ်မြို့တွင် ရှားပါးလာ

မြိတ် ၂၁ ဇွန်

 

မြန်မာ့ရိုးရာပန်းဆယ်မျိုးတွင် တစ်မျိုးပါဝင်သည့် သံများအား ပုံဖော်ထုလုပ်ရာတွင် အရေးပါသော ပညာရပ်ဖြစ်သည့် ပန်းပဲလက်မှုပညာလုပ်ငန်းမှာ ရှေးယခင်ကတည်းက ယနေ့အချိန်အထိ လုပ်ငန်းတွင်ကျယ်မှုရှိသော်လည်း အသက်မွေးဝမ်းကြောင်း လုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်ရန် ပညာလက်ဆင့်ကမ်း သင်ယူလိုသူများ မြိတ်မြို့တွင် ရှားပါးလာကြကြောင်း ပန်းပဲလုပ်ငန်း လုပ်ကိုင်နေသူများထံမှ သိရသည်။

 

“အပြင်လူတွေက သင်ယူမှုအားနည်းတယ်ဆိုတော့ သင်ပေးချင်ပါတယ်။ ဒါပေမယ့် မသင်လိုကြဘူး။ သူတို့ကိုယ်တိုင်က ဝါသနာပါမှ လုပ်လို့အဆင်ပြေတယ်။ ဝါသနာမပါတော့ ပင်ပန်းတယ်တွက်ပြီး ဒီအလုပ်ကို စိတ်မဝင်စားကြဘူး။ ဒီတော့ အထဲထဲက လူတွေပဲလုပ်တာများပါတယ်။ အပြင်လူတွေ သီးသန့်တော့ လာသင်တာနည်းတယ်။ လာသင်ပြန်တော့လည်း မခံဘူး။ တစ်ရက်လောက်လုပ်ကာ ပင်ပန်းတယ်ဆိုပြီး မလာကြတော့ဘူး။ မိဘလုပ်နေတယ်။ သားသမီးတွေလုပ်။ ဒီလောက်ပဲရှိပါတယ်။ အပြင်က သီးသန့်ဆို တအားရှားသွားပါပြီ။ နောက်ဆိုရင် တိမ်ကောသွားမယ်” ဟု  ခရေပွင့် ပန်းပဲဖိုမှ ပန်းပဲဆရာ ဦးအောင်သူက ပြောသည်။

 

ပန်းပဲလုပ်ငန်းလုပ်ကိုင်ရာတွင် လက်ရှိအချိန်၌ သင်ယူသူမရှိ၍ အခက်အခဲများဖြစ်လျက်ရှိကြကာ လက်ရှိ လုပ်ကိုင်နေသူများသာ လုပ်ကိုင်လျက်ရှိကြကြောင်း၊ ပန်းပဲလုပ်ငန်းကို လူငယ်များ စိတ်ဝင်စားမှု နည်းပါးလျက်ရှိပြီး လက်မှုပညာလုပ်ငန်းဖြစ်သည့်အတွက် အားစိုက်လုပ်ရကြောင်း၊ ပန်းပဲလုပ်ငန်းအား သင်ယူပါက အနည်းဆုံး ခြောက်လခန့်ကြာမှ လုပ်ငန်းသဘာဝကို နားလည်သဘောပေါက်ကြောင်း၊ သင်ယူသူတစ်ဦးကို ပုံမှန်လုပ်ပါက လစာအနေဖြင့် တစ်လ(၁)သိန်း ရရှိနိုင်မည်ဖြစ်ပြီး လုပ်ငန်းကျွမ်းကျင်လာပါက တရက်လျှင် အနည်းဆုံး ကျပ် ၄၀ဝ၀ မှ အများဆုံး ကျပ် ၁၀ဝ၀ဝ အထိ ရရှိနိုင်ကြောင်း ပန်းပဲလုပ်ငန်း လုပ်ကိုင်နေသူတချို့ထံမှ သိရသည်။

 

“Ready Made တွေ ထွက်လာလို့ ပန်းပဲလုပ်ငန်းက အလုပ်နည်းနည်းပါးသွားပါတယ်။ ဒါပေမယ့် စိတ်ကြိုက်သုံးချင်တဲ့သူတွေကြတော့ ပန်းပဲ ပဲလာအပ်တယ်။ ပန်းပဲဖိုအသစ်ထပ်တိုးတာတော့ သိပ်မရှိဘူး။ ပန်းပဲအလုပ်က နည်းနည်းပင်ပန်းတော့ ပညာသင်သမားတွေ အရင်ခေတ်က လောက်မရှိဘူး။ နည်းပါတယ်။ အခြေကျပြီးသား လုပ်ငန်းကိုဘဲ ထိန်းသိမ်းပြီး လုပ်နေရပါတယ်။ တိုးတက်အောင်လုပ်ချင်တယ်။ အရင်းအနှီးကို အစိုးရမှ ပံ့ပိုးမှုရှိမယ်။ ပစ္စည်းထုတ်လုပ်မှုအပိုင်းက ဖြန့်ချိနိုင်မယ်ဆိုရင်တော့ တွင်တွင်ကျယ်ကျယ် လုပ်နိုင်မှာပါ” ဟု ကြယ်လေးလုံးပန်းပဲဖို မှ ပန်းပဲဆရာ ဦးသန်းနိုင်က ပြောသည်။

 

