မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့်အထိမ်းအမှတ် မြန်မာ့ရုပ်ရှင် ငွေရတုသဘင်ပွဲ သမိုင်းဝင်ဓာတ်ပုံများ

အေးကြူလေး

မြန်မာ့ရုပ်ရှင်သည် ၁၉၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၃ ရက်နေ့တွင် “မေတ္တာ နှင့် သူရာ” ဇာတ်ကားဖြင့် စတင်ခဲ့ရာ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၃ ရက်နေ့တွင် မြန်မာ့ရုပ်ရှင်နှစ် ၁၀ဝ ပြည့်ပေတော့မည်။ ၂၅ နှစ်လျှင် ရတုတစ်ခုဟု သတ်မှတ်သဖြင့် ၁၉၄၅ ခုနှစ်တွင် မြန်မာ့ရုပ်ရှင် ငွေရတု ဖြစ်သည်။ သို့သော် စစ်ပြီးစအခြေအနေဖြစ်၍ တိုင်းပြည်ဖွံ့ဖြိုးမှု နှေးကွေးလျက် ရှိနေသေး သည်။ မြန်မာ့ရုပ်ရှင် ငွေရတုသဘင်ပွဲကို ၁၉၄၅ ခုနှစ်တွင် ကျင်းပနိုင်ခြင်းမရှိပေ။ ၁၉၄၆ ခုနှစ်တွင် လွတ်လပ်ရေးမရသေးဘဲ အင်္ဂလိပ်လက်အောက်ခံအဖြစ် ဘုရင်ခံ မင်းကြီး ဆာဟူးဘတ်ရန့် (Sir Hubert Rance) က အုပ်ချုပ်လျက်ရှိသည်။ အတွင်းဝန် တော်တော်များများမှာ မျက်နှာဖြူ အိုင်စီ အက်စ် အရာရှိကြီးများ ဖြစ်သည်။ ရုပ်ရှင် သည် စီးပွားရေး၊ နိုင်ငံရေးလုပ်ငန်းများနှင့် ဆက်စပ်နေသော လုပ်ငန်းတစ်ခုဖြစ်ကြောင်း မျက်နှာဖြူ အိုင်စီအက်စ်အရာရှိကြီးများက နားလည်ထားသည်။ စစ်ပြီးခေတ် မြန်မာနိုင်ငံ စက်မှုလက်မှုပြပွဲကြီးကို မြန်မာ့ရုပ်ရှင် ငွေရတုသဘင်ပွဲကြီးနှင့် ပူးတွဲကျင်းပရန် စီစဉ်ကြသည်။ ယင်းပြပွဲ ကြီးကို ဗြိတိသျှ ဘုရင်ခံမင်းကြီးကိုယ်တိုင် ဖွင့်လှစ်ပေးမည်ဟု သတင်းများထွက်ရှိသည်။

 

a

 

ပူးတွဲကျင်းပ

ရုပ်ရှင်နှင့် ပြဇာတ်အစည်းအရုံးမှ အမှုဆောင်များနှင့် မြန်မာ့ရုပ်ရှင် ငွေရတု သဘင်ကျင်းပရေးအဖွဲ့ဝင်များက စက်မှု လက်မှုပြပွဲနှင့် ပူးတွဲကျင်းပခြင်းကို သဘော ကျပါသည်။ သို့သော် မျက်နှာဖြူဘုရင်ခံ မင်းကြီး ဖွင့်လှစ်ပေးခြင်းကို သဘောမတွေ့ ကြပေ။ မြန်မာ့ရုပ်ရှင် ငွေရတုသဘင် ကျင်းပ ရေးကော်မတီတွင် နာယက ဦးအုံးမောင်၊ ဦးညွန့်၊ ဦးဆန်နီတို့ ဆောင်ရွက်၍ ဥက္ကဋ္ဌ ဦးတင်နွယ်၊ ဒုဥက္ကဋ္ဌ ဦးချန်ထွန်း၊ ဘဏ္ဍာ ရေးမှူး ဦးတင်မောင်၊ စာရင်းစစ် ဦးသန်းဖေ၊ အမှုဆောင် လန်ဒန်အတ် ဦးမောင်မောင်၊ ဦးငြိမ်း၊ ဒါရိုက်တာ ဦးဘဇင်၊ ဦးမောင်ကြီး၊ ဦးသိန်းမောင်၊ ဦးဘရင်၊ ဒါရိုက်တာ ဆရာခန့်၊ ဒါရိုက်တာ ဦးအောင်မြတ်တို့ ပါဝင်သည်။ မြန်မာ့ရုပ်ရှင်သမိုင်းအမှန်ကို ရရှိစေရန် ရုပ်ရှင်ချစ် သုတေသီများ လိုအပ်သည်များ ဖြည့်စွက်ပြင်ဆင်စေလိုပါသည်။

