ရန်ကုန် ၂၂ ဇူလိုင်
မြန်မာ့ရုပ်ရှင် ရာပြည့်အခမ်းအနား ကျင်းပရေး လုပ်ငန်းကော်မတီအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် အမှတ်(၅၀) ရွှေတောင်ကြားလမ်း၊ ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဉီးစီးဌာန၊ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ၊ ရုပ်ရှင်အနုပညာရပ်ဝန်း စတူဒီယို(၁)တွင် ကျင်းပရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးအောင်လှထွန်း၊ ဒုတိယဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်နှင့် လုပ်ငန်းကော်မတီဝင်များ တက်ရောက်ဆွေးနွေးကြသည်။
အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက မြန်မာ့ရုပ်ရှင် ရာပြည့်အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ယခင်နှစ်ကပင် စတင်ဆွေးနွေးတိုင်ပင် ဆောင်ရွက်ခဲ့ပါကြောင်း၊ နှစ် ၁၀၀ ပြည့် သမိုင်းဝင် အခမ်းအနားကြီးတစ်ခု ဖြစ်သဖြင့် ရုပ်ရှင်လောကအတွက်သာမက နိုင်ငံတော်အတွက်ပါ လွန်စွာထူးခြားသည့် အခမ်းအနားကြီး ဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကာလ ဖြစ်သည့်အတွက် ကန့်သတ်ချက်များကြားမှ မည်သို့ကျင်းပပြုလုပ်နိုင်သည်ကို နည်းလမ်းရှာဖွေ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ရာပြည့်အခမ်းအနား ကျင်းပပြုလုပ်နိုင်ရေးအတွက် လိုအပ်သည့် ဆပ်ကော်မတီ(၁၆)ခုကို ဖွဲ့စည်းတာဝန်ပေးထားပြီး ဖြစ်ပါကြောင်း။
မိမိတို့၏တာဝန်မှာ ဆပ်ကော်မတီများ၏ လိုအပ်ချက်များကို ကူညီပေးရမှာ ဖြစ်သကဲ့သို့ မိမိတို့ ဆောင်ရွက်လိုသည့် အစီအစဉ်များကိုလည်း ဦးစီးကော်မတီထံ တင်ပြအတည်ပြုချက် ရယူပေးရမှာ ဖြစ်ပါကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများကို ပွင့်ပွင့်လင်းလင်း အကြံပြုဆွေးနွေးပေးကြပါရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားသည်။
ထို့နောက် လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌနှင့် ဘဏ္ဍာငွေရှာဖွေရေးဆပ်ကော်မတီ ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်က ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်က ဆပ်ကော်မတီအသီးသီးက တင်ပြထားသည့် တင်ပြချက်များအနက် လုပ်ငန်းကော်မတီမှ ဆွေးနွေးဆုံးဖြတ်ပေးရန် လိုအပ်သည့် အချက်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် တက်ရောက်လာကြသည့် လုပ်ငန်းကော်မတီဝင်များက မြန်မာ့ရုပ်ရှင် ရာပြည့်အခမ်းအနား အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လိုအပ်သည့်ကိစ္စများအား ဆွေးနွေးကြသည်။
မြန်မာ့ရုပ်ရှင် ရာပြည့်အခမ်းအနား ကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းကော်မတီကို အဖွဲ့ဝင် ၄၀ ဖြင့် ၂၀၂၀ ပြည့်နှစ် မတ် ၂၇ ရက်တွင် ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီး လုပ်ငန်းတာဝန်များအဖြစ် လိုအပ်သည့်ဆပ်ကော်မတီများ ဖွဲ့စည်းတာဝန်ပေးအပ်ရေးနှင့် လုပ်ငန်းများကြီးကြပ်ဆောင်ရွက်ရေး၊ ဆပ်ကော်မတီအချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းကူညီ ဆောင်ရွက်ပေးရေးနှင့် အသုံးစရိတ်များ စိစစ်ကြပ်မတ်ရေးများ အပါအဝင် လုပ်ငန်းတာဝန် ၄ ရပ် ပေးအပ်ထားကြောင်း သိရသည်။
သတင်းစဉ်