ပန်းပဲပညာလုပ်ငန်းတွင် အိမ်သုံးဓား၊ တောင်ယာခုတ်ဓားများ၊ ပုဆိန်များ၊ ဗိသုကာသုံးပစ္စည်းများ၊ လယ်ယာလုပ်ငန်းခွင်သုံး ပေါက်တူး၊ ပေါက်ချွန်၊ ပေါက်ပြားများ စသည့် အရွယ်အစား၊ အမျိုးအစား အမျိုးမျိုးနှင့် အရောင်းဆိုင်များမှ မှာယူသည့် ဓားအမျိုးမျိုး၊ ပုဆိန်အမျိုးမျိုး ထုတ်လုပ်လျက်ရှိကြပြီး လုပ်ငန်းသုံးပစ္စည်းများ လာရောက်မှာယူသူများ၏စိတ်ကြိုက် ပစ္စည်းများ ဆောင်ရွက်ပေးလျက်ရှိကြသည်။ လက်ရှိအချိန်တွင် လုပ်ငန်းသုံး ပုဆိန်များ၊ ဓားများကို အဓိက လုပ်ကိုင်နေရကြောင်း ပန်းပဲလုပ်ငန်း လုပ်ကိုင်နေသူများထံမှ သိရသည်။

 

“တစ်ရက်ဝင်ငွေက မိသားစု စားဖို့လောက်ပါတယ်။ အရင်းအနှီးမရှိတော့ ပိုလျှံမရှိဖြစ်နေပါတယ်။ ဒီနေ့လုပ် ဒီနေ့ပို့ ဒီနေ့စား။ ချေးငွေတွေရလိုက်မယ်။ အရင်းအနှီးရှိသွားမယ်ဆိုရင် ပိုပြီးအဆင်ပြေသွားမှာပါ။ လုပ်လာတဲ့သက်တမ်းက သက်တမ်း(၂၀)ကျော်ပါပြီ။ အရင်လုပ်ငန်းထက် အခုလုပ်ငန်းကနည်းနည်း တွင်ကျယ်လာပါတယ်။ လုပ်ရကိုင်ရလည်း လျှပ်စစ်မီးရှိလာတော့ လုပ်ငန်းပိုပြီး လွယ်ကူလာပါတယ်” ဟု ထွန်းမျက်လုံး ပန်းပဲဖိုမှ ပန်းပဲဆရာ ဦးသန်းထွန်းက ပြောသည်။

 

မိရိုးဖလာလုပ်ငန်းတစ်ခုအဖြစ် နှစ်ပေါင်းများစွာ လုပ်ကိုင်လာကြသည့် ပန်းပဲလုပ်ငန်းလုပ်ကိုင်သူများက ယခင်က အပင်ပန်းခံပြီးလုပ်ခဲ့ရ၍ လက်ရှိအချိန်တွင် (၂၄)နာရီ မီးရရှိသဖြင့် ယခင်က ဆွဲမီးဖို၊ လက်မွေ့ မီးဖိုများသုံးခဲ့ရပြီး ယခုလျှပ်စစ်မော်တာအသုံးပြုလာကြ၍ သက်သာလာကြောင်း၊ နောက်ပိုင်းလူငယ်များ ပန်းပဲလုပ်ငန်း လုပ်ကိုင်ရာတွင် စက်မှုလက်မှုထွန်းကားလာဖြင့် ပိုမိုလွယ်ကူလာပြီး ယခင်က တစ်ရက်တွင် ဓား(၁၀)လက် ပြီးစီးအောင် ကြိုးစားဆောင်ရွက်ခဲ့ရကာ လက်ရှိအချိန်တွင် ဓားအလက်(၃၀)ပြီးစီးနိုင်ရာ လုပ်ငန်းပိုမိုတွင်ကျယ်လာကြကြောင်း သိရသည်။

 

“မိဘလက်ထက်ကတည်းက နှစ်ပေါင်းများစွာလုပ်လာပါတယ်။ အရင်တုန်းကပင်ပန်းခံပြီး လုပ်ရပါတယ်။ အရင်တုန်းကထက် ပန်းပဲဖိုတွေက တိုးလာပါတယ်။ လူငယ်ပိုင်းတွေက ထွင်ပြီးလုပ်လာကြတယ်။ အရင်ကထက် ပစ္စည်းအရောင်းအဝယ်နှုန်းက တွင်ကျယ်လာပါတယ်။ အသုံးပြုသူတွေလည်း များလာပါတယ်” ဟု အများသိ ပန်းပဲဖိုမှ အသက်(၅၃)နှစ် အရွယ်ရှိ ပန်းပဲဆရာ ဦးနောင်ပိန်က ပြောသည်။

 

မြိတ်မြို့တွင် မိရိုးဖလာ တပိုင်တနိုင်လုပ်ငန်းအဖြစ်သာ လုပ်ကိုင်လျက်ရှိကြရာ လက်ရှိအချိန်တွင် ပန်းပဲလုပ်ငန်း (၂၀)ခန့်ရှိပြီး စက်မှုထွန်းကားလာ၍ လုပ်ငန်းပိုမိုလွယ်ကူကာ တွင်ကျယ်လာကြသော်လည်း အသက်မွေးဝမ်းကြောင်း လုပ်ငန်းတစ်ခုအဖြစ် ဝင်ရောက်လုပ်ကိုင်သူနည်းပါးလာပြီး သင်ယူသူများရှိလာပါက တိမ်ကောပျောက်ကွယ်မှုမရှိဘဲ လက်ဆင့်ကမ်းသင်ယူသူ ရှားပါးလာပါက နောက်ပိုင်းတွင် ပျောက်ကွယ်သွားနိုင်ကြောင်း သိရသည်။

 

ခိုင်ထူး (မြိတ် ပြန်/ဆက်)