ကော့သောင်း ၂၂ ဒီဇင်ဘာ
ဒီဇင်ဘာ အားကစားလ အထိမ်းအမှတ်အဖြစ် မြန်မာ့ရိုးရာခြင်းလုံးအလှခတ် စွမ်းရည်သရုပ်ပြပွဲကို ဒီဇင်ဘာ ၂၁ ရက် ည ၇ နာရီက ကော့သောင်းမြို့ ကော့သောင်း ဟိုတယ်အနီးတွင် ကျင်းပခဲ့သည်။
အဆိုပါ မြန်မာ့ရိုးရာခြင်းလုံးအလှခတ် စွမ်းရည်သရုပ်ပြပွဲတွင် မြန်မာ့ရိုးရာ ခြင်းလုံးအကျော်အမော် ကျွန်းဆွယ် ရွှေတံဆိပ်ဆုရှင် ခေတ္တရာအောင်အောင်၏ အလှခတ် စွမ်းရည်သရုပ်ပြကွက်များဖြစ်သည့် ခြင်းကြီး(၁၀)မျိုး၊ ခြင်းလတ်(၁၀)မျိုးနှင့် လက်ရွေးစင်ခြင်း(၁၀)မျိုး စသည့် ခြင်းပေါက်များကို တိုင်းလက်ရွေးစင်၊ ခရိုင်နှင့် မြို့နယ်လက်ရွေးစင် ခြင်းလုံးအားကစား သမားများဖြင့် တွဲဖက်စွမ်းရည်ပြသခဲ့သည်။
အဆိုပါခြင်းအလှခတ်ပြပွဲအား ရိုးရာခြင်းလုံးခတ်ကစားနည်းကို လူငယ်လူရွယ်ထုအတွင်း ပျံ့နှံ့ထွန်းကားလာရေး၊ မြန်မာ့ရိုးရာ ခြင်းလုံးခတ်ကစားခြင်းအား ကမ္ဘာ့နိုင်ငံအသီးသီးမှ စိတ်ပါဝင်စားကာ ကမ္ဘာအဆင့်ပြိုင်ပွဲများတွင် မြန်မာမှစတင်ခဲ့သည့် အားကစားနည်းတစ်ရပ် ခန့်ညားထည်ဝါစွာ ရပ်တည်နိုင်ရေး စသည့်ရည်ရွယ်ချက်များဖြင့် ကော့သောင်းမြို့နယ် မြန်မာ့ရိုးရာ ခြင်းလုံးဆပ်ကော်မတီမှ စီစဉ်ကျင်းပခြင်း ဖြစ်သည်။
ခြင်းအလှခတ်ပြပွဲတွင် မြို့ခံခြင်းလုံးခတ် အသင်းများမှ အသင်းအဖွဲ့လိုက် ဝင်ရောက်အလှခတ်သရုပ်ပြခဲ့ပြီး ဌာနဆိုင်ရာများ၊ မြို့နယ်အတွင်းရှိ ရိုးရာခြင်းလုံး ဝါသနာရှင်များ၊ မြို့ခံပြည်သူများ ကြည့်ရှုအားပေးခဲ့သည်။
ကျော်စိုး (ကော့သောင်း)