 

a

 

ရုပ်ရှင်နှင့် ပြဇာတ်အမှုဆောင်များ ငွေရတုသဘင်ကျင်းပရေး အဖွဲ့ဝင်များက အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းကို ဖွင့်လှစ်ပေးစေချင်ကြသည်။ ရုပ်ရှင်နှင့် ပြဇာတ်ဥက္ကဋ္ဌနှင့် အမှုဆောင် များက ဖဆပလအဖွဲ့ဝင် လူကြီးများနှင့် ရင်းနှီးပြီး လူမှုဆက်ဆံရေးကောင်းမွန်သော လန်ဒန်အတ် ဦးမောင်မောင်နှင့် ရွှေမြင့်မိုရ် ဦးသန်းဖေတို့ကို ဗိုလ်ချုပ်အောင်ဆန်း ဖွင့်လှစ်နိုင်ရေးအတွက် တောင်းဆိုပေးဖို့ တာဝန်ပေးသည်။ ရွှေမြင့်မိုရ်ဦးသန်းဖေသည် ဗိုလ်ချုပ်အောင်ဆန်း၏ အပါးတော်မြဲ ဗိုလ်ထွန်းလှ (တက္ကသိုလ်နေဝင်း)နှင့် ရင်းနှီးမှု ရှိသည်။ ပွဲကျင်းပရန် အချိန်နီးကပ်သဖြင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုက်ရိုက်တွေ့ဆုံ တင်ပြခြင်းပြုလုပ်ရန် ဗိုလ်ထွန်းလှနှင့် ဆက်သွယ်ကြိုးပမ်းရန် ဖြစ်သည်။

အရေးကြီးသောအချိန်

ထိုအချိန်က မြန်မာပြည် လွတ်လပ်ရေး ရဖို့ အလွန်နီးကပ်နေပြီး အရေးကြီးသော အချိန်ဖြစ်သည်။ သွားရောက်တွေ့ဆုံပြီး အဆင်မပြေဖြစ်ပါက အတွင်းဝန်များ တင်ပြထားသော ဘုရင်ခံကြွရောက်ဖွင့်လှစ် မည့် အစီအစဉ်လည်း ပျက်နိုင်ကောင်းသည်။ စိုးရိမ်ပူပန်စိတ်များရှိကြသော်လည်း မြန်မာ့ရုပ်ရှင်ငွေရတုသဘင်ပွဲကြီးကို ဗိုလ်ချုပ် အောင်ဆန်းကိုယ်တိုင် ဖွင့်လှစ်ပေးစေလိုသော ဆန္ဒက ပြင်းထန်လွန်းသည်။ ထို့အတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့်တွေ့ရန် အခြေအနေ ကောင်းမည့်နေ့ကို စုံစမ်းလျက်ရှိသည်။ သို့သော်လည်း အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာ့လွတ်လပ် ရေးကိစ္စများ အသေးစိတ်ဆွေးနွေးရန် ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တွင် ဗြိတိန်သို့ သွားရောက်သည်။ ဗြိတိန်ဝန်ကြီးချုပ် မစ္စတာ အက်တလီ ခေါင်းဆောင်သော အစိုးရအဖွဲ့နှင့် ညှိနှိုင်းဆွေးနွေးပြီး ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် အောင်ဆန်း-အက်တလီ စာချုပ်ကို အောင်မြင်စွာ လက်မှတ်ရေးထိုး နိုင်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းတို့အဖွဲ့သည် မြန်မာပြည်သို့ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ပြန်လည်ရောက်ရှိသည်။ သို့သော် အနားမယူ နိုင်သေးဘဲ အောင်ဆန်း-အက်တလီစာချုပ်ပါ တိုင်းရင်းသားလူမျိုးစုခေါင်းဆောင်များနှင့် တွေ့ရန် ဖြစ်လာသည်။ မြန်မာပြည်နှင့်အတူ တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်များ ကိုယ်တိုင်က လွတ်လပ်ရေး အရယူလိုပါသည် ဟု အခိုင်အမာ စာချုပ်ပေးရမည်ဖြစ်သည်။ ရှမ်းပြည်နယ် ပင်လုံသို့ အလျင်အမြန် သွားရောက်ပြီး ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပင်လုံညီညွတ်ရေးစာချုပ် ကြီးကို အောင်မြင်စွာ လက်မှတ်ရေးထိုးနိုင် ခဲ့သည်။

