တံတားဦး၊ ၁၄  ဒီဇင်ဘာ

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် ဘလဲ့ဘကျေးရွာတွင် တစ်နှစ်ပတ်လုံး ထန်းလျှော်တောင်း ရက်လုပ်ရောင်းချလျက်ရှိရာ လက်ရှိကာလတွင် ထန်းလျှော် တောင်းစျေးကွက် ကျဆင်းနေသည့်အတွက် အကျိုးအမြတ်နည်းနေကြောင်း သိရသည်။

 ယခုနှစ်တွင် ထန်းလျော်တစ်ရာလျှင်ငွေကျပ် ၅ဝဝဝ ပေးရသည်။ ထန်းလျှော်ကောင်းပါက ထန်းလျှော်တစ်ရာ ငွေကျပ် ၅ဝဝဝ ကျော်၊ ၆ဝဝဝ အထိ ပေးရပြီး ထန်းလျှော်ကောင်းခြင်း မကောင်းခြင်းပေါ်မူတည်ကာ စျေးနှုန်းအနိမ့်အမြင့်ရှိကြောင်း သိရသည်။ ထန်းလျှော်စျေးနှုန်းမြင့်ပြီး ထန်းလျှော်တောင်း စျေးနှုန်းကျဆင်းသည့်အတွက် အကျိုးအမြတ် ရရှိမှုနည်းပါးကာ နေ့တွက်ရရှိအောင်သာ ပြုလုပ်နေကြရသည်။

 ထန်းလျှော်တောင်းစျေးကွက်မှာ ပြာသို၊ တပို့တွဲ၊ တပေါင်း၊ တန်ခူး၊ ကဆုန်လအထိ ငါးလသာ စျေးကွက်ကောင်းပြီး ကျန်သည့် လများတွင် ထန်းလျှော်တောင်းစျေးကွက် ကျဆင်းသွားလေ့ရှိသည်။ အထူးသဖြင့် သရက်သီးပေါ်ချိန်တွင် ထန်းလျှော်တောင်းစျေးကွက် ကောင်းမွန်လေ့ရှိသည်။ တစ်တင်းခွဲဝင်တောင်းတစ်တောင်းလျှင် ငွေကျပ် ၂ဝဝဝ ဖြင့် ဖောက်သည်သွင်းကြရသည်။ ထန်းလျော်တောင်း အသေးအကြီးပေါ်မူတည်ကာ စျေးနှုန်းအမျိုးမျိုးကွဲပြားသည်။ထန်းလျှော် တောင်းများ တစ်နှစ်ပတ်လုံးရက်လုပ်နိုင်ရန်အတွက် ငွေကျပ် ၃၅ သိန်းကျော် ရင်းနှီးမြှုပ်နှံကာ ထန်းလျှော်များဝယ်ယူစုဆောင်းထား ကြရသည်။ အများအားဖြင့် တစ်ပိုင်တစ်နိုင်မိသားစုလုပ်ငန်းအဖြစ် လုပ်ကိုင်ကြပြီး လက်ခစားရက်သူများလည်းရှိသည်။ လူတစ်ဦးလျှင် တစ်နေ့ ထန်းလျှော်တောင်း ၁ဝ တောင်းအထိပြီးကြောင်း လက်ခ စားရက်လုပ်သူများမှာ တောင်းတစ်လုံးလျှင် ငွေကျပ် ၅ဝဝ ရရှိကြောင်း သိရသည်။

တိမ်တမန်