မန္တလေး ၉ ဖေဖော်ဝါရီ
မြန်မာလက်ခမောင်းကုမ္ပဏီက စီစဉ်ကျင်းပသည့် မြန်မာ့ရိုးရာလက်ဝှေ့ (WLC) World Lethwei Championship Mighty Warriors ကမ္ဘာ့လက်ဝှေ့ ချန်ပီယံရှစ်ပြိုင်ပွဲကြီးကို ဖေဖော်ဝါရီလ ၂၂ ရက် ညနေ ၅ နာရီခွဲတွင် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ မန္တလာသီရိ အားကစားရုံ Mandalay - Mandalar Thiri Indoor Stadium တွင် ကျင်းပမည်ဖြစ်သည်။
ပါဝင်မည့် တွဲဆိုင်းများမှာ ၆၀ ကီလိုမှ ၆၃.၅ ကီလိုဝိတ်တန်း (Light Welterweight) တွင် စောထူးအောင် (မြန်မာ) နှင့် အန်တိုနီယို ဖာရီရာ (ပေါ်တူဂီ) (Antonio Faria) တို့ ထိုးသတ်မည်ဖြစ်ပြီး အဓိက တွဲဆိုင်း ဖြစ်သည်။ ၆၇ ကီလိုမှ ၇၁ ကီလိုထိ (Light Middleweight) တန်းတွင် ရွှေရာမာန် (မြန်မာ) နှင့် ဆာရှာမိုစီရာ (Sasha Moisa) (ယူကရိန်း)တို့ဖြစ်ပြီး ၆၃.၅ ကီလိုမှ ၆၇ ကီလိုထိ (Welterweight) ဝိတ်တန်းတွင် ရန်နိုင်ထွန်း (မြန်မာ) နှင့် စောဘဦး (မြန်မာ) တို့ဖြစ်သည်။
၅၇ ကီလိုမှ ၆၀ ကီလိုဝိတ်တန်းထိ (Light Weight) တန်းတွင် Pich Mtes Khmang (ကမ္ဘောဒီးယား) နှင့် Nguyen Tran Duy Nhat (ဗီယက်နမ်)တို့ဖြစ်ပြီး ၅၇ ကီလိုမှ ၆၀ ကီလိုထိ (Light Weight) တန်းတွင် ဒေါင်းဖြူ (မြန်မာ) နှင့် ထူးနေသူ (မြန်မာ)၊ ၆၀ ကီလိုမှ ၆၃.၅ ကီလိုထိ (Light Welterweight) တန်းတွင် စောမင်းမင်း (မြန်မာ) နှင့် စောဒါဝိတ် (မြန်မာ)၊ ၅၇ ကီလိုမှ ၆၀ ကီလိုတန်းထိ (Light Weight) တန်းတွင် စောသားငယ် (မြန်မာ) နှင့် ထွန်းမင်းနိုင် (မြန်မာ) တို့ဖြစ်သည်။
ရုံဝင်လက်မှတ်တန်ဖိုးမှာ ၅ သောင်းကျပ်၊ ၃ သောင်းကျပ်နှင့် ၅ ထောင်ကျပ်တို့ဖြစ်သည်ဟု သိရှိ ရသည်။ ကြိုတင်လက်မှတ်များကို ဝ၉-၂၀ဝ၅၁၁၀၊ ဝ၉-၅၁၂၃၁၅၅၊ ဝ၉-၇၆၅၁၅၁၅၀၁၊ ဝ၉-၂၅၈၄၅၇၄၂၄ တို့သို့ ဆက်သွယ်ဝယ်ယူနိုင်သည်ဟု သိရှိရသည်။ အဆိုပါပွဲကို CANAL+ နှင့် UFC (Fight Pass) တို့မှ တိုက်ရိုက်ထုတ်လွှင့်မည်ဟု ပွဲတာဝန်ခံ ဦးအောင်သူမှ ပြောပြ၍ သိရှိရသည်။
ယခုကဲ့သို့ ပွဲကြီးပွဲကောင်းမျိုး မန္တလေးတွင် ကျင်းပသည်မှာ ဂုဏ်ယူဖွယ်ကောင်းကြောင်း မန္တလေးသူ/မန္တလေးသားများက ပြောကြားပြီး ဝါသနာတူ လက်ဝှေ့ဝါသနာအိုးများ စောင့်ကြည့်ရမည့်ပွဲဖြစ်သည်ဟု သိရှိရသည်။
ခင်ခင်ဝင်း (ပညာရေး)