နေပြည်တော် ဧပြီ ၄

နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင် သည် ဌာနကြီးမှူးများနှင့် ဌာနမှူးများ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိ သူများနှင့်အတူ ယနေ့ မွန်းလွဲပိုင်းက နေပြည်တော် မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ် ဆောက်လုပ်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးသည်။

မြန်မာသက္ကရာဇ် ၁၃၈၄-၁၃၈၅ ခု၊ မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်တွင် နေပြည်တော်မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို မဟာသင်္ကြန်ပွဲတော် အကြိုနေ့ နံနက်ပိုင်းတွင် ကျင်းပမည်ဖြစ်ရာ ဝန်ကြီးဌာနများ၊ ခရိုင်/မြို့နယ်များမှ ယိမ်းအကအဖွဲ့(၃၈) ဖွဲ့မှ အင်အား(၆၀၈)ဦးနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ စုစုပေါင်းအင်အား (၁၀၀၀) ခန့်ဖြင့်  စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံကျော် သရုပ်ဆောင်များ၊ အဆိုတော်များနှင့် ယိမ်းအကအဖွဲ့များ၏ အကအလှများဖြင့် ဖျော်ဖြေရေးအစီအစဉ်နှင့် ရေပက်ကစားခြင်းတို့ စတင်ဆောင်ရွက်မည်ဖြစ်ပြီး သင်္ကြန်အကျနေ့၊ အကြတ်နေ့၊ အတက်နေ့များတွင်လည်း နေ့စဉ် နံနက်ပိုင်း ၉ နာရီမှ ၁၂ နာရီ အထိလည်းကောင်း၊ မွန်းလွဲ ၃ နာရီမှ ညနေ ၆ နာရီအထိလည်းကောင်း ဖျော်ဖြေရေးနှင့် ရေကစားခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်သည်။

ထို့ပြင် သင်္ကြန်အကြိုနေ့မှစ၍ ပျဉ်းမနား-တောင်ညို လမ်းမပေါ်တွင် နေပြည်တော် မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်အနီးမှ စည်ပင်ဧည့်ရိပ်သာလမ်းဆုံအထိ နေပြည်တော် (လမ်းလျှောက်သင်္ကြန်ပွဲတော်)ကို ဇုန်(၄)ခုသတ်မှတ်၍ တိုင်းရင်းသားရိုးရာ သင်္ကြန်အစီ အစဉ်များ၊ ဝန်ကြီးဌာနများမှ သင်္ကြန်မဏ္ဍပ်များ၊ ဖျော်ဖြေရေးအစီအစဉ်များ၊ လူငယ်နှင့် ကလေး များအတွက် ဆပ်ပြာအမြှုပ်နှင့် ရောင်စုံအမှုန့်များ ပက်ဖျန်းကစားသည့်အစီအစဉ်များ၊ ဂိမ်းကစားစရာများ၊ DJ Party များ၊ စားသောက်ဆိုင်နှင့် ဈေးဆိုင်ခန်းများ၊ နားနေရန် နေရာများကို ယခုနှစ်တွင် ထူးခြားခမ်းနားစွာ  ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်