ရန်ကုန် ၁၂ ဇွန်
နှစ်ပေါင်း ၁၀ဝ ပြည့်မည့် မြန်မာ့ရုပ်ရှင်ရာပြည့်ပွဲတော်အတွက် ရုပ်ရှင်အနုပညာ လောကသားများ အားလုံး စိတ်ပါဝင်စားလျက်ရှိပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး(ဗဟို)မှ ဉီးဆောင် စီစဉ်ရိုက်ကူးပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ပြသမည့် ခေတ်သုံးခေတ် မြန်မာ့ရုပ်ရှင်မှတ်တမ်း တွင်လည်း အနုပညာများ ပါဝင်ကြသည်။ ယင်းတို့အနက်မှ အနုပညာရှင်အချို့၏ အမှတ်တရ စကားသံများကို တင်ဆက်လိုက်ရပါသည်။
အကယ်ဒမီစိုးပြည့်သဇင်
အခုကျွန်မတို့ရိုက်ကူးမယ့် အစီအစဉ်လေးက မြန်မာ့ရုပ်ရှင် ရာပြည့်အထိမ်းအမှတ်အနေနဲ့ ဆရာဉီးအောင်မြင့်မြတ် ရိုက်ကူးမယ့် ခေတ်သုံးခေတ် ရုပ်ရှင်မှတ်တမ်းလေးပါ။ ခေတ်သုံးခေတ်အတွက် သူ့ခေတ်နဲ့သူ စိုးပြည့်တို့က ကူညီအားဖြည့်ပေးရမယ်။ နေရာကလည်း မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်မှာ ရိုက်ကူးတာ။ အခုလို ပါဝင်ခွင့်ရတာ ကိုက ကျွန်မတို့အတွက် ခွန်အားတစ်ရပ်ဖြစ်စေသလို ရာပြည့် အတွက် အစီအစဉ်မှာ ပါဝင်ခွင့်ရတာဖြစ်လို့ ဂုဏ်ယူမိပါတယ်။ ရိုက်ကူးရေးတွေဆိုရင်တော့ ဒါက ကိုဗစ်-၁၉ ရောဂါဖြစ်ပွားတဲ့အစကနေ ပထမဆုံးလို့ ပြောလို့ရပါတယ်။ ကျွန်မရဲ့လက်ရှိ အနုပညာလှုပ်ရှားမှုကတော့ တတိယမြောက်အခွေအယ်လ်ဘမ် ထွက်နိုင် အောင်ပြင်ဆင်နေပါတယ်။ အားလုံးပဲကျန်းမာချမ်းသာပြီး ရောဂါဘယတွေလည်း ကင်းဝေးလို့ မြန်မာ့ရုပ်ရှင် ရာပြည့်ကို အတူတူဆင်နွှဲကြရပါစေလို့ ပရိသတ်ကြီးအတွက်ရော၊ အနုပညာရပ်ဝန်းတစ်ခုလုံးအတွက်ရော ကျွန်မဆုတောင်းပေးပါတယ်။
မိုးပြည့်ပြည့်မောင်
ကျွန်မတို့ရဲ့ မြန်မာ့ရုပ်ရှင်က နှစ်ပေါင်း ၁၀ဝ ဖြတ်သန်းနိုင်ခဲ့ပြီ။ အခု ရုပ်ရှင်ရာပြည့် အထိမ်းအမှတ်အတွက် ခေတ်သုံးခေတ်မှတ်တမ်းအစီအစဉ်ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ထုတ်လွှင့်ပြသ ပေးဖို့အတွက် ကျွန်မတို့က အားဖြည့်သရုပ်ဆောင်ကြမှာပါ။ အနုပညာလောကသား တစ်ဉီးအနေနဲ့လည်း အတော်လေး ဝမ်းသာဂုဏ်ယူမိတယ်။ အမေးအဖြေကဏ္ဍမှာ လူငယ်ဘက်ကနေ သရုပ်ဆောင်ခွင့်ရပါတယ်။ မြန်မာ့ရုပ်ရှင် သမိုင်းမှာ တန်ဖိုးမဖြတ်နိုင်တဲ့ အကြောင်းအရာတွေ အများကြီး ရှိတယ်ဆိုတာကို ပိုပြီးသိခွင့်ရလာသလို ရုပ်ရှင်ရာပြည့်ကနေ သမိုင်းအဆက်ဆက် ရှင်သန်တည်တံ့အောင်၊ တန်ဖိုးကျဆင်းမသွားအောင်၊ ပိုပြီးတော့ တိုးတက်အောင် လူငယ်တွေရော၊ ဝါရင့်အနုပညာရှင်တွေရောအားလုံး ဝိုင်းဝန်းကြိုးပမ်းသွားရမယ်ဆိုတဲ့ အသိလေး ဝင်လာမိတယ်။ တစ်ဖက်မှာလည်း သိပ်ကိုတော်ပြီး သမ္ဘာနဲ့ ပြည့်ဝတဲ့ အနုပညာရှင်ကြီးတွေ သမိုင်းတစ်လျှောက်မှာ ရှိခဲ့တယ်ဆိုတာကိုလည်း သိရှိပြီး အားကျလေးစားမိပါတယ်။
