ရန်ကုန်၊ ဧပြီ ၁၃

မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်အဖွဲ့နှင့် စိမ်းလန်းစိုပြည် ဂါးဒင်းတို့ ပူးပေါင်းကျင်းပသည့် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်နှင့် ဇီဝိတဒါန ငါးလွှတ်ပွဲ အခမ်းအနားကို ယနေ့ညပိုင်းတွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် အင်းလျားကန်အနီးရှိ စိမ်းလန်းစိုပြည် ဥယျာဉ်အတွင်း၌ ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၏ ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၏ ဇနီးများ၊ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (MCHT) မှ ဒေါ်စန္ဒာခင်နှင့် အဖွဲ့ဝင်များ၊ စိမ်းလန်းစိုပြည် ဂါးဒင်းမှ တာဝန်ရှိသူများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသူများနှင့် သင်္ကြန်ချစ်သူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (MCHT) မှ ဒေါ်စန္ဒာခင်က နှုတ်ခွန်းဆက်စကားပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဇနီးနှင့် တက်ရောက်လာကြသူများသည် အနုပညာရှင် ပျိုဖြူကလေးများ၏ ယိမ်းအကဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေး ကြပြီး အလှူရှင်များ စုပေါင်းလှူဒါန်းထားသော ငါးကျည်း၊ ငါးခူအစရှိသော ငါးကောင်ရေ ၂၀၀၀ ကျော်ကို အင်းလျားကန်အတွင်း ဇီဝိတဒါန အနေဖြင့် လွှတ်ပေးကြသည်။

 

mdn

 

ယင်းနောက် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်သို့ တက်ရောက်လာကြသူများက စုပေါင်းမုန့်လုံးရေပေါ်လုံးခြင်း၊ စတုဒိသာများ အတူတကွသုံးဆောင်ခြင်းနှင့် အဆိုအကများဖြင့် ဖျော်ဖြေကြပြီး ဧည့်သည်တော်များက အဆို၊ အက၊ ယိမ်းများတွင် ပါဝင်ဆင်နွှဲကြကာ ရေပက် ကစားကြသည်။

ယခု မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတွင် အလှူရှင်များ၊ ဂေါက်သီးရိုက် မိတ်ဆွေအဖွဲ့များ၊ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့နှင့် စိမ်းလန်းစိုပြည် ဂါးဒင်းတို့ က စတုဒိသာကျွေးမွေးခြင်းနှင့် ဇီဝိတဒါန ငါးလွှတ်ခြင်းတို့ကို ကုသိုလ် ပါဝင်ကြကြောင်း သိရသည်။

သတင်စဉ်