ဗိုလ်ထွန်းလှနှင့် ဆက်သွယ်

မြန်မာ့ရုပ်ရှင် ငွေရတုသဘင် ကျင်းပမည့် ရက်မှာ နီးကပ်လာပြီဖြစ်သဖြင့် မဖြစ်မနေ ဗိုလ်ချုပ်နှင့် တွေ့ဆုံခွင့်ရရေး ဗိုလ်ထွန်းလှနှင့် ဆက်သွယ်ခဲ့ကြသည်။ စာရေးဆရာ နိုင်ငံရေး သမား ဗိုလ်ထွန်းလှက လာခဲ့ပါ၊ ဗိုလ်ချုပ် နှင့်တွေ့ရန် ကြိုးစားပေးပါမည်ဟု ဆိုသည်။ လန်ဒန်အတ်ဦးမောင်မောင်သည် ရွှေမြင့်မိုရ် ဦးသန်းဖေနှင့်အတူ တာဝါလိန်းလမ်းရှိ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်သို့ သွားရောက် ကြသည်။ ဗိုလ်ထွန်းလှနှင့်တွေ့စဉ် ဗိုလ်ချုပ် အပေါ်မှာရှိတယ်။ သွားမေးပေးမယ် ခဏ ထိုင်ကြပါဦးဟု ပြောသည်။ ထို့ကြောင့် အောက်ထပ်ဧည့်ခန်းတွင် ထိုင်စောင့်ကြ သည်။ မြန်မာ့ရုပ်ရှင် ပထမဦးဆုံးဓာတ်ပုံ ဆရာကြီး ဦးမောင်မောင်၏ အတ္ထုပ္ပတ္တိစာအုပ် စာမူကြမ်းကို ဖတ်မိရာတွင် ဧည့်ခန်းတွင် စောင့်နေရသောအချိန်မှာ ဘဝခရီးတစ်လျှောက် စိတ်အလှုပ်ရှားရဆုံး အချိန်ဖြစ်ကြောင်း ရေးသားထားသည်။ ခဏအကြာ ဗိုလ်ထွန်းလှ ပြန်ဆင်းလာပြီး ဗိုလ်ချုပ်က တွေ့မည်ဟု ပြောပြသည်။ ဗိုလ်ချုပ်ဆင်းလာပြီးနောက် ဗိုလ်ထွန်းလှက ဦးသန်းဖေနှင့် လန်ဒန်အတ် ဦးမောင်မောင်တို့ကို ဗိုလ်ချုပ်နှင့် မိတ်ဆက် ပေးသည်။ လန်ဒန်အတ်ဦးမောင်မောင်နှင့် ဦးသန်းဖေတို့က မိမိတို့ ကြုံတွေ့နေရသော အခက်အခဲများ ခံစားချက်များကို အမှန်အတိုင်း ရိုးသားစွာပြောပြသည်။ မြန်မာ့ရုပ်ရှင် ငွေရတုသဘင်ပွဲကြီးကို ဗိုလ်ချုပ်က ကြွရောက်ဖွင့်လှစ်စေဖို့ရန် မြန်မာနိုင်ငံ ရုပ်ရှင်နှင့် ပြဇာတ်အစည်းအရုံးကြီးကိုယ်စား တင်ပြကြသည်။ ဗိုလ်ချုပ်က တင်ပြချက်များ ကို သေချာစွာ ဂရုစိုက်နားထောင်သည်။

