ရန်ကုန် ၅ ဇွန် 

 

မြန်မာ့ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရုပ်ရှင်လုပ်ငန်းများ ပုံမှန်လည်ပတ် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ဗဟိုပုံနှိပ်စက်ရုံ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

 

အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့်  တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ နာယက ဦးကြည်စိုးထွန်း၊ ဥက္ကဋ္ဌ ဦးညီညီထွန်းလွင်နှင့် တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးကြသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ၂၀၂၀ ပြည့်နှစ်သည် မိမိတို့နိုင်ငံအတွက် မြန်မာ့ရုပ်ရှင် နှစ်(၁၀၀)ပြည့် အပါအဝင် အခြားရာပြည့်အခမ်းအနားများ ကျင်းပနိုင်ရန် ကြုံကြိုက်သည့် အခွင့်အရေးရသည့်နှစ်ဖြစ်ပါကြောင်း၊ မြန်မာ့ရုပ်ရှင်ရာပြည့် အခမ်းအနားကို စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပနိုင်ရန် အထူးအခွင့်အရေး တစ်ရပ်အဖြစ် ခံယူပြီး ယမန်နှစ်ကတည်းက ကြိုတင်စဉ်းစားပြင်ဆင်ကာ ဆွေးနွေးဆောင်ရွက်ခဲ့ကြပါ ကြောင်း။

 

သို့သော်လည်း ကိုဗစ်(၁၉)ရောဂါသည် ကမ္ဘာတစ်ဝှမ်း ပျံ့နှံ့ဖြစ်ပွားမှုနှင့်အတူ မိမိတို့ နိုင်ငံလည်း ထိခိုက်မှုရှိပါကြောင်း၊ သို့ရာတွင် မိမိတို့နိုင်ငံအနေဖြင့် ကိုဗစ်(၁၉)ရောဂါ ဖြစ်ပွား မှုကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားနိုင်သည်ဟု မြင်ပါကြောင်း၊ ယခုအစည်းအဝေးတွင် မြန်မာ့ရုပ်ရှင်လောက၌  ကြုံတွေ့နေရသည့် ရုပ်ရှင်ရိုက်ကူးရေးနှင့် ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ် ပြသနိုင်ရေးတို့အပြင် မြန်မာရုပ်ရှင်ရာပြည့် အခမ်းအနား ကျင်းပနိုင်ရေး အတွက် ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ပြန်လည်လုပ်ကိုင်ဆောင်ရွက်နိုင်မည့် အခြေအနေများကို ဝိုင်းဝန်းဆွေးနွေးအကြံပြုကြစေလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး နာယက ဒါရိုက်တာ ဦးကြည်စိုးထွန်း၊ ဥက္ကဋ္ဌ ဦးညီညီထွန်းလွင်နှင့် အဖွဲ့ဝင်များက မြန်မာ့ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ကိုဗစ်(၁၉)ရောဂါဖြစ်ပွားမှုကြောင့် ရုပ်ရှင်လောကတွင် ထိခိုက်မှုနှင့် အခက်အခဲ များရှိနေမှု၊ ရုပ်ရှင်ရိုက်ကူးရေးနှင့် ရုပ်ရှင်ရုံများ ပြန်လည် ဖွင့်လှစ် ပြသနိုင်ရေး အတွက် စီမံ ဆောင်ရွက်လိုမှု၊ မြန်မာ့ရုပ်ရှင်ရာပြည့်အခမ်းအနားကို ကိုဗစ် ၁၉ ရောဂါဖြစ်ပွားမှုအခြေအနေအရ ချိန်ဆဆောင်ရွက်ရမည့် အခြေအနေတို့ကို ဆွေးနွေး တင်ပြကြသည်။

 

မွန်းလွဲပိုင်းတွင် မြန်မာ့ရုပ်ရှင်ရာပြည့်အခမ်းအနား အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆက်လက်ကျင်းပရာ မြန်မာ့ရုပ်ရှင်ရာပြည့် အခမ်းအနား ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ  ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် နှင့် ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးကြသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့အနေဖြင့် မြန်မာ့ရုပ်ရှင် ရာပြည့်အခမ်းအနားကြီးကို တန်ဖိုးထားပြီး ကြုံကြိုက်ခွင့်ရသည့် အထူးအခွင့်အရေး တစ်ရပ်အဖြစ် ခံယူကာ ယမန်နှစ်ကတည်းက ကြိုတင်စဉ်းစားဆွေးနွေးပြီး ပြင်ဆင်ဆောင် ရွက်ခဲ့ကြခြင်းဖြစ်ပါကြောင်း၊ သို့သော်လည်း စည်းရုံးလှုံ့ဆော်မှုတွင် သတင်းစာနှင့်ရုပ်မြင် သံကြားမှ ထုတ်လွှင့်ဖော်ပြမှုအချို့ရှိသော်လည်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် စုစည်း ကျင်းပနိုင်မှု ကန့်သတ်ချက်အရ အားနည်းနေသည်ဟု မြင်ပါကြောင်း၊ ပွဲတော်ကျင်းပမည့် အောက်တိုဘာလတွင် မည်သို့မည်ပုံ ကျင်းပနိုင်မည်ကို ဩဂုတ်လအတွင်း နောက်ဆုံးထား၍ ဆုံးဖြတ်ဆောင်ရွက်သင့်သည်ဟု မြင်ပါကြောင်း၊ သို့ရာတွင် အချို့ ကိစ္စရပ်များမှာ ဩဂုတ်လမှစ၍ မဖြစ်နိုင်သဖြင့် ဆပ်ကော်မတီများအလိုက် လုပ်နိုင်သမျှ၊ ဖြစ်နိုင်သမျှဖြင့် ရရှိသည့် အချိန်မှ စတင်ဆောင်ရွက်ကြစေလိုပါကြောင်း၊ ဥပမာ- မဂ္ဂဇင်းထုတ်ဝေရေး၊ စာတမ်းဖတ်ပွဲ ကျင်းပရေးတို့ ဖြစ်ပါကြောင်း၊ ဆပ်ကော်မတီများအနေဖြင့် ကြိုတင်စဉ်းစားပြင်ဆင် လာသည့်အတိုင်း ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြစေလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်က မြန်မာ့ရုပ်ရှင်ရာပြည့်အခမ်းအနား ကျင်းပရေးအတွက် ဆောင်ရွက် ထားရှိသည့် လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်ရန် လိုအပ်သည့်အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ မြန်မာ့ရုပ်ရှင်ရာပြည့်အခမ်းအနားကျင်းပရေး ဆပ်ကော်မတီများမှ တာဝန်ရှိသူများက မိမိတို့ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး တင်ပြကြသည်။

 

မြန်မာ့ရုပ်ရှင်နေ့ကို ပထမဆုံး မြန်မာ့ရုပ်ရှင်ဇာတ်ကားဖြစ်သည့် မေတ္တာနှင့်အသူရာ ရုပ်ရှင်အား ရုံတင်ပြသခဲ့သည့် ၁၉၂၀ ပြည့်နှစ် အောက်တိုဘာလ (၁၃)ရက်နေ့ကို သတ်မှတ်ခဲ့ရာ ယခု ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလတွင် နှစ်ပေါင်း(၁၀၀)ပြည့်မြောက်မည်ဖြစ်သည်။ 

 

အဆိုပါ မြန်မာ့ရုပ်ရှင်ရာပြည့်အခမ်းအနားကို မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူ ယှဉ်တွဲပေါ်ပေါက်ခဲ့သည့် မြန်မာ့ရုပ်ရှင်၏ နှစ်(၁၀၀)ခရီးကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်၊ ခေတ်အဆက်ဆက် ထင်ရှားခဲ့သည့် မြန်မာ့ရုပ်ရှင်ပညာရှင်ကြီးများ၏ အနုပညာနှင့် အတတ်ပညာစွမ်းပကားကို ရုပ်ရှင်လောကသားများ အားကျအတုယူ၍ မြန်မာ့ရုပ်ရှင် အဆင့်အတန်း မြင့်မားစေရေးအတွက် ဝိုင်းဝန်းကြိုးပမ်း အားထုတ်ရန်နှင့် ရုပ်ရှင်လောက သားများ၏ ညီညွတ်မှုစွမ်းအား၊ အနုပညာဖန်တီးမှု စွမ်းအားများဖြင့် နိုင်ငံနှင့် ပြည်သူ အကျိုးကို တိုးမြှင့်ဆောင်ရွက်ရန်ဆိုသည့် ရည်ရွယ်ချက်သုံးရပ်ဖြင့် စည်ကားသိုက်မြိုက်စွာနှင့် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရန်အတွက် ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီ(၁၆)ခုတို့ဖြင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။  

 

သတင်းစဉ်