နေပြည်တော် ၂၆ ဖေဖော်ဝါရီ
မြန်မာ့ရုပ်ရှင် နှစ်(၁၀၀)ပြည့် အခမ်းအနားနှင့် ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် အခမ်းအနားများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ယနေ့တွင် မြန်မာ့ရုပ်ရှင်နှင့် ရန်ကုန်တက္ကသိုလ် ရာပြည့်အခမ်းအနားများအတွက် ဆောင်ရွက်ထားပြီးသည်များ၊ ဆက်လက်လုပ်ဆောင်ရန်များကို ရှင်းလင်းတင်ပြကြရန် ဖြစ်ပါကြောင်း၊ လိုအပ်သည်များကို ဖြည့်စွက်ပြီး အကြံဉာဏ်များပေးရန်နှင့် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီ အစည်းအဝေးများတွင် ပြည့်ပြည့်စုံစုံ တင်ပြဆွေးနွေးညှိနှိုင်းနိုင်ရန် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က မြန်မာ့ရုပ်ရှင် ရာပြည့်အခမ်းအနား ကျင်းပရေးဦးစီးကော်မတီကို နိုင်ငံတော်သမ္မတရုံး၏ ၁၃-၂-၂၀၂၀ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၃၃ / ၂၀၂၀ ဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ထားရှိမှုနှင့် ဦးစီးကော်မတီ၏ လုပ်ငန်းတာဝန်များ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်းတာဝန်ပေးအပ်ရန် လျာထားမှုနှင့် လုပ်ငန်းတာဝန်များကိုလည်းကောင်း၊ ရန်ကုန်တက္ကသိုလ် ရာပြည့်အခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီများတွင် ပါဝင်ဆောင်ရွက်နေမှုများကိုလည်းကောင်း ရှင်းလင်းတင်ပြသည်။
ယင်းနောက် အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က မြန်မာ့ရုပ်ရှင် ရာပြည့်အခမ်းအနား ကျင်းပနိုင်ရေးနှင့် ရန်ကုန်တက္ကသိုလ် ရာပြည့်အခမ်းအနားများ ကျင်းပနိုင်ရေးအတွက် မြန်မာ့အသံ (ရေဒီယို)နှင့် ရုပ်မြင်သံကြားအစီအစဉ်များ ရိုက်ကူးထုတ်လွှင့်နေမှု၊ ဆက်လက်ထုတ်လွှင့်ရန် လျာထားချက်များကို ကနဦးကာလ၊ အကြိုကာလ၊ ပွဲတော်ကာလနှင့် ပွဲတော်ပြီးကာလ အပိုင်းလေးပိုင်းဖြင့် ရှင်းလင်းတင်ပြသည်။
ထို့နောက် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးမြင့်က ရာပြည့်အခမ်းအနားအတွက် မှတ်တမ်းစာအုပ်ထုတ်ဝေရေး ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် ကော်မတီအလိုက် ပါဝင်ဆောင်ရွက်နေမှုများကို လည်းကောင်း၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ခေတ္တဦးဆောင်ညွှန်ကြားရေးမှူး ဦးသက်ဆွေက နိုင်ငံပိုင်သတင်းစာများတွင် ရာပြည့်အခမ်းအနားများနှင့် ပတ်သက်၍ ဖော်ပြခဲ့မှုများ၊ ဆက်လက်ဖော်ပြရန် လျာထားသည့် အစီအစဉ်များကို လည်းကောင်း ရှင်းလင်းတင်ပြသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် တက်ရောက်လာကြသူများက အထွေထွေဆွေးနွေးကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
သတင်းစဉ်


