မြိတ် ၆ ဧပြီ
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့သို့ ဆိုက်ရောက်ထွက်ခွာလျက်ရှိကြသော ခရီးသည်တင်ယာဉ်လိုင်းများ အားလုံးကို မြန်မာ့ရိုးရာ မဟာသင်္ကြန်ကာလအတွင်း ခရီးသည်တင်ပြေးဆွဲခြင်းအား ရပ်နားထားရန် မြိတ်မြို့နယ် ပုဂ္ဂလိက ယာဉ်များပြေးဆွဲရေးလုပ်ငန်း ထိန်းသိမ်းကြီးကြပ်ရေးကော်မတီမှ ယနေ့တွင် အသိပေးထားကြောင်း သိရသည်။
“ နှစ်စဉ် မြိတ်မှာ မဟာသင်္ကြန်ဆိုရင် ကားလိုင်းတွေ ပိတ်ပါတယ်။ မြန်မာတစ်ပြည်လုံး သင်္ကြန်ကျရင် ကားလိုင်းတွေ ပိတ်ပြီး ရန်ကုန်မှာတော့ ၆ ရက်နေ့ စပိတ်မယ်လို့ သိရတယ်။ မြိတ်မှာကျတော့ ၁၀ ရက်နေ့မှစပြီး မဟာသင်္ကြန် ပွဲတော်ကာလ ကားလိုင်းတွေပိတ်ခြင်း ဖြစ်ပါတယ်။ ကုန်ကားတွေ မပါပါဘူး။ ပုဂ္ဂလိကယာဉ်များ ပြေးဆွဲရေးလုပ်ငန်း ထိန်းသိမ်းကြီးကြပ်ရေးကော်မတီမှ ကြီးကြပ်လျက်ရှိသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးသို့ ပြေးဆွဲနေသော ယာဉ်လိုင်းများ၏ ခရီးသည်တင်ယာဉ်လိုင်းပဲပိတ်တာ ဖြစ်ပါတယ်” ဟု မြိတ်မြို့နယ် ပုဂ္ဂလိကယာဉ်များ ပြေးဆွဲရေး လုပ်ငန်းထိန်းသိမ်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သင်းမောင် က ပြောသည်။
မြိတ်မြို့တွင် လက်ရှိအချိန်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် မြိတ်မြို့သို့ ဆိုက်ရောက်လျက်ရှိသည့် ယာဉ်လိုင်းများ၌ နိုင်ငံခြားသားများ စီးနှင်းခွင့်မပြုဘဲ မြန်မာနိုင်ငံသား နေရပ်ပြန်များ ဝင်ရောက်လာချိန်တွင် ကျန်းမာရေးဦးစီးဌာနမှ သတ်မှတ်ထားသော စည်းကမ်းချက်နှင့်အညီ စစ်ဆေးခံရန် အဓိကဆောင်ရွက်လျက်ရှိကြောင်း၊ ယာဉ်လိုင်းများ ကျန်းမာရေးစစ်ဆေးခံပြီး ကျန်းမာရေးဦးစီးဌာနမှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို လိုက်နာ ဆောင်ရွက်စေလျက်ရှိကြောင်း မြို့နယ် ပုဂ္ဂလိကယာဉ်များပြေးဆွဲရေး လုပ်ငန်းထိန်းသိမ်းကြီးကြပ်ရေးကော်မတီမှ သိရသည်။
မြန်မာ့ရိုးရာမဟာသင်္ကြန်ကာလ ဧပြီ ၁၀ ရက်မှ ၁၉ ရက်အထိ မြိတ်မြို့သို့ ဆိုက်ရောက်ထွက်ခွာလျက်ရှိသော ခရီးသည်တင် ယာဉ်လိုင်းများအားလုံးကို လုံးဝရပ်နားထားရန် မြို့နယ် ပုဂ္ဂလိကယာဉ်များပြေးဆွဲရေးလုပ်ငန်း ထိန်းသိမ်းကြီးကြပ်ရေးကော်မတီမှ ယနေ့ကျင်းပသည့် အမှုဆောင်အစည်းအဝေး၌ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြိတ်မြို့သို့ ဆိုက်ရောက်ထွက်ခွာလျက်ရှိသည့် ယာဉ်လိုင်း စုစုပေါင်း ၅၅ လိုင်းရှိကြောင်း သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)


