နေပြည်တော် ဧပြီ  ၁၆

မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာ နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစု ရေကစားမဏ္ဍပ်ပိတ်ပွဲ အခမ်းအနားကို ယနေ့ မဟာသင်္ကြန်အတက်နေ့ ညနေပိုင်းတွင် ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တက်ရောက် သည်။

အဆိုပါ ပိတ်ပွဲအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး ဒေါ်နီလာ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် ဇနီး ဒေါ်နန်းကူးကူ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့်ဇနီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြား စစ်သံမှူးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့်ယိမ်းအဖွဲ့များ တက်ရောက်ကြပြီး ရေကစား မဏ္ဍပ်၌ အနုပညာရှင်များနှင့် တေးသံရှင်များ၊ ယိမ်းအကအဖွဲ့များ၏  သီဆိုကပြဖျော်ဖြေမှုများကို  ကြည့်ရှုအားပေး၍ အနုပညာရှင်များနှင့် ယိမ်းအကအဖွဲ့များအား ဂုဏ်ပြုဆုငွေများ  ပေးအပ်ချီးမြှင့် ကြသည်။

ထို့နောက် ပိတ်ပွဲအခမ်းအနား ကျင်းပရာ အနုပညာရှင်များ၊ တေးသံရှင်များနှင့် ယိမ်းအဖွဲ့များက “မန်းတောင်ရိပ်ခို” သီချင်းဖြင့် သီဆိုကပြဖျော်ဖြေကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီးတို့သည် ပိတ်ပွဲအခမ်းအနားကို တက်ရောက်လာကြသူများနှင့် အတူ ယိမ်းအဖွဲ့များအား အတာရေများဖြင့် အေးချမ်းပျော်ရွှင်စွာ ပက်ဖျန်းပေးကြပြီး မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစု ရေကစားမဏ္ဍပ်အား အောင်မြင်စွာ ပိတ်သိမ်းခဲ့သည်။

ထို့ပြင် ယနေ့နံနက်ပိုင်းတွင်လည်း ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး   ကျော်စွာလင်းနှင့် ဇနီး ဒေါ်နန်းကူးကူတို့သည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ တာဝန်ရှိသူများလိုက်ပါ၍ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) ဝင်းအတွင်းရှိ မန်ကျည်းရိပ် ရေကစားမဏ္ဍပ်နှင့် စိန်ပန်းရေကစားမဏ္ဍပ်များသို့ သွားရောက်ကာ  အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့်အတူ အတာ ရေသဘင်ပွဲကို ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြပြီး အနုပညာရှင်များ၊ တေးသံရှင်များ၊ မိသားစုယိမ်းအဖွဲ့များ၏ သီဆိုကပြဖျော်ဖြေနေမှုများကို ကြည့်ရှုအားပေးကာ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

ယနေ့သည် မြန်မာ့ရိုးရာမဟာ သင်္ကြန်ပွဲတော် အတက်နေ့ဖြစ်သည်နှင့်အညီ နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ  နေပြည်တော်   မြို့တော်ဝန်ရေကစားမဏ္ဍပ်၊ နေပြည်တော်လမ်းလျှောက်သင်္ကြန်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝင်းအတွင်းရှိ ဇေယျာသီရိရေကစားမဏ္ဍပ်၊ စိန်ပန်းရေကစားမဏ္ဍပ်၊ မန်ကျည်းရိပ် ရေကစားမဏ္ဍပ်အပါအဝင် အခြားသော  တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရေကစားမဏ္ဍပ်များတွင်လည်း ရေပက်ခံသူများ၊ ရေပက်ကစားသူများဖြင့် ပျော်ရွှင်စည်ကားစွာ ရေသဘင်ပွဲတော်ကို အောင်မြင်စွာဆင်နွှဲကြပြီး မိသားစုသင်္ကြန် ယိမ်းအကအဖွဲ့များ၊ အနုပညာရှင်များနှင့် တေးသံရှင်များက တေးသီချင်းများ၊ ယိမ်းအကများဖြင့် သီဆိုကပြဖျော်ဖြေမှုများနှင့်အတူ  အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ သင်္ကြန်ချစ်သူပြည်သူများက အတာရေသဘင်ပွဲတော်အား အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြကြောင်း  သိရသည်။              

သတင်းစဉ်