mdn

သတင်းဆောင်းပါး - စန်းနီလာဝင်း

 

ရုပ်ရှင်အနုပညာသည် စည်းရုံးရေးဩဇာရော ပညာပေး ဩဇာပါ အစွမ်းထက်မြက်လှသော လူထုဆက်သွယ်ရေး ကိရိယာတစ်ခုဖြစ်သည်။ ထိုသို့ ထက်မြက်နေခြင်းမှာ စာပေ၊ ဂီတ၊ စီစဉ်ညွှန်ကြားမှု ပညာရှင်၊ သရုပ်ဆောင် ပညာရှင်၊ ဓာတ်ပုံပညာရှင်၊ မွမ်းမံတည်းဖြတ်မှု ပညာရှင်အားလုံး စုပေါင်း၍ ဟန်ချက်ညီညီ ထုတ်လုပ် ဖန်တီးသော အနုပညာတစ်ရပ်ဖြစ်နေခြင်းကြောင့်ပင် ဖြစ်ပါသည်။ ။

ထို့ကြောင့် ယဉ်ကျေးမှုမဿဗေဒပညာရှင်များက ယဉ်ကျေးမှုအနုပညာသည် လူနှင့်ပတ်ဝန်းကျင်ကို ထိန်းချုပ်နိုင်ရန်အတွက် လူတို့ဖန်တီးထုတ်လုပ်သော အရာများဖြစ်သည်။ ထိုယဉ်ကျေးမှုတွင် စာပေ၊ ဂီတ၊ သဘင်၊ ရုပ်ရှင်၊ ပန်းချီ၊ ပန်းပု အနုပညာတို့ဖြင့် မိမိတို့လူမျိုး၊ ယဉ်ကျေးမှုအဆင့်အတန်းကိုတိုင်းတာပြသ နိုင်သည်ဟု ဖွင့်ဆိုထားသည်ကို လေ့လာတွေ့ရှိရသည်။

 

ပထမဆုံး မြန်မာရုပ်ရှင်ကား

 

မြန်မာ့ရုပ်ရှင်အနုပညာသည် ကိုလိုနီခေတ်တွင် သန္ဓေတည်ပေါက်ဖွားလာခဲ့ရသည်။ မြန်မာ့ရုပ်ရှင် စတင်ပေါ်ပေါက်လာခဲ့သည့် ၁၉၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏ "အမျိုးသားနေ့" (National Day) စတင်သန္ဓေတည်ခဲ့သည်။ ပထမအကြိမ် ရန်ကုန် တက္ကသိုလ်သပိတ်ကြီး ပေါ်ပေါက်လာသည့်အချိန်နှင့် တိုက်ဆိုင်နေသဖြင့် တစ်နိုင်ငံလုံး အမျိုးသားရေး စိတ်ဓာတ် တက်ကြွနေသည့်အချိန်အခါလည်း ဖြစ်ပါ သည်။ ထိုအချိန်က မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိရေးအတွက် အရေးဆိုရန် အင်္ဂလန်သို့ စေလွှတ်ခြင်း ခံရသော ဦးဘဖေ၊ ဦးပု၊ ဦးထွန်းရှိန်တို့အနက် ဦးထွန်းရှိန်မှာ ကွယ်လွန်သွားခဲ့သည်။ ထိုအခါ ရုပ်ရှင် ဖခင်ကြီး ဦးအုန်းမောင်က ဦးထွန်းရှိန်၏ ဈာပန အခမ်းအနားကို "မှတ်တမ်းတင်ရုပ်ရှင် "(Documentary Film) အဖြစ် ရိုက်ကူးခဲ့ပါသည်။ အမျိုးသား ခေါင်းဆောင်ကြီးတစ်ဦးဖြစ်ခဲ့သည့် ဦးထွန်းရှိန်၏ ဈာပနသတင်းကားသည်မြန်မာနိုင်ငံတွင် မြန်မာလူမျိုးက မြန်မာသတင်းကားရုပ်ရှင်ကို ရိုက်ကူး၍ မြန်မာနိုင်ငံ၌ စတင်ပြသခဲ့သော ပထမဆုံး မြန်မာရုပ်ရှင်ကား တစ်ကား ဖြစ်ခဲ့ပါသည်။