 

a

 

ဗိုလ်ချုပ်က သူနှင့် ဘုရင်ခံ ဆာဟူးဘတ်ရန့် တို့သည် ဆက်ဆံရေးအလွန်ပြေလည်ကြ သဖြင့် သူအကြံပေးလျှင် ဘုရင်ခံအနေဖြင့် ငြင်းပယ်မည်မထင်ကြောင်း ပြောပြသည်။ မြန်မာ့ရုပ်ရှင်လောကမှ ခေါင်းဆောင် များ စိတ်အနှောင့်အယှက်မဖြစ်စေလို ကြောင်း၊ မြန်မာ့ရုပ်ရှင်ငွေရတုနှင့် စက်မှု လက်မှုပြပွဲကို ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗြိတိသျှဘုရင်ခံမင်းကြီးတို့ နှစ်ဦးစလုံး တက်ရောက်၍ ပြိုင်တူ အခမ်းအနားဖွင့်လှစ်လျှင် ကောင်းမည်ထင်ကြောင်း၊ ဘုရင်ခံ မင်းကြီးကို နားလည်သဘောပေါက်အောင် ရှင်းပြပြီး သဘောတူညီချက် ယူပေးမည်ဖြစ်ကြောင်း ပြောပြလိုက်သည်။ လန်ဒန်အတ် ဦးမောင်မောင်နှင့် ရွှေမြင့်မိုရ် ဦးသန်းဖေတို့သည် ဗိုလ်ချုပ်စကားကြားပြီး စိတ်ချမ်း သာ၍ အပျော်ကြီးပျော်သွားကြသည်။

အခမ်းအနားဖြင့် ဖွင့်လှစ်

မြန်မာ့ရုပ်ရှင် ငွေရတုသဘင်ပွဲနှင့် ဌာနပေါင်းစုံပါဝင်သော စက်မှုလက်မှုပြပွဲ ကြီးကို ရွှေတိဂုံဘုရား အနောက်ဘက်မုခ် မြေကွက်လပ်တွင် ကျင်းပသည်။ ၁၉၄၇ ခုနှစ် မတ်လ ၁ ရက်နေ့တွင် ဗြိတိန်ဘုရင်ခံ ဆာဟူး ဘတ်ရန့်နှင့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းတို့က နိုင်ငံရေး ခေါင်းဆောင်များ၊ စက်မှုလက်မှုကုန်သည် များ၊ ပြည်သူများရှေ့မှောက်တွင် အခမ်းအနား ဖြင့် ဖွင့်လှစ်ပေးသည်။ ဖွင့်ပွဲသို့ ဒီးဒုတ်ဦးဘချို၊ မြန်မာ့ရုပ်ရှင်ဖခင်ကြီး လန်ဒန်အတ် ဦးအုံးမောင်၊ ဦးညွန့်၊ ဦးသန်းဖေ၊ ဦးတင်နွယ်၊ သဘင်ပညာရှင်ကြီး၊ ဂရိတ်ဦးဖိုးစိန်၊ ဗိုလ်ချုပ် အပါးတော်မြဲ ဗိုလ်ထွန်းလှ (တက္ကသိုလ် နေဝင်း) တို့ တက်ရောက်အားပေးချီးမြှင့်သည်။

 

a

 

