ရန်ကုန် ၁၇ ဇွန်
မြန်မာ့ရုပ်ရှင် ရာပြည့်အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြခန်းများ ခင်းကျင်းပြသရေးဆပ်ကော်မတီနှင့် ပြိုင်ပွဲများကျင်းပရေး ဆပ်ကော်မတီ အစည်းအဝေးများကို ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပြခန်းများ ခင်းကျင်းပြသရေးဆပ်ကော်မတီ တတိယအကြိမ်အစည်းအဝေးတွင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနာယကများနှင့် တက်ရောက်လာကြသူများက ယခင် မြန်မာ့ရုပ်ရှင်၊ ငွေရတု၊ ရွှေရတုနှင့် စိန်ရတုခေတ်အဆက်ဆက်တွင် ကျင်းပခဲ့သည့် အတွေ့အကြုံများ၊ အမှတ်တရပစ္စည်းများ ထုတ်လုပ်ရောင်းချရေး အစီအစဉ်များ၊ အလှပြယာဉ်များနှင့် ဖျော်ဖြေရေးအစီအစဉ်များ၊ ထင်ရှားကျော်ကြားသည့် ပုဂ္ဂိုလ်များကို 3D ပန်းချီကားများဖြင့် ရေးဆွဲဖော်ပြမည့် အစီအစဉ်များ၊ စားသောက်ဆိုင်များ တည်ခင်းရောင်းချရေး အစီအစဉ်များ၊ စာနယ်ဇင်းများကပြောသော ရုပ်ရှင်ရာပြည့် အစီအစဉ်၊ စတန့်ပြခန်းများ ပြသထားရှိရေး၊ ပြခန်းများ တာဝန်ခွဲဝေမှုကိစ္စများ၊ အနုပညာဖန်တီးသူ လူငယ်များ၏ ဇာတ်လမ်းရုပ်ရှင်တိုများ ပြသနိုင်ရေးအစီအစဉ်၊ အနုပညာ ချစ်မြတ်နိုးသူများနှင့် အနုပညာရှင်များ အမှတ်တရ ဓာတ်ပုံတွဲရိုက်ရေး အစီအစဉ်များ၊ နိုင်ငံတကာမှ အနုပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။
ယင်းနောက် မြန်မာ့ရုပ်ရှင် ရာပြည့်အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြိုင်ပွဲများကျင်းပရေး ဆပ်ကော်မတီ၏ စတုတ္ထအကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲများကျင်းပရေး ဆပ်ကော်မတီဥက္ကဋ္ဌ ဦးကြည်စိုးထွန်းက ပြိုင်ပွဲကျင်းပရေးနှင့် စပ်လျဉ်း၍ ပြိုင်ပွဲများဖြစ်သည့် ဆောင်းပါးပြိုင်ပွဲ၊ ဇာတ်လမ်းရုပ်ရှင်တို ပြိုင်ပွဲ၊ မှတ်တမ်းရုပ်ရှင်ပြိုင်ပွဲ၊ ကာတွန်းရုပ်ရှင်ပြိုင်ပွဲ၊ ရုပ်ရှင်ဉာဏ်စမ်း ဗဟေဠိပြိုင်ပွဲ ခေါ်ယူမည့်အခြေအနေ၊ စည်းမျဉ်းစည်းကမ်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြိုင်ပွဲများကျင်းပရေးဆပ်ကော်မတီ အတွင်းရေးမှူး ဦးအေးကြူလေးက ဆွေးနွေးပြီး တက်ရောက်လာကြသူများက ဝိုင်းဝန်းအကြံပြု ဖြည့်စွက်ဆွေးနွေးကြကာ ဥက္ကဋ္ဌက နိဂုံးချုပ်စကား ပြောကြားခဲ့သည်။
သတင်း- ဥမ္မာ၊ စန္ဒီ
ဓာတ်ပုံ- ရဲထွဋ်