နန်းခင်ဇေယျာ
မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့်ပွဲတော်အတွက် အစီအစဉ်လေးတစ်ခုကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ကနေ ထုတ်လွှင့်ပြသဖို့ရှိတာပေါ့။ အဲဒီမှာ ကျွန်မက အမေဒေါ်ချိုပြုံးရဲ့ အရင်က ရိုက်ကူးထားခဲ့တဲ့ ရုပ်ရှင်အကြောင်း ကို ပြန်ပြီးတော့ မေးမြန်းရတဲ့ ဇာတ်ဝင်ခန်းလေး ရိုက်ကူးထားပါတယ်။ နောက်ထပ်က ဝါရင့်အနုပညာရှင်အမိ၊ အဖ တွေက ကျွန်မတို့လို လူငယ်မျိုးဆက်သစ်တွေကို မြန်မာ့ရုပ်ရှင် သမိုင်းကြောင်းတွေ ပြန်ရှင်းပြကြမယ့် အစီအစဉ် တွေကိုလည်း ရိုက်ကူးရေးမှာ ပါဝင်ပါတယ်။ ကိုဗစ်-၁၉ ရောဂါကြောင့် အနုပညာအလုပ်တွေကိုတော့ လက်ရှိမှာ ရပ်နားထားရတာပါ။ အခုလို ပြန်လည်ရိုက်ကူးခွင့်ရတော့အ တော်လေး စိတ်လှုပ်ရှားမိပါတယ်။ ရိုက်ကူးရေး တွေ အထိုက်အလျောက် ပြန်လည်စတင်နေနိုင်တဲ့အတွက်လည်း ဝမ်းသာမိပါတယ်။ အနုပညာရှင်ကြီး တွေနဲ့လည်း ဆုံတွေ့ပြီး ပညာယူခွင့်ရရှိတဲ့အတွက် ကျေးဇူးတင်မိသလို အဓိကကတော့ အခုလို မြန်မာ့ရုပ်ရှင် ရာပြည့်ပွဲကြီးမှာ နန်းခင်တို့က တစ်ထောင့်တစ်နေရာကနေ ပါဝင်ခွင့်ရတဲ့အတွက် သရုပ်ဆောင်တစ်ဦးအနေနဲ့ ဂုဏ်ယူမိပါတယ်။
ကျော်ကျော်
ကျွန်တော်ကတော့ ခေတ်သုံးခေတ် မှတ်တမ်းရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ခွင့်ရသူပါ။ အဲဒီအစီအစဉ်မှာက ဝါရင့် အနုပညာရှင်တွေ အများကြီးပါဝင်တယ်။ လူကြီးတွေကနေ ကျွန်တော်တို့ လူငယ်တွေကို မြန်မာ့ရုပ်ရှင်သမိုင်း ကြောင်းတွေအကြောင်း ပြန်လည်ရှင်းလင်းပြသပေးတဲ့ ဇာတ်ဝင်ခန်းလေး ရိုက်ကူးရမှာပါ။ ကျွန်တော်တို့ အတွက်ကတော့ ဝါရင့်အနုပညာရှင်တွေနဲ့ တွေ့ဆုံခွင့်ရတာ အများကြီး အသိပညာတိုးရပါတယ်။ အနုပညာ သက်တမ်းမှာ မြန်မာ့ရုပ်ရှင်ရာပြည့်ပွဲနဲ့ ကြုံရပြီး ပါဝင်ခွင့်ရတာ ကျွန်တော့်အတွက် ထူးခြားပါတယ်။ ကျွန်တော်က အနုပညာလောကထဲကို အခုမှစဝင်တဲ့သူဆိုရင်လည်း ရာပြည့်ပွဲမှာ မပါဝင်နိုင်ဘူး။ ကိုယ်ကအသက်တွေ အရမ်းကြီးပြီး မသွားနိုင်မလာနိုင်ဖြစ်နေရင်လည်း မလွယ်ပါဘူး။
တွေဆုံမေးမြန်း-ကိုလင်း