ရုပ်ရှင်နှင့် ပြဇာတ်အစည်းအရုံးကြီး၏ အမှုဆောင်များကလည်း ဗိုလ်ချုပ် အောင်ဆန်းကိုယ်တိုင် ဖွင့်လှစ်ပေးသည့် အတွက် ဝမ်းသာဂုဏ်ယူကြသည်။ မြန်မာ့ ရုပ်ရှင်ငွေရတုသဘင်ပွဲနှင့် စက်မှုလက်မှု ပြပွဲကို ၁၉၄၇ ခုနှစ် မတ်လ ၁ ရက်နေ့မှ ၁၀ ရက်နေ့ထိ ကျင်းပသည်။ ဖျော်ဖြေရေးအစီ အစဉ်များတွင် စစ်အတွင်းက လေကြောင်း အန္တရာယ်ကြောင့် ညလုံးပေါက်မကရသော မြန်မာ့ဇာတ်သဘင်များကို ဖိတ်ခေါ်၍ ကပြ စေခဲ့သည်။ ထိုအချိန်က နာမည်ကျော်ခဲ့သော စိန်မဟာသဘင်နှင့် ရွှေမန်းတင်မောင် ဇာတ်သဘင်အဖွဲ့တို့သည် ရွှေတိဂုံဘုရား အနောက်မုခ်တွင် ဇာတ်ရုံများထိုး၍ မိုးလင်း ကပြသည်။ စစ်အတွင်း လူကြိုက်များခဲ့သော ရုပ်ရှင်ပြဇာတ်များကို ရုပ်ရှင်ငွေရတုပွဲကြီးတွင် ပြန်လည်ကပြသည်။ ပြဇာတ်ရုံ၏ ဆက်တင် များကို ဗြိတိသျှဘားမားတွင် ဆက်တင်အခမ်း အနားများ တည်ဆောက်ပေးသော ပန်းချီ ဆရာကြီး ဦးဘရင်လေးက တည်ဆောက်ပေး ခဲ့သည်။ ထို့အပြင် ပဲရော့ဦးဆန်နီ တာဝန်ယူ၍ မြန်မာ့လက်ဝှေ့ပွဲကြီးကိုလည်း ထည့်သွင်း ကျင်းပခဲ့ပေသည်။

ဓာတ်ပုံများ ရှာဖွေဖော်ထုတ်

၁၉၉၅ ခုနှစ် မြန်မာ့ရုပ်ရှင် စိန်ရတု သဘင်ပွဲကျင်းပသောအခါ မှတ်တမ်းမှတ်ရာ ဓာတ်ပုံများ ရှာဖွေဖော်ထုတ်ကြရသည်။ ယခုကဲ့သို့ မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက် မရှိသဖြင့် အခက်အခဲပေါင်းများစွာ ကြုံရ သည်။ သတင်းစာနှင့် ရုပ်မြင်သံကြားမှ ရုပ်ရှင်ချစ်သူများထံတွင်ရှိသော စာရွက် စာတမ်းများ၊ ဓာတ်ပုံများ၊ ရုပ်ရှင်ပစ္စည်းများ လှူဒါန်းရန် ပန်ကြားသော်လည်း ပြည့်ပြည့် စုံစုံ မရရှိတော့ပေ။ အထူးသဖြင့် မြန်မာ့ရုပ်ရှင် ငွေရတုသဘင်ပွဲကို ဗိုလ်ချုပ်အောင်ဆန်း ဖွင့်လှစ်ပေးကြောင်း သိရသော်လည်း ဓာတ်ပုံ များ ရှာမရပေ။ တစ်နေ့ ကံကောင်းထောက်မ သည်ဟု ပြောရပေတော့မည်။ ဆူးလေဘုရား လမ်း အာရှဓာတ်ပုံတိုက်မှ သတင်းထောက် ဦးကျော်က သမိုင်းဝင်ဓာတ်ပုံများ လှူဒါန်း မည်ဟု သတင်းစကားရလာသည်။ အာရှ ဓာတ်ပုံတိုက်သည် ဆူးလေဘုရားလမ်း ကျောက်တံတားရဲစခန်းအပေါ် ဒုတိယ အထပ်တွင် ဖြစ်သည်။ (ယခုအခါ မရှိတော့ပါ)ဝမ်းသာစရာအကောင်းဆုံးမှာ အာရှဓာတ်ပုံ တိုက်မှ လှူဒါန်းသောဓာတ်ပုံများမှာ မြန်မာ့ ရုပ်ရှင်ငွေရတုသဘင်နှင့် စက်မှုလက်မှုပြပွဲ ဖွင့်ပွဲဓာတ်ပုံများ ဖြစ်နေသည်။ ၁၉၄၇ ခုနှစ်က ရိုက်ခဲ့သော ဖလင်ကို ၁၉၉၅ ခုနှစ်အထိ နှစ်ပေါင်း ငါးဆယ်နီးပါး ထိန်းသိမ်းထား နိုင်ခြင်းအတွက် ကျေးဇူးတင်မိသည်။

