မန္တလေး  ၁၀  ဇန်နဝါရီ 

မန္တလေးမြို့ရှိ မဟာမုနိဘုရားတွင် မြန်မာ့ရိုးရာလက်မှုပညာရပ်ဖြင့် ရွှေမိုက်ထုတ်ယူသည့် လုပ်ငန်း ဆောင်ရွက်မှုအား ပြည်တွင်း၊ ပြည်ပခရီးသွားများ ကြည့်ရှုလေ့လာနိုင်စေရန် ပထမဆုံးအကြိမ်အဖြစ် projector များမှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ပြသပေးသွားမည်ဖြစ်ကြောင်း မိုက်သူကြီးဦးအောင်မိုးက ပြောကြားသည်။

 

1

 

အဆိုပါတိုက်ရိုက်ထုတ်လွှင့်ပြသပေးမှုအား မဟာမုနိဘုရားကြီး၏ အကြိမ်(၇၀)မြောက် ရွှေမိုက်ထုတ် လုပ်ငန်းမှစတင်၍ ပထမဆုံးအကြိမ်အဖြစ် ပြသခြင်းဖြစ်ပြီး လုပ်ငန်းဆောင်ရွက်မှုအား ပွင့်လင်းမြင်သာမှု ရှိစေရန်နှင့် မြန်မာ့ရိုးရာလက်မှုပညာရပ်အား နိုင်ငံတကာမှ လာရောက်ကြသည့် ခရီးသွားများ မြင်တွေ့သိရှိစေရန် ရည်ရွယ်၍ ပြသခြင်းဖြစ်ပြီး ၎င်းတိုက်ရိုက်ထုတ်လွှင်မှုအား လုပ်ငန်းအဆင့် ၃ အဖြစ် ရွှေထုတ်ယူခြင်းလုပ်ငန်းဆောင်ရွက်မည့် ဖေဖော်ဝါရီလ နောက်ဆုံးအပတ်အတွင်း ထုတ်လွှင့်ပြသမည်ဖြစ်ကာ လက်ရှိတွင် ဖေဖော်ဝါရီ ၆ ရက်မှစ၍ လုပ်ငန်းအဆင့် ၁ ကို စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။

''ရွှေမိုက်ထုတ်တဲ့လုပ်ငန်းကို အဆင့် ငါးဆင့်နဲ့ တစ်လခန့်ကြာအောင် စနစ်တကျနဲ့ ထုတ်လုပ်ရပါတယ်။ လုပ်ငန်း လုပ်နေတဲ့ နေရာကို တာဝန်ရှိသူမှအပ ဝင်လို့မရတဲ့အတွက် ကျွန်တော်တို့ရဲ့ လုပ်ဆောင်နေမှုကို ပြည်သူတွေဆီကို ပွင့်လင်းမြင်သာစွာ ချပြနိုင်အောင် လုပ်ငန်းအဆင့် ၃ ဖြစ်တဲ့ တကယ်ရွှေထုတ်ယူတဲ့ လုပ်ငန်းဆောင်ရွက်နေတဲ့ ကာလမှာ နေ့စဉ် ဘုရားကြီးမှာ projector သုံးလုံးနဲ့ တိုက်ရိုက်ထုတ်လွှင့်ပေးမှာပါ။ ဒါအပြင် ကျွန်တော်တို့ရဲ့ ရှေးဟောင်းလက်မှု ပညာရပ်ကို ကမ္ဘာက သိအောင် ဖော်ထုတ်ပေးချင်တဲ့ ရည်ရွယ်ချက်လည်းပါတယ် ''ဟု ၎င်းက ပြောသည်။

မဟာမုနိဘုရားကြီးအား ရွှေင်္ကန်း ဆက်ကပ်လှူဒါန်းရာမှ အလေအလွင့်အဖြစ် ကျန်ရှိသည့် ရွှေလှောင် စက္ကူ၊ ဖိဂွမ်း၊ ကောဇော၊ သစ်စေးလုံး၊ လက်သုတ်ပုဝါများမှ တစ်နှစ်ပတ်လုံးစနစ်တကျ စုဆောင်းကာ နှစ်စဉ်ဖေဖော်ဝါရီလတွင် ရွှေမိုက်အဖြစ်ထုတ်ယူပြီး ရရှိလာသော ရွှေစင်ရွှေပြားများကို မဟာမုနိဘုရား ကိန်းဝပ်စံပယ်ရာ ကျောင်းတော်ကြီး ရွှေချရာတွင်လည်းကောင်း၊ ကျောင်းတော်ကြီး အတွင်းပိုင်းရှိ မျက်နှာကြက်များ ရွှေချရာတွင် လည်းကောင်း ပြန်လည်အသုံးပြုကြောင်း မဟာမုနိဘုရား ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလင်းက ပြောသည်။

မန္တလေး မဟာမုနိဘုရားမှ ရွှေမိုက်ထုတ်ယူရာတွင် ၂၀၁၅ ခုနှစ်၌ ရွှေပိဿာချိန် ၆ ပိဿာ ၅၀ ကျပ်သား၊ ၂၀၁၆ ခုနှစ်တွင် ရွှေ ၇ ပိဿာကျော်၊ ၂၀၁၇ ခုနှစ်တွင် ရွှေချိန် ၇ ပိဿာခန့်၊ ၂၀၁၈ ခုနှစ်တွင် ရွှေ ၁၆ ပိဿာကျော် ရရှိခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ရွှေ ၇ ပိဿာကျော် ရရှိခဲ့ကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)