မြန်မာ့ရိုးရာမဟာသင်္ကြန် (အတက်နေ့)တွင် နေပြည်တော်၌  အေးချမ်း ပျော်ရွှင်စွာ ရေကစား

နေပြည်တော် ၁၆ ဧပြီ

 

ယနေ့ မြန်မာရိုးရာမဟာသင်္ကြန် အတက်နေ့တွင် အနယ်နယ်အရပ်ရပ်ရှိ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများမှာ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို အေးချမ်းပျော်ရွှင်စွာ ရေကစား၍ နှစ်သစ်ကို  ဖြတ်သန်းကြသည်။

 

နေပြည်တော်ကောင်စီနယ်မြေရှိ ရေကစားမဏ္ဍပ်များတွင်လည်း ရေကစားကြသူများ၊ စတုဒီသာ အကျွေးအမွေးများ၊ သင်္ကြန်ချစ်သူများဖြင့် စည်ကားခဲ့ပြီး ဘုရားကျောင်းကန်များတွင် ကောင်းမှုကုသိုလ် ပြုကြသူများလည်း များပြားခဲ့သည်။

 

နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်တွင် ယနေ့နံနက်ပိုင်းမှစတင်၍ တေးသံရှင်များက တေးသီချင်းများဖြင့် လည်းကောင်း၊ ယိမ်းအဖွဲ့များက ယိမ်းအကအလှများဖြင့် လည်းကောင်း ဖျော်ဖြေခဲ့ကြပြီး ရေပက်ခံကားများ၊ ရေကစားကြသူများဖြင့် စည်ကားခဲ့သည့်အပြင် စတုဒီသာမဏ္ဍပ်တွင်လည်း လာရောက် ရေပက်ကစားကြသူများအား အကျွေးအမွေးများဖြင့် ဧည့်ခံခဲ့သည်။

 

1

 

နိုင်ငံကျော်အနုပညာရှင်များနှင့် တေးသံရှင်များ ဖျော်ဖြေလျက်ရှိသည့် ရွှေသံလွင် ကုမ္ပဏီမိသားစု Sky Net မြန်မာ့ရိုးရာ ရေကစားမဏ္ဍပ်တွင် ပျော်ရွှင်စွာ ရေကစားကြသူများဖြင့် အထူးစည်ကားခဲ့ပြီး စတုဒီသာမဏ္ဍပ်တွင်လည်း လာရောက်စားသုံးကြသူများ များပြားခဲ့သည်။

 

ယခုနှစ်တွင် ဒုတိယအကြိမ်အဖြစ် ကျင်းပခဲ့သည့် ပျဉ်းမနားမြို့လမ်းလျှောက် သင်္ကြန်၌ အတက်နေ့ဖြစ်သည့်အတွက် ယခင်ရက်များထက်ပိုပြီး နံနက်ပိုင်းမှစ၍ နေပြည်တော်နှင့် ပျဉ်းမနားမြို့ အပါအဝင် အနီးပတ်ဝန်းကျင်ဒေသများမှ လာရောက် လည်ပတ်ကြသူများ၊ အေးချမ်းစွာ လမ်းလျှောက်၍ ရေပက်ခံကြသူများက ပျော်ရွှင်စွာ ရေလောင်းရေပက်ကစား၍ မြန်မာ့ရိုးရာ အတာသင်္ကြန်ကို ဆင်နွှဲခဲ့ကြသည်။

 

ထို့ပြင် လှေခွင်းတောင် ကမ်းခြေအပန်းဖြေစခန်း၊ နေပြည်တော် အမျိုးသားအထိမ်းအမှတ်ဥယျာဉ်၊ ရေပန်းဥယျာဉ်၊ နေပြည်တော်ဆာဖာရီ ဥယျာဉ်နှင့် နေပြည်တော် တိရစ္ဆာန်ဥယျာဉ်တို့တွင် လာရောက်လည်ပတ် အနားယူ အပန်းဖြေကြသည့် မိသားစုများ၊ ပြည်သူများဖြင့် များပြားခဲ့သည်။

 

အလားတူ နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ တပ်ကုန်း၊ လယ်ဝေး၊ ဇမ္ဗူသီရိ၊ ဥတ္တရသီရိ၊ ဒက္ခိဏသီရိ၊ ဇေယျာသီရိနှင့် ပုဗ္ဗသီရိမြို့နယ်များရှိ ရေကစားမဏ္ဍပ်များ၊ မိသားစုမဏ္ဍပ်များနှင့် စတုဒီသာမဏ္ဍပ်များတွင် သင်္ကြန်ချစ်သူ ပြည်သူများက ပျော်ရွှင်စွာ ရေကစားခြင်း၊ အလှူဒါနပြုလုပ်ခြင်းများဖြင့် စည်ကားခဲ့သည်။

 

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဥပ္ပါတသန္တိစေတီတော်၊ ဓာတုဇယ ဓာတ်ပေါင်းစုစေတီတော်၊ ကိုးခမ်းကြီးဘုရား၊ ဆုတောင်းပြည့် လောကမာရဇိန် စေတီတော်ကြီး စသည့် ဘုရားကျောင်းကန်များနှင့် တရားစခန်းများတွင် ကုသိုလ်ပြုကြသူများ၊ တရားဘာဝနာပွားများကြသူများလည်း များပြားခဲ့သည်။

 

ထို့သို့ မဟာသင်္ကြန်ကာလအတွင်း ပြည်သူများ အေးချမ်းပျော်ရွှင်စွာဖြင့် ဘေးအန္တရာယ် ကင်းရှင်းစွာ ရေကစားနိုင်ကြစေရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေဖြင့် တုတ်၊ ဓား၊ လက်နက်များ ကိုင်ဆောင်ခြင်းမရှိစေရန် စစ်ဆေးခြင်း၊ ယာဉ်ကြောပိတ်ဆို့မှု မရှိစေရေးအတွက် ယာဉ်ကြောရှင်းလင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အပန်းဖြေကမ်းခြေ စခန်းများတွင် လာရောက် အပန်းဖြေကြသူများ အသက်အန္တရာယ် ဆုံးရှုံးမှု မရှိစေရေးအတွက်  မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့ဝင်များက သတိပေးနှိုးဆော်ခြင်းများနှင့် လှည့်ကင်းများဖြင့် အနီးကပ် စောင့်ရှောက်မှုပေးခြင်းများကို သင်္ကြန်အကြိုနေ့မှ စတင်၍ ယနေ့အထိ ဆောင်ရွက်ခဲ့ကြသည်။

 

ယနေ့တွင် နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်၊ Sky Net မိသားစု ရေကစားမဏ္ဍပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မဟာသင်္ကြန်မဏ္ဍပ်နှင့် မြို့နယ်များရှိ ရေကစားမဏ္ဍပ်များ၌ ရေကစားကြသည့် ပြည်သူများအနေဖြင့် ညနေပိုင်း သတ်မှတ်အချိန်တွင် စည်းကမ်းတကျ ပိတ်သိမ်းခဲ့ကြသည်။

 

သတင်း - မျိုးရဲသူ(သတင်းစဉ်)

ဓာတ်ပုံ - သန်းထိုက်ဖုန်

 

1