မြန်မာ့ရုပ်ရှင်ငွေရတုသဘင်ပွဲ သမိုင်းဝင်ဓာတ်ပုံများ

အေးကြူလေး

မြန်မာ့ရုပ်ရှင်သည် ၁၉၂၀ ပြည့်နှစ် အောက် တိုဘာလ ၁၃ ရက်နေ့တွင် "မေတ္တာနှင့်သူရာ" ဇာတ်ကားဖြင့် စတင်ခဲ့ရာ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၃ ရက်နေ့တွင် မြန်မာ့ ရုပ်ရှင်နှစ် (၁၀ဝ) ပြည့်ပေတော့မည်။ (၂၅) နှစ်လျှင် ရတုတစ်ခုဟုသတ်မှတ်သဖြင့် ၁၉၄၅ ခုနှစ်တွင် မြန်မာ့ရုပ်ရှင်ငွေရတု ဖြစ်သည်။ သို့သော် စစ်ပြီးစအခြေအနေဖြစ်၍ တိုင်းပြည်ဖွံ့ဖြိုးမှုနှေးကွေးလျက် ရှိနေသေး သည်။ မြန်မာ့ရုပ်ရှင်ငွေရတုသဘင်ပွဲကို ၁၉၄၅ ခုနှစ်တွင် ကျင်းပနိုင်ခြင်းမရှိပေ။ ၁၉၄၆ ခုနှစ်တွင် လွပ်လပ်ရေးမရသေးဘဲ အင်္ဂလိပ်လက်အောက်ခံအဖြစ် ဘုရင်ခံမင်းကြီး ဆာဟူးဘတ်ရန့် (Sir Hubert Rance) က အုပ်ချုပ်လျက်ရှိသည်။ အတွင်းဝန်တော်တော်များများမှာ မျက်နှာဖြူအိုင်စီအက်စ်အရာရှိကြီးများဖြစ်သည်။ ရုပ်ရှင်သည် စီးပွားရေး၊ နိုင်ငံရေးလုပ်ငန်းများနှင့်ဆက်စပ် နေသောလုပ်ငန်းတစ်ခုဖြစ်ကြောင်း မျက်နှာဖြူ အိုင်စီအက်စ်အရာရှိကြီးများက နားလည်ထားသည်။ စစ်ပြီးခေတ်မြန်မာနိုင်ငံ စက်မှု လက်မှုပြပွဲကြီးကို မြန်မာ့ရုပ်ရှင်ငွေရတု သဘင်ပွဲကြီးနှင့် ပူးတွဲကျင်းပရန် စီစဉ်ကြ သည်။ ယင်းပြပွဲကြီးကို ဗြိတိသျှဘုရင်ခံ မင်းကြီးကိုယ်တိုင် ဖွင့်လှစ်ပေးမည်ဟု သတင်းများထွက်ရှိသည်။

 

်

 

ဖြည့်စွက်ပြင်ဆင်စေလို

ရုပ်ရှင်နှင့် ပြဇာတ်အစည်းအရုံးမှ အမှုဆောင်များနှင့် မြန်မာ့ရုပ်ရှင် ငွေရတု သဘင်ကျင်းပရေးအဖွဲ့ဝင်များက စက်မှု လက်မှုပြပွဲနှင့် ပူးတွဲကျင်းပခြင်းကို သဘော ကျပါသည်။ သို့သော် မျက်နှာဖြူဘုရင်ခံ မင်းကြီးဖွင့်လှစ်ပေးခြင်းကို သဘောမတွေ့ ကြပေ။ မြန်မာ့ရုပ်ရှင်ငွေရတုသဘင်ကျင်းပရေးကော်မတီတွင် နာယက ဦးအုံးမောင်၊ ဦးညွန့်၊ ဦးဆန်နီတို့ ဆောင်ရွက်၍ ဥက္ကဋ္ဌ ဦးတင်နွယ်၊ ဒု-ဥက္ကဋ္ဌဦးချန်ထွန်း၊ ဘဏ္ဍာ ရေးမှူးဦးတင်မောင်၊ စာရင်းစစ် ဦးသန်းဖေ၊ အမှုဆောင် လန်ဒန်အတ်ဦးမောင်မောင်၊ ဦးငြိမ်း၊ ဒါရိုက်တာ ဦးဘဇင်၊ ဦးမောင်ကြီး၊ ဦးသိန်းမောင်၊ ဦးဘရင်၊ ဒါရိုက်တာ ဆရာခန့်၊ ဒါရိုက်တာ ဦးအောင်မြတ်တို့ ပါဝင်သည်။ မြန်မာ့ရုပ်ရှင် သမိုင်းအမှန်ကိုရရှိစေရန် ရုပ်ရှင်ချစ် သုတေသီများ လိုအပ်သည်များ ဖြည့်စွက်ပြင်ဆင်စေလိုပါသည်။