 

အမှန်မှာ ဦးအုန်းမောင်ရိုက်ကူးခဲ့သည့် ပထမဦးဆုံး သော မြန်မာ့ရုပ်ရှင် ဇာတ်ကားမှာ "မေတ္တာနှင့်သူရာ" အမည်ရှိ ရုပ်ရှင်ဇာတ်ကား ဖြစ်ပါသည်။ ထိုမေတ္တာနှင့် သူရာရုပ်ရှင်ဇာတ်ကားကို ဦးအုန်းမောင်သည် ၁၉၁၈ ခုနှစ်ကတည်းကပင် ရိုက်ကူးခဲ့သည်ဟု သိရသည်။ သို့ရာတွင် အမျိုးသားခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့သည့် ဦးထွန်းရှိန်မှာ ၁၉၂၀ ပြည့်နှစ် ဇွန်လ ၂ ရက်နေ့တွင် ကွယ်လွန်ခဲ့ရာ ၎င်း၏ဈာပနသတင်းကားကို ရုပ်ရှင် ရိုက်ကူးပြီး ပထမဦးစားပေးပြသခဲ့သဖြင့် မြန်မာ့ပွဲဦးထွက် ရုပ်ရှင်သည် ကိုယ်ကျိုးစီးပွားထက် အမျိုးသားရေးကို ဦးစားပေးတင်ပြခဲ့သည်မှာ ပေါ်လွင်ခိုင်မာထင်ရှား လှပါသည်။ ။

၁၉၁၀ ပြည့်နှစ် ပတ်ဝန်းကျင်က မြန်မာနိုင်ငံတွင် "ရှိုးမင်းရှစ်" (Showman Ship) ခေါ် ရုပ်ရှင်ပြသသူများ ပေါ်ပေါက်ခဲ့သည်။ ထိုသူတို့သည် ရုပ်ရှင်ပြစက်နှင့် ဖလင်လိပ်များကိုထမ်းပြီး အရပ်တကာလှည့်လည်ကာ ရုပ်ရှင်ပြသခဲ့ကြသည်။ ထိုခေတ်က ပေါ်ဦးစရုပ်ရှင်ပြစက် များမှာ ကင်မရာအဖြစ် လည်းကောင်း၊ ပြစက်အဖြစ် လည်းကောင်း နှစ်မျိုးစလုံးသုံး၍ရသော ပြစက်ကင်မရာ များသာ ဖြစ်ခဲ့သည်။ ထိုပြစက် ကင်မရာများဖြင့် ရောက်ရှိ လာသော နိုင်ငံခြားသားများသည် မြန်မာပြည်မှ သူတို့ မြင်တွေ့ရသည့် ကောင်းနိုးရာရာများကို ရိုက်ကူးသွားခဲ့ ကြပြီး မြန်မာနိုင်ငံသို့ ပြန်ယူလာကာ ပြသခဲ့ကြသည်။

 

ထိုအချိန်က ပြသခဲ့သော ရုပ်ရှင်ကားတိုလေးများ မှာ မြန်မာအမျိုးသမီးမိခင်တစ်ဦးက ရင်သွေးငယ်လေး အား နို့တိုက်ကျွေးနေပုံ၊ မုန့်ဟင်းခါးအထမ်းသည်တစ်ဦး လမ်းလျှောက်ရောင်းသည်ကို ခေါ်ယူဝယ်စားပုံ၊ အငြိမ့် မင်းသမီးများ ကပြနေပုံစသည့် ကြည့်ချင်ဖွယ်များကို ရိုက်ကူးပြသခဲ့ကြသည်ဟု သိရသည်။ ထိုစဉ်က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်၌ ကျင်းပခဲ့သည့် ပဉ္စမမြောက်ဂျော့ဘုရင်၏ အိန္ဒိယနိုင်ငံဆိုင်ရာ နန်းသိမ်းပွဲ၌ ဧည့်သည်တော် အိန္ဒိယသို့ပါတော်မူခဲ့သူ မြန်မာဘုရင် သီပေါမင်းက နိမ့်သည့်နေရာမှနေ၍ မြင့်ရာနေရာ၌ ရှိသော | ဂျော့ဘုရင်အား ဦးညွှတ်နှုတ်ဆက်သည့် သတင်းကားကို ပြသခဲ့ရာ မျိုးချစ်စိတ်ဓာတ်ပြင်းပြခဲ့သော မြန်မာ့ရုပ်ရှင် ပရိသတ်က တစ်မုဟုတ်ချင်းပင် ရုပ်ရှင်ပိတ်ကားကို ခဲလုံးများ၊ ဖိနပ်များဖြင့် ပစ်ပေါက်ခဲ့ကြရာ နောက်နောင်တွင် ထိုရုပ်ရှင်သတင်းကားကို နိုင်ငံခြားသားတို့က လုံးဝမပြဝံ့ တော့ဟု သိရသည်။

 

ရိုက်ကူးထုတ်လုပ်ခဲ့

 

မြန်မာ့ရုပ်ရှင်သည် စတင်ပေါ်ပေါက်ခဲ့ချိန်မှစ၍ ပြည်သူတို့ကို ဖျော်ဖြေရေး သက်သက်အတွက်သာ မဟုတ်ဘဲ ခေတ်အဆက်ဆက်တွင် ထိုခေတ်၏လူနေမှု စနစ်၊ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု အခြေအနေများနှင့် ထင်ဟပ်ပြီး အမျိုးသားရေးစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်များ နိုးကြားလာစေရန် လှုံ့ဆော်ပေးခဲ့သော အနုပညာတစ်ရပ် အဖြစ် ရပ်တည်ခဲ့ပါသည်။ လွတ်လပ်ရေးမရမီကာလတွင် မြန်မာတစ်မျိုးသားလုံးသည် တစ်မျိုးသားလုံး နယ်ချဲ့ လက်အောက်မှ လွတ်မြောက်ရေးအတွက် နည်းမျိုးစုံဖြင့် တိုက်ပွဲဝင်ခဲ့ကြရာ မြန်မာတိုင်းရင်းသားတို့ မျိုးချစ်စိတ်၊ ဇာတိမာန်စိတ်နှင့် စွန့်စားလိုစိတ်ရှိစေမည့် ဇာတ်ကားများကို မြန်မာ့ရုပ်ရှင်အနုပညာရှင်များက ရိုက်ကူးထုတ်လုပ်ခဲ့ ကြပါသည်။

 

နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ် ပြင်းထန်လာစေရေး အတွက် ရွှေဒေါင်းတောင်၊ အရိန္ဒမ၊ ဗလ၊ ရဲညီနောင်၊ ရဲဘက်တော်၊ သူရဲကောင်း၊ ရန်ကြီးအောင်၊ မင်းမနိုင်၊ ဇာတိမျိုး၊ မင်းအာကာ၊ ဓားနှစ်လက်၊ တောပုန်း၊ မောင်ပေါက်ကျိုင်း၊ ရဲဘုရင်၊ ရွှေစွန်ညို၊ စောရန်အောင် စသည့် ရုပ်ရှင်ဇာတ်ကားများကို ရိုက်ကူးပြသခဲ့သည်။ ထို့နောက် ဒုတိယကမ္ဘာစစ်မတိုင်မီကာလတွင်လည်း ပြောက်ကျားဗိုလ်၊ သွေးသောက်၊ ရန်သူနံပါတ်(၁)၊ သူပုန်သွေး၊ မျိုးချစ်သူပုန်၊ ဗမာ့သွေး၊ ရဲလုလင် စသည့် မျိုးချစ်စိတ်ဓာတ်ကို လှုံ့ဆော်ပေးသော ရုပ်ရှင်ဇာတ်ကား များကို ရိုက်ကူးပြသခဲ့သည်။ အင်္ဂလိပ်နယ်ချဲ့အစိုးရအား လက်နက်စွဲကိုင် တော်လှန်တိုက်ခိုက်ခဲ့သော ဆရာစံ တောင်သူလယ်သမား အရေးတော်ပုံကြီးကို အားပေး ဂုဏ်ပြုသောအားဖြင့် ဗြိတိသျှဘားမားရုပ်ရှင်မှ ဒါရိုက်တာ ဦးအောင်မြတ်သည် ရွှေဒုံးဘီအောင်၏ ဇာတ်ညွှန်းဖြင့် သူပုန်သွေးအမည်ရှိ တော်လှန်ရေးဇာတ်ကားကို ရိုက်ကူး ခဲ့သည်။ ၁၉၃၆ ခုနှစ်တွင် ပေါ်ပေါက်ခဲ့သော ဒုတိယ တက္ကသိုလ်ကျောင်းသားသပိတ်ကို အားပေးဂုဏ်ပြု မှတ်တမ်းတင်သည့်အနေဖြင့် ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးခဲ့သည်။

 

၁၉၃၈ ခုနှစ်တွင် အင်္ဂလိပ်နယ်ချဲ့ အစိုးရအား ဆန့်ကျင်သော တတိယအကြိမ် တက္ကသိုလ်ကျောင်းသား သပိတ်တွင် အင်္ဂလိပ်နယ်ချဲ့လက်ပါးစေ ပုလိပ်တို့၏ လက်ချက်ဖြင့် ကျဆုံးခဲ့သော ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်၏ ဈာပနအခမ်းအနားကို ဗြိတိသျှဘားမားရုပ်ရှင်မှ ဒါရိုက်တာ ဆရာခန့်က မှတ်တမ်းတင် သတင်းကား ရိုက်ကူးပြသခဲ့ရာ ဗိုလ်အောင်ကျော်သတင်းကားမှာ နယ်ချဲ့ဆန့်ကျင်ရေးအတွက် ထက်မြက် ထိရောက်သော စည်းရုံးလှုံ့ဆော်ရေး လက်နက်ကောင်းတစ်ခုဖြစ်ခဲ့ပါသည်။ ထို့ပြင် ဗိုလ်အောင်ကျော်ကြေး ရုပ်ရန်ပုံငွေအတွက် ဗြိတိသျှဘားမားမှတစ်ဆင့် ဗိုလ်အောင်ကျော် ဓာတ်ပြားသီချင်းကို ရုပ်ရှင်မင်းသမီး ခင်ခင်ရီက မေတ္တာဖြင့် ကူညီသီဆိုပေးခဲ့သည်ကို ကြည့်ခြင်းအားဖြင့် ရုပ်ရှင် အနုပညာရှင်များသည် အမျိုးသားရေးကို ဦးစားပေးခဲ့ ကြသည်မှာ ထင်ရှားလှပါသည်။

 

မျိုးချစ်စိတ်ဓာတ်များ ပိုမိုတက်ကြွလာ

 

မြန်မာ့ရုပ်ရှင်လောကတွင် ဇာတ်လမ်းရွေးချယ် ရိုက်ကူးခဲ့ရာ၌ အစဉ်အလာကြီးမားခဲ့သော မြန်မာအဆွေ ကုမ္ပဏီသည် မြန်မာတိုင်းရင်းသားများ ဇာတိမာန် တက်ကြွရေးအတွက် ၁၉၃၇ ခုနှစ်၌ ဒါရိုက်တာ အေဝမ်း ဦးတင်မောင်က သီပေါမင်းပါတော်မူခန်းကို အခြေခံထားသည့် "အောင်သပြေ" အမည်ရှိ ရုပ်ရှင် ဇာတ်ကားကို ရိုက်ကူးထုတ်လုပ်တင်ဆက်ခဲ့ပါသည်။ ဤရုပ်ရှင်ဇာတ်ကား၌ ၁၂၄၇ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်နေ့တွင် အင်္ဂလိပ်နယ်ချဲ့ တပ်များက မန္တလေးနန်းတွင်းသို့ ဝင်ရောက်လာပြီး သီပေါမင်းနှင့် စုဖုရားလတ်တို့အား ဖမ်းဆီးသွားပုံ၊ လာရောက်ဖမ်းဆီး ချိန်တွင် သီပေါမင်းက သန်လျက်ဆွဲကိုင်လိုက်ပုံ၊ ဘုရင့် တပ်မှ တပ်မှူးက ကြိတ်မနိုင်ခဲမရဖြစ်ကာ ဓားအိမ်မှ ဓားကို ဆွဲထုတ်လိုက်ပုံ၊ သီပေါမင်းနှင့် မိဖုရားတို့အား ကြက်၊ ငှက်သဖွယ် ဖမ်းဆီးခေါ်ဆောင်သွားသည်ကို တွေ့မြင်ရသောလူထုမှာ အံကြိတ်ကာ အားမတန်၍ မာန်လျှော့လိုက်ရပုံများကို အသားပေးရိုက်ကူးပြသထား သဖြင့် ရုပ်ရှင်ကြည့်ပရိသတ်မှာ သူ့ကျွန်မခံလိုစိတ်၊ နယ်ချဲ့ တိုင်းတစ်ပါးသားကို ခုခံတွန်းလှန်ချေမှုန်း လိုသော မျိုးချစ်စိတ်ဓာတ်များ ပိုမိုတက်ကြွလာသည်ဟု လေ့လာသိရှိရသည်။

 

ထိုအောင်သပြေရုပ်ရှင်ဇာတ်ကား ပြသခဲ့သောအချိန်မှာ ဒုတိယကမ္ဘာစစ်ကြီးမဖြစ်ပွားမီ အမျိုးသား ဝံသာနု စိတ်ဓာတ်များ တက်ကြွနေသည့်အချိန်အခါဖြစ်သည်။ ထိုဇာတ်ကားကို ဆင်ဆာကခွင့်ပြုခဲ့သဖြင့် လှည့်လည်ပြသနေစဉ် အမျိုးသားရေးစိတ်ဓာတ်တက်ကြွပြီး အင်္ဂလိပ်နယ်ချဲ့အစိုးရအပေါ် အကြည်ညိုပျက်ပြား ရန် လှုံ့ဆော်ပေးသော ဇာတ်ကားဖြစ်သည်ဟု အင်္ဂလိပ် အာဏာပိုင်များက သဘောပေါက်သိရှိသွားသဖြင့် မုံရွာ မြို့တွင်ပြသနေရာမှ ရန်ကုန်မြို့သို့ရုပ်ရှင်ဇာတ်ကားထုပ်ကို ပြန်လည်ပို့ခဲ့ရသည်။ ရန်ကုန်တွင် ဆင်ဆာ ပြန်လုပ်ပြီးလျှင် ပါတော်မူခန်းကို ဖြတ်ပြီးမှ ပြန်လည်ပြသခွင့်ပေးခဲ့သည်ဟု လေ့လာသိရှိရသည်။

 

mdn

 

ကောက်နုတ်လေ့လာတင်ပြ

 

ဆက်လက်၍ ကိုလိုနီခေတ်တစ်လျှောက်လုံးတွင် ရုပ်ရှင်ထုတ်လုပ်သူမြန်မာတို့၏ အမျိုးသားရေးဆိုင်ရာ ခံယူချက်သဘောထားအချို့ကို ဆက်လက်ဂုဏ်ပြု တင်ပြလိုပါသည်။ သာကဖြင့် ပမာပြ ရပါလျှင် ၁၉၃၁ ခုနှစ်က တည်ထောင်ပေါ်ပေါက်ခဲ့သော" ပဲရော့ရုပ်ရှင် ကုမ္ပဏီ ပိုင်ရှင် ဦးဆန်နီ၏ရုပ်ရှင်ဇာတ်ကားထုတ်လုပ်မှု ဆိုင်ရာ ခံယူချက်သဘောထားကို ကောက်နုတ်လေ့လာ တင်ပြပါရစေ။

 

"ပဲရော့ရုပ်ရှင် ကုမ္ပဏီ တည်ထောင်သူဦးဆန်နီ၏ ရည်ရွယ်ချက်နှင့်စပ်လျဉ်း၍ဆရာကြီး ဒဂုဏ် ဦးဘတင်" ၏ "ကျွန်ုပ်နှင့်မြန်မာ့ရုပ်ရှင်လောက" အမည်ရှိစာအုပ်တွင် သတင်းစာနှင့်ရုပ်ရှင်ကို နှိုင်းယှဉ်၍ ကြည့်မိသည်။ သတင်းစာများကို ၁၉၃၁ ခုနှစ်လောက်က နေ့စဉ်နှင့်အမျှ ဖတ်သူမှာလူတစ်သိန်းခန့်ရှိလိမ့်မည်ဖြစ်ပြီး ရုပ်ရှင်ကြည့်သူ များမှာ သုံးသိန်းခန့်မျှ ရှိလိမ့်မည်ဟု ခန့်မှန်းမိသည်။

 

ထိုသို့ခန့်မှန်းမိသောအခါ သတင်းစာသည် အကြံဉာဏ်ပေးနိုင်ခြင်း၊ ဗဟုသုတပြည့်ဝစေခြင်း၊ ပြုပြင်ပေးနိုင်ခြင်း အစရှိသော အကျိုးတရားတို့ကို ပေးနိုင်ရကား သတင်းစာထက် သုံးပုံနှစ်ပုံမျှ ပို၍များစွာ ကြည့်ကြသော ရုပ်ရှင်သည် အဘယ်ကြောင့် တိုင်းပြည်အား အကြံကောင်း ဉာဏ်ကောင်းများ၊ ဗဟုသုတများ၊ မကောင်းသည်ကို ကောင်းအောင်ပြုပြင်ရေးများ နှစ်ဆပို၍ မပေးနိုင်ဘဲ ရှိချိမ့်လိမ့်မည်နည်းဟူသော အတွေး အခေါ်တို့သည် တဖြည်းဖြည်းပေါ်ပေါက်လာခဲ့ပေသည်။

 

သို့ဖြစ်၍ ကျွန်ုပ်သည် မည်သည့်နည်းဖြင့် တိုင်းပြည် ကို ပညာဉာဏ်၊ ဗဟုသုတတွေ ပေးရပါမည်နည်း၊ တိုင်းပြည်ကြီးကို မည်သို့ပြုပြင်ရပါမည်နည်းဟူသော ရှာကြံနေသူဖြစ်ရကား ရုပ်ရှင်သည် တိုင်းပြည်အတွက် လက်နက်ကောင်းကြီးတစ်ခုဖြစ်သည်ကို သိရသည်နှင့် တစ်ပြိုင်နက် ၁၉၃၁ ခုနှစ်အတွင်းတွင်ပင် ဤ "ပဲရော့ ရုပ်ရှင်ကုမ္ပဏီကို စတင်တည်ထောင်ခဲ့ပါသည်။

 

ကျွန်ုပ်လက်ငင်းပြုပြင်ပေးလိုသော အချက်ကြီးမှာ ၃၆ ကောင်ဒိုင်တွေဖွင့်၍ မရှိဆင်းရဲသားများ၏ချွေးနှဲစာကို အပြောင်သိမ်းယူနေကြခြင်းနှင့် အသိမ်းခံရသူတို့မှာလည်း ဆားငန်ရေသောက်ရသကဲ့သို့ လည်းကောင်း၊ အရူးအမဲသား ကျွေးမိသကဲ့သို့လည်းကောင်း၊ သည်တစ်ခါမရလျှင် နောက်တစ်ခါရလိမ့်နိုးနိုးဖြင့် တထိုးတည်း ထိုးနေကြ သဖြင့် မွဲပြာကျကုန်သည်အထိ မက်မက်မောမောထိုးနေကြပြီး ကျောချ၍ဓားပြမှန်းမသိ ဖြစ်နေကြ သည်ကို လည်းကောင်း၊ ထိုစဉ်ကပုလိပ်များလာဘ်စားသည်ကို ပြုပြင်ပေးလိုသည်က တစ်ကြောင်းတို့ကြောင့် "၃၆ကောင်" ဟူသော ဇာတ်ကားဖြင့် ၃၆ ကောင်ထိုး၍ ပျက်စီးရပုံ၊ ပုလိပ်များ မည်ကဲ့သို့လာဘ်စားပုံတို့ကို ကွင်းကွင်း ကွက်ကွက်ပြလိုက်ရာ အတော်ပင်လူကြိုက်များ၍ အကျွတ်တရားရသူများရသွားကြသဖြင့် ၃၆ ကောင်မထိုး သည့်အတွက် စိတ်အေးချမ်းသာစွာ မျှမျှတတ နေနိုင် ထိုင်နိုင် စားနိုင် သောက်နိုင်ဖြစ်ကြပေသည်။ ထို့ကြောင့် ပထမကားတွင်ပင် အဝိတ်ခံခဲ့ရသေးသည်။

 

ဤသို့ ပြုပြင်ရိုက်ကူးထုတ်လုပ်ရသည်နှင့်ပင် ကျွန်ုပ်တို့အဖို့ ကျွန်ုပ်၏ရည်ရွယ်ချက်ထမြောက်အောင်မြင် သောကြောင့် အကျေနပ်ကြီးကျေနပ်နေမိပါသည်။ အရှုံးအမြတ်ကို ပဓာနမထားပါဟုဖော်ပြထားသည်ကိုလေ့လာ တွေ့ရှိရသည်။

ဤအချက်ကိုကြည့်ခြင်းအားဖြင့် မြန်မာ့ရုပ်ရှင် အနုပညာရှင်တို့သည် ကိုယ်ပိုင်စီးပွားရေးအကျိုးအမြတ် တစ်ခုတည်းအတွက်သာမကြည့်ဘဲ တိုင်းပြည်နှင့် လူမျိုးအတွက် အမျိုးသားရေး လိုအပ်ချက်များကို အမျိုးသားရေးတာဝန်ကျေပွန်စွာဖြင့် ဖြည့်ဆည်းပံ့ပိုးပေး ခဲ့သည်ကို ထင်ရှားစွာမြင်တွေ့နိုင်မည် ဖြစ်ပါသည်။

ထို့ကြောင့် မြန်မာ့ရုပ်ရှင်အနုပညာရှင်လောကသား အားလုံးတို့သည် အမျိုးသားရေးခံယူချက်နှင့် စပ်လျဉ်း၍၊ တိုင်းပြုပြည်ပြုလုပ်ငန်းများ လုပ်ဆောင်နိုင်ရေး နှင့်စပ်လျဉ်း၍ ၁၉၄၇ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သည့် မြန်မာ့ရုပ်ရှင်ငွေရတုသဘင်အခမ်းအနားကြီးတွင် (ထိုစဉ်က မြန်မာ့ရုပ်ရှင်ရွှေရတုသဘင်အခမ်းအနားကို ၁၉၄၅ ခုနှစ် တွင် ကျင်းပရန်ဖြစ်သော်လည်း ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ချိန်နှင့် တိုက်ဆိုင်နေသဖြင့် ၁၉၄၇ ခုနှစ်ရောက်မှ ကျင်းပခဲ့ရခြင်း ဖြစ်ပါသည်။) အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက မြန်မာပြည်ကြီး လွတ်လပ်တော့ မည်ဖြစ်ကြောင်း၊ လွတ်လပ်သော မြန်မာပြည်တွင် တိုင်းပြည်ထူထောင် တိုးတက်ရေးအတွက် တိုင်းသူ ပြည်သားတိုင်း တာဝန်ရှိကြောင်း၊ ရုပ်ရှင်လောကသားများ မှာလည်း တာဝန်ရှိကြောင်း၊ ရုပ်ရှင်အနုပညာဖြင့် တိုင်းပြည် အကျိုးရှိအောင်ဆောင်ရွက်ရန်ဖြစ်ကြောင်း စသည်ဖြင့် လမ်းညွှန်မိန့်ကြား ခဲ့သည်ကို လေ့လာတွေ့ရှိရသည်။

 

မြန်မာ့ရုပ်ရှင်အနုပညာသည် စတင်ပေါ်ပေါက် လာကတည်းကပင် အမျိုးသားရေးကို ဦးစားပေးခဲ့သလို ခေတ်အဆက်ဆက်မှ ယနေ့မျက်မှောက်ကာလတိုင်အောင် အမျိုးသားရေးကို လုံးဝသွေဖည်ခြင်းမပြုဘဲ နိုင်ငံတော်နှင့် နိုင်ငံသူ နိုင်ငံသားတို့အတွက် အမျိုးသားရေးလိုအပ်ချက် နှင့် အမျိုးသားရေးတာဝန်များကို သုတ၊ ရသ အနုပညာဖြင့် ဆက်လက်အလုပ်အကျွေးပြုနေဆဲပင် ဖြစ်ပါသည်။ တကယ်တော့ ရုပ်ရှင်အနုပညာရှင်များနှင့် ထုတ်လုပ်သူများ ၏ စေတနာသဒ္ဓါအနမတဂ္ဂကိုမော်ကွန်းဝင်မှတ်တမ်းတင်၍ ဆုံးနိုင်မည်မဟုတ်ပါ။

 

မြန်မာ့ရုပ်ရှင်ဆောင်းပါးများကို ရေးသားတင်ပြရန်စီစဉ်

 

စာရေးသူအနေဖြင့် မြန်မာ့ရုပ်ရှင်ငွေရတုကာလမှ ထူးခြားသော အထောက်အထားများစွာကို ရှာဖွေလေ့လာပြီး မြန်မာ့ရုပ်ရှင်ရွှေရတုကာလဆိုင်ရာ ထူးခြားသည့် အထောက်အထားများ၊ ၁၉၉၅ ခုနှစ် မြန်မာ့ရုပ်ရှင် စိန်ရတုကာလတွင် ကျင်းပပြုလုပ်ခဲ့သော ပထမဆုံးအကြိမ် မြန်မာ့ရုပ်ရှင်စာတမ်းဖတ်ပွဲကြီး၌ ကိုယ်တိုင်ပါဝင် ဖတ်ကြားခဲ့ရသည့် အတွေ့အကြုံများနှင့်စပ်လျဉ်း၍လာမည့် ၂၀၂၀ ပြည့်နှစ်၌ ကျင်းပတော့မည့် မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့်အခမ်းအနားကြီးကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ထူးခြားသော မြန်မာ့ရုပ်ရှင်ဆောင်းပါးများကို ရေးသားတင်ပြရန် စီစဉ်ထားပါသည်။ ။

 

အချုပ်ဆိုပါလျှင် မြန်မာ့ရုပ်ရှင်၏ အနှစ်တစ်ရာ အနုပညာခရီးတစ်လျှောက် မြန်မာ့ရုပ်ရှင်အနုပညာ လောကသားတို့၏ အမျိုးသားရေးခံယူချက်များနှင့် အမျိုးသားရေးတာဝန်ကျေပွန်မှု ဂုဏ်ရနံ့အဖြာဖြာတို့ သည် ရေဇလာနန်းဝယ်၊ ရွှေကြာပန်းသဖွယ်၊ အစဉ် လန်းဆန်းတင့်တယ်၊ ဝင့်ထည်နေမည်သာဖြစ်ပါကြောင်း အရေးထားလေးစားစွာဖြင့် ရေးသားဂုဏ်ပြုလိုက် ပါရစေလား။ ။