မြန်မာ့ရုပ်ရှင် စိန်ရတုသဘင်

 

a

 

မြန်မာ့ရုပ်ရှင် စိန်ရတုသဘင်ပွဲ ကျင်းပ ရာတွင် တပ်မတော်ခန်းမ၌ ရုပ်ရှင်ပြခန်း များကိုလည်းကောင်း၊ အမျိုးသားဇာတ်ရုံ၌ ရုပ်ရှင်ပြဇာတ်များကိုလည်းကောင်း၊ မြို့ထဲ ရုပ်ရှင်ရုံများတွင် ခေတ်အဆက်ဆက် နာမည် ကျော်ရုပ်ရှင်ကားကောင်း ကားဟောင်းများ ကိုလည်းကောင်း၊ မိုင်ဒါကွင်းတွင် ရုပ်ရှင် ပျော်ပွဲရွှင်ပွဲများကိုလည်းကောင်း တင်ဆက် ခြင်းဖြစ်သည်။ အထက်မြန်မာပြည် မန္တလေး တွင် ရန်ကုန်ထက် တစ်လစော၍ ရုပ်ရှင် စိန်ရတုသဘင်ပွဲကို ကျင်းပခြင်းဖြစ်သည်။ ရုပ်ရှင်ပြခန်းများထဲတွင် ရုပ်ရှင်စာနယ်ဇင်း များအတွက် ပြခန်းတစ်ခန်းပေးထားသည်။ ကိုမြတ်ခိုင်တို့ဦးဆောင်၍ စာနယ်ဇင်းပြခန်း ကို ဆောင်ရွက်ရာတွင် အခက်အခဲများစွာ ကြုံတွေ့ရသည်။ ထိုအထဲက အမြတ်တစ်ခုမှာ မြန်မာ့ရုပ်ရှင် ငွေရတုသဘင်ဖွင့်ပွဲရုံကို ပန်းချီ မောင်ကျော်ညွန့်နှင့် အဖွဲ့သားများက ရေဆေးပန်းချီကားကြီး ရေးဆွဲပေးခြင်း ဖြစ်သည်။ ထိုစဉ်က ပန်းချီဆွဲသောဆေးများရှားပါးလျက်ရှိရာ ဆေးကို အမျိုးမျိုးစပ်၍ ရေးဆွဲကြရသည်။ တချို့ ဆေးကျန်များ ပေါင်း၍ စပ်ဟပ်ပုံဖော်ကြရခြင်းဖြစ်သည်။ အခက်အခဲကြားမှပင် ဂုဏ်ယူစရာကောင်း သော ပန်းချီကားကြီးတစ်ချပ် ဖြစ်လာပေ သည်။ ယခုအခါ ရုပ်ရှင်စာနယ်ဇင်းအဖွဲ့က မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးသို့ လှူဒါန်းသဖြင့် အစည်းအဝေးခန်းမတွင် ထည်ဝါစွာ တည်ရှိလျက်ရှိပေသည်။   ။