နေပြည်တော် မတ် ၈
ပုဂံယဉ်ကျေးမှုဒေသရှိ ဘုရားစေတီပုထိုးများသို့ လာရောက်လေ့လာလည်ပတ်ကြသည့် ပြည်တွင်း၊ ပြည်ပခရီးသွားများအား မြန်မာ့ရိုးရာသနပ်ခါးလိမ်းခြယ်ပေးသည့် ဝန်ဆောင်မှုလုပ်ငန်းသည် ပုဂံဒေသခံများအတွက် ဝင်ငွေရလုပ်ငန်းတစ်ခုဖြစ်ပြီး ပြည်တွင်း ပြည်ပ ခရီးသွားများသည် မြန်မာ့သနပ်ခါးကို နှစ်သက်စွာလိမ်းခြယ်လေ့ရှိကြကြောင်း ဒေသခံများထံမှ သိရသည်။
“ခရီးသွားတွေက ပုဂံရောက်ရင် ညောင်ရွက်ပုံ၊ သစ်ရွက်ပုံ၊ အသဲပုံ ပုံစံအမျိုးမျိုးနဲ့ သနပ်ခါးပါးကွက် လေးတွေလိမ်းကြတယ်။ အမျိုးသမီးတွေက ဆံပင်ကို ကျစ်ဆံမြှီး အလှကျစ်ပေးတာကိုပါ လုပ်ကြတယ်။ ပြည်တွင်းပြည်ပ ခရီးသွားအားလုံး သဘောကျကြတယ်။ ပုဂံရောက်ရင် လက်ပန်းချီဆွဲကြတယ်၊ သနပ်ခါးလိမ်းကြတယ်၊ မြန်မာ့ယဉ်ကျေးမှုပေါ်လွင်သလို ဒီလိုဝန်ဆောင်မှုပေးတဲ့အတွက် ဝင်ငွေလည်းရပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
မြန်မာ့သနပ်ခါးကို ရှေးဘုရင်များလက်ထက်ကတည်းက မြတ်မြတ်နိုးနိုး သုံးစွဲခဲ့ကြောင်းကို ပုဂံရှိစူဠာမဏိစေတီနှင့် အပယ်ရတနာဘုရားတို့ရှိ နံရံဆေးပန်းချီများ၌ တွေ့ရှိနိုင်သည့်အတွက် ပြည်တွင်း၊ ပြည်ပ ခရီးသွားများအား မြန်မာ့ရိုးရာသနပ်ခါးလိမ်းခြယ်ပေးပြီး ဝန်ဆောင်မှုပေးခြင်းသည် မြန်မာ့ရိုးရာယဉ်ကျေးမှုတစ်ခုကို ထိန်းသိမ်းရာရောက်သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြကြောင်း ဒေသခံများက ပြောကြားသည်။
“မြန်မာနိုင်ငံသားတွေက သနပ်ခါးကို ကိုယ့်အိမ်မှာလည်း အသုံးပြုကြပါတယ်၊ ဒါပေမယ့် ပုဂံကိုအလည်လာတဲ့အခါ လိမ်းဖြစ်တဲ့ သနပ်ခါးရနံ့နဲ့ ခံစားမှုက ပုဂံဒေသရဲ့စွမ်းအင်တစ်ခုပါ။ ပြည်ပခရီးသွားတွေ အတွက်ကတော့ မြန်မာ့သနပ်ခါးဟာ မြန်မာ့ရိုးရာ ယဉ်ကျေးမှုတစ်ခုကို ခံစားရစေပါတယ်။ ပုဂံရောက်ရင် သနပ်ခါးပါးကွက်ကြားလိမ်းပြီး စိတ်ကျေနပ်ပျော်ရွှင်တဲ့ ခရီးသွားတွေကို တွေ့မြင်ရတာဟာ မြန်မာ့ရိုးရာသနပ်ခါးယဉ်ကျေးမှုအတွက် ဝမ်းမြောက်ဂုဏ်ယူစရာပါ” ဟု ပုဂံဟိုတည်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ) မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်အောင်က ပြောသည်။
မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ယူနက်စကို၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်း (Representative List of the Intangible Cultural Heritage of Humanity) သို့ ၂၀၂၅ ခုနှစ် မတ်လမတိုင်မီ အမည်စာရင်းတင်သွင်းနိုင်ရေးအတွက် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့များနှင့် ပတ်သက်၍ ပညာပေးအစီအစဉ်များကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည်။
သစ္စာ(MNA)၊ ဓာတ်ပုံ - ဇွဲမာန်