 

ေ

 

တောင်းဆိုပေးဖို့ တာဝန်ပေး

ရုပ်ရှင်နှင့် ပြဇာတ်အမှုဆောင်များ၊ ငွေရတုသဘင် ကျင်းပရေးအဖွဲ့ဝင်များက အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကို ဖွင့်လှစ်ပေးစေချင်ကြသည်။ ရုပ်ရှင်နှင့် ပြဇာတ် ဥက္ကဋ္ဌနှင့် အမှုဆောင်များက ဖဆပလ အဖွဲ့ဝင် လူကြီးများနှင့်ရင်းနှီးပြီး လူမှုဆက်ဆံ ရေးကောင်းမွန်သော လန်ဒန်အတ်ဦးမောင်မောင် နှင့် ရွှေမြင့်မိုရ် ဦးသန်းဖေတို့ကို ဗိုလ်ချုပ် အောင်ဆန်းဖွင့်လှစ်နိုင်ရေးအတွက် တောင်းဆို ပေးဖို့ တာဝန်ပေးသည်။ ရွှေမြင့်မိုရ်ဦးသန်းဖေ သည် ဗိုလ်ချုပ်အောင်ဆန်း၏ အပါးတော်မြဲ ဗိုလ်ထွန်းလှ (တက္ကသိုလ်နေဝင်း) နှင့် ရင်းနှီးမှု ရှိသည်။ ပွဲကျင်းပရန် အချိန်နီးကပ်သဖြင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုက်ရိုက်တွေ့ဆုံတင် ပြခြင်းပြုလုပ်ရန် ဗိုလ်ထွန်းလှနှင့် ဆက်သွယ် ကြိုးပမ်းရန်ဖြစ်သည်။

 

်

 

ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ဖွင့်လှစ်ပေးစေလို

ထိုအချိန်က မြန်မာပြည်လွတ်လပ်ရေးရဖို့ အလွန်နီးကပ်နေပြီး အရေးကြီးသောအချိန် ဖြစ်သည်။ သွားရောက်တွေ့ဆုံပြီး အဆင်မပြေ ဖြစ်ပါက အတွင်းဝန်များတင်ပြထားသော ဘုရင်ခံကြွရောက်ဖွင့်လှစ်မည့် အစီအစဉ်လည်း ပျက်နိုင်ကောင်းသည်။ စိုးရိမ်ပူပန်စိတ်များရှိ ကြသော်လည်း မြန်မာ့ရုပ်ရှင်ငွေရတုဘဘင်ပွဲ ကြီးကို ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ဖွင့်လှစ် ပေးစေလိုသောဆန္ဒက ပြင်းထန်လွန်းသည်။ ထို့အတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့် တွေ့ရန် အခြေအနေကောင်းမည့်နေ့ကို စုံစမ်းလျက် ရှိသည်။

သို့သော်လည်း အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာ့လွတ်လပ်ရေးကိစ္စများ အသေးစိတ် ဆွေးနွေးရန်၁၉၄၇ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့ တွင် ဗြိတိန်သို့သွားရောက်သည်။ ဗြိတိန်ဝန်ကြီး ချုပ် မစ္စတာအက်တလီခေါင်းဆောင်သော အစိုးရအဖွဲ့နှင့် ညှိနှိုင်းဆွေးနွေးပြီး ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် အောင်ဆန်း-အက်တလီစာချုပ်ကို အောင်မြင်စွာလက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းတို့ အဖွဲ့သည် မြန်မာပြည်သို့ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ပြန်လည်ရောက်ရှိသည်။ သို့သော် အနားမယူနိုင်သေးဘဲ အောင်ဆန်း-အက်တလီ စာချုပ်ပါ တိုင်းရင်းသားလူမျိုးစုခေါင်းဆောင် များနှင့် တွေ့ရန် ဖြစ်လာသည်။ မြန်မာပြည်မ နှင့်အတူ တိုင်းရင်းသားလူမျိုးစုခေါင်းဆောင် များကိုယ်တိုင်က လွတ်လပ်ရေးအရယူလိုပါ သည်ဟု အခိုင်အမာစာချုပ်ပေးရမည်ဖြစ်သည်။ ရှမ်းပြည်နယ် ပင်လုံသို့ အလျင်အမြန် သွားရောက်ပြီး ၁၉၄၇ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပင်လုံ ညီညွတ်ရေးစာချုပ်ကြီးကို အောင်မြင်စွာ လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

ကျင်းပမည့်ရက်မှာ နီးကပ်လာပြီဖြစ်

မြန်မာ့ရုပ်ရှင် ငွေရတုသဘင်ကျင်းပမည့် ရက်မှာ နီးကပ်လာပြီဖြစ်သဖြင့် မဖြစ်မနေ ဗိုလ်ချုပ်နှင့်တွေ့ဆုံခွင့်ရရေးဗိုလ်ထွန်းလှနှင့် ဆက်သွယ်ခဲ့ကြသည်။ စာရေးဆရာနိုင်ငံရေးသမားဗိုလ်ထွန်းလှက လာခဲ့ပါ၊ ဗိုလ်ချုပ် နှင့်တွေ့ရန် ကြိုးစားပေးပါမည်ဟု ဆိုသည်။ လန်ဒန်အတ်ဦးမောင်မောင်သည် ရွှေမြင့်မိုရ် ဦးသန်းဖေနှင့်အတူ တာဝါလိန်းလမ်းရှိ ဗိုလ်ချုပ် အောင်ဆန်းနေအိမ်သို့ သွားရောက်ကြသည်။ ဗိုလ်ထွန်းလှနှင့် တွေ့စဉ် ဗိုလ်ချုပ်အပေါ်မှာ ရှိတယ်၊ သွားမေးပေးမယ်၊ ခဏထိုင်ကြပါဦး ဟုပြောသည်။ ထို့ကြောင့် အောက်ထပ်ဧည့် ခန်း တွင်ထိုင်စောင့်ကြသည်။ မြန်မာ့ရုပ်ရှင် ပထမဦးဆုံးဓာတ်ပုံဆရာကြီး ဦးမောင်မောင် ၏ အတ္ထုပ္ပတ္တိ စာအုပ်စာမူကြမ်းကို ဖတ်မိ ရာတွင် ဧည့်ခန်းတွင် စောင့်နေရသောအချိန် မှာ ဘဝခရီးတစ်လျှောက် စိတ်အလှုပ်ရှားရဆုံးအချိန်ဖြစ်ကြောင်း ရေးသားထားသည်။ ခဏအကြာ ဗိုလ်ထွန်းလှပြန်ဆင်းလာပြီး ဗိုလ်ချုပ်ကတွေ့မည်ဟု ပြောပြသည်။ ဗိုလ်ချုပ် ဆင်းလာပြီးနောက် ဗိုလ်ထွန်းလှက ဦးသန်းဖေနှင့် လန်ဒန်အတ်ဦးမောင်မောင် တို့ကို ဗိုလ်ချုပ်နှင့် မိတ်ဆက်ပေးသည်။

