ရန်ကုန်  ၁၇  သြဂုတ်   


ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်က ကြီးမှူးပြီး Myanmar Martial Arts Group က စီစဉ်ကျင်းပသည့် စတုတ္တအကြိမ် မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကြီးကို သြဂုတ် ၁၈ ရက် မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူရိုးရာလက်ဝှေ့ အားကစားရုံ၌ ကျင်းပမည်ဖြစ်သည်။ 


ပြိုင်ပွဲတွင် ရွှေခါးပတ်ဆုချီးမြှင့်မည့် ပွဲစဉ်တွဲဆိုင်း စုစုပေါင်းခြောက်ဆိုင်း ထည့်သွင်းထားသည်။ ၈၀ ကီလိုတန်းပြိုင်ပွဲတွင် မြန်မာပြည်ချန်ပီယံ ထွန်းထွန်းမင်းနှင့် ရုရှားမွေထိုင်းချန်ပီယံ မီးခေးလ်ဖက် ထရီလာ (ရုရှား)၊ ၇၅ ကီလိုတန်းပြိုင်ပွဲတွင် ပထမတန်း လက်ဝှေ့ချန်ပီယံ တူးတူးနှင့် ဘရာဇီး မွေထိုင်းချန်ပီယံ ဖာဘီရိုဗရာရီ၊ ၆၇ ကီလိုတန်းပြိုင်ပွဲတွင် ရန်နိုင်ထွန်း (မြန်မာ)နှင့် တောင်ပစိဖိတ် ကစ်ဘောက်ဆင်ချန်ပီယံ ကိန်းကော်လန် (နယူးဇီလန်)၊ ၆၃ ကီလိုတန်းပြိုင်ပွဲတွင် ၂၀၁၉ ရွှေခါးပတ်ချန်ပီယံ ဗျဂ္ဃ(မြန်မာ) နှင့် ရိုးရာလက်ဝှေ့ ဂျပန်ရွှေတံဆိပ်ဆုရှင် ဟီဂါရှိ (ဂျပန်)၊ ၆၁ ကီလိုတန်းတွင် သုံးထပ်ကွမ်း ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံ ရဲသွေးနီနှင့် အီရန် k1 ချန်ပီယံ ဘာဘတ်(အီရန်)တို့ ယှဉ်ပြိုင်ထိုးသတ်ကာ ရွှေခါးပတ်လုကြမည်ဖြစ်ပြီး အမျိုးသမီးအထူးစိန်ခေါ်ပွဲတွင် မြန်မာနိုင်ငံ အမျိုးသမီးချန်ပီယံ ဘရော်နီကာနှင့် မွေထိုင်းကမ္ဘာ့ချန်ပီယံ စောစင်ဆွာဆိုပစ် (ထိုင်း) တို့ ငါးချီစိန်ခေါ်ပွဲအနေဖြင့် ကမ္ဘာ့ချန်ပီယံ ရွှေခါးပတ်လု ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်သည်။ ယင်းပြိုင်ပွဲနှင့်အတူ မျိုးဆက်သစ် အထူးလေးချီ စိန်ခေါ်ပွဲကိုလည်း ထည့်သွင်းထားရာ ငွေနန်းတော် (ကျားဖြူ)နှင့် နိုင်းဝမ်း(ခြင်္သေ့မင်း) တို့ ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်ကြောင်း သိရသည်။ 


    
ပြိုင်ပွဲနှင့်ပတ်သက်၍ မြန်မာပြည်ချန်ပီယံ ထွန်းထွန်းမင်းက “ဒီပွဲအတွက် ကျွန်တော် အကောင်းဆုံး ပြင်ဆင်ထားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီပွဲမှာ ရွှေခါးပတ်ရအောင်တော့ ကြိုးစားယှဉ်ပြိုင် ထိုးသတ်သွားမှာပါ။ အရင် ဒဏ်ရာရထားတဲ့ ဒူးကလည်း အခုဆိုတော်တော်ကလေး ကောင်းနေပါပြီ။ လေ့ကျင့်မှုလည်း အကောင်းဆုံး အနေအထားမှာ ရှိနေပါတယ်။ ဒီပြိုင်ပွဲပြီးရင်လည်း နောက်ထပ်မြန်မာနိုင်ငံ ချန်ပီယံခါးပတ် ပြန်လည်ယှဉ်ပြိုင် ထိုးသတ်သွားဖို့ ရှိပါတယ်။ ဒါကြောင့် ဒီပြိုင်ပွဲမှာ အကောင်းဆုံး ယှဉ်ပြိုင်ထိုးသတ်သွားမှာပါ” ဟု ပြောကြားသည်။ 


အဆိုပါ ပြိုင်ပွဲနှင့်ပတ်သက်၍ ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ Central Hotel ၌ သတင်း ဆေးစစ်ဝိတ်ချိန်နှင့် မီဒီယာများအား စာနယ်ဇင်းရှင်းလင်းပွဲ ကျင်းပရာ မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသိန်းအောင်၊ ဒုတိယဥက္ကဋ္ဌ ဦးဝင်းဇင်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ထိုင်ဝမ်နိုင်ငံမှ မစ္စတာ လီချိုင်းဂျန်အား ဥက္ကဋ္ဌ ဦးသိန်းအောင်က ထိုင်ဝမ်ပွဲအတွက် လိုင်စင်ပေးအပ်ခဲ့သည်။ 


ယနေ့ ယှဉ်ပြိုင်ထိုးသတ်မည့် စတုတ္တအကြိမ် မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံ ပြိုင်ပွဲကြီးကို စကိုင်းနက်မှလည်း တိုက်ရိုက်ထုတ်လွှင့် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ 


မောင်စိန်လွင်(မြန်မာ့အလင်း)၊ ဓာတ်ပုံ- မင်းထက်