လန်ဒန်အတ် ဦးမောင်မောင်နှင့် ဦးသန်းဖေ တို့က မိမိတို့ကြုံတွေ့နေရသော အခက်အခဲ များ၊ ခံစားချက်များကို အမှန်အတိုင်းရိုးသား စွာ ပြောပြသည်။ မြန်မာ့ရုပ်ရှင်ငွေရတုသဘင် ပွဲကြီးကိုဗိုလ်ချုပ်က ကြွရောက်ဖွင့်လှစ်ပေး ဖို့ရန် မြန်မာနိုင်ငံ ရုပ်ရှင်နှင့် ပြဇာတ်အစည်း အရုံးကြီးကိုယ်စား တင်ပြကြသည်။ ဗိုလ်ချုပ် က တင်ပြချက်များကို သေချာစွာဂရုစိုက် နားထောင်သည်။ ဗိုလ်ချုပ်က သူနှင့်ဘုရင်ခံ ဆာဟူးဘတ်ရန့်တို့သည် ဆက်ဆံရေး အလွန်ပြေလည်ကြသဖြင့် သူအကြံပေးလျှင် ဘုရင်ခံအနေဖြင့် ငြင်းပယ်မည်မထင်ကြောင်း ပြောပြသည်။

မြန်မာ့ရုပ်ရှင်လောကမှ ခေါင်းဆောင်များ စိတ်အနှောင့်အယှက် မဖြစ်စေလိုကြောင်း၊ မြန်မာ့ရုပ်ရှင်ငွေရတုနှင့် စက်မှုလက်မှုပြပွဲကို ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗြိတိသျှဘုရင်ခံ မင်းကြီးတို့နှစ်ဦးစလုံး တက်ရောက်၍ ပြိုင်တူအခမ်းအနား ဖွင့်လှစ်လျှင် ကောင်းမည်ထင်ကြောင်း၊ ဘုရင်ခံ မင်းကြီးကို နားလည်သဘောပေါက်အောင် ရှင်းပြပြီး သဘောတူညီချက်ယူပေးမည် ဖြစ်ကြောင်း ပြောပြလိုက်သည်။ လန်ဒန် အတ်ဦးမောင်မောင်နှင့် ရွှေမြင့်မိုရ်ဦးသန်းဖေ တို့သည် ဗိုလ်ချုပ်စကားကြားပြီး စိတ်ချမ်း သာ၍ အပျော်ကြီးပျော်သွားကြသည်။

တက်ရောက်ချီးမြှင့်

မြန်မာ့ရုပ်ရှင်ငွေရတုသဘင်ပွဲနှင့် ဌာန ပေါင်းစုံပါဝင်သော စက်မှုလက်မှုပြပွဲကြီးကို ရွှေတိဂုံဘုရားအနောက်ဘက်မုခ် မြေကွက် လပ်တွင် ကျင်းပသည်။ ၁၉၄၇ ခုနှစ် မတ်လ ၁ ရက်နေ့တွင် ဗြိတိန်ဘုရင်ခံ ဆာဟူးဘတ် ရန့်နှင့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းတို့က နိုင်ငံရေးခေါင်းဆောင် များ၊ စက်မှုလက်မှုကုန်သည်များ၊ ပြည်သူ များ ရှေ့မှောက်တွင် အခမ်းအနားဖြင့် ဖွင့်လှစ်ပေးသည်။ ဖွင့်ပွဲသို့ ဒီးဒုတ်ဦးဘချို၊ မြန်မာ့ရုပ်ရှင်ဖခင်ကြီး လန်ဒန်အတ် ဦးအုံးမောင်၊ ဦးညွန့်၊ ဦးသန်းဖေ၊ ဦးတင်နွယ်၊ သဘင်ပညာရှင်ကြီး ဂရိတ်ဦးဖိုးစိန်၊ ဗိုလ်ချုပ် အပါးတော်မြဲ ဗိုလ်ထွန်းလှ(တက္ကသိုလ် နေဝင်း)တို့ တက်ရောက်အားပေးချီးမြှင့် သည်။ ရုပ်ရှင်နှင့်ပြဇာတ်အစည်းအရုံးကြီး၏ အမှုဆောင်များကလည်း ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ဖွင့်လှစ်ပေးသည့်အတွက် ဝမ်းသာ ဂုဏ်ယူကြသည်။

မြန်မာ့ရုပ်ရှင် ငွေရတုသဘင်ပွဲနှင့် စက်မှု လက်မှုပြပွဲကို ၁၉၄၇ ခုနှစ် မတ်လ ၁ ရက်နေ့ မှ ၁၀ ရက်နေ့အထိ ကျင်းပသည်။ ဖျော်ဖြေ ရေးအစီအစဉ်များတွင် စစ်အတွင်းက လေကြောင်းအန္တရာယ်ကြောင့် ညလုံးပေါက် မကရသော မြန်မာ့ဇာတ်သဘင်များကို ဖိတ်ခေါ်၍ ကပြစေခဲ့သည်။ ထိုအချိန်က နာမည်ကျော်ခဲ့သော စိန်မဟာသဘင်နှင့် ရွှေ မန်းတင်မောင်ဇာတ်သဘင်အဖွဲ့တို့သည် ရွှေတိဂုံဘုရား အနောက်မုခ်တွင် ဇာတ်ရုံ များထိုး၍ မိုးလင်းကပြသည်။ စစ်အတွင်း လူကြိုက်များခဲ့သော ရုပ်ရှင်ပြဇာတ်များကို ရုပ်ရှင်ငွေရတုပွဲကြီးတွင် ပြန်လည်ကပြသည်။ ပြဇာတ်ရုံ၏ ဆက်တင်များကို ဗြိတိသျှ ဘားမားတွင် ဆက်တင်အခမ်းအနားများ တည်ဆောက်ပေးသော ပန်းချီဆရာကြီး ဦးဘရင်လေးက တည်ဆောက်ပေးခဲ့သည်။ ထို့ပြင် ပဲရော့ဦးဆန်နီ တာဝန်ယူ၍ မြန်မာ့လက် ဝှေ့ပွဲကြီးကိုလည်း ထည့်သွင်းကျင်းပခဲ့ပေသည်။

ပြည့်ပြည့်စုံစုံမရရှိ

၁၉၉၅ ခုနှစ် မြန်မာ့ရုပ်ရှင်စိန်ရတုသဘင် ပွဲကျင်းပသောအခါ မှတ်တမ်းမှတ်ရာ ဓာတ်ပုံ များ ရှာဖွေဖော်ထုတ်ကြရသည်။ ယခုကဲ့သို့ မြန်မာ့ရုပ်ရှင် သမိုင်းပြတိုက်မရှိသဖြင့် အခက်အခဲပေါင်းများစွာကြုံရသည်။ သတင်း စာနှင့် ရုပ်မြင်သံကြားမှ ရုပ်ရှင်ချစ်သူများထံ တွင်ရှိသော စာရွက်စာတမ်းများ၊ ဓာတ်ပုံများ၊ ရုပ်ရှင်ပစ္စည်းများလှူဒါန်းရန် ပန်ကြားသော် လည်း ပြည့်ပြည့်စုံစုံမရရှိတော့ပေ။ အထူး သဖြင့် မြန်မာ့ရုပ်ရှင်ငွေရတုသဘင်ပွဲကို ဗိုလ်ချုပ်အောင်ဆန်း ဖွင့်လှစ်ပေးကြောင်း သိရသော်လည်း ဓာတ်ပုံများ ရှာမရပေ။ တစ်နေ့ ကံကောင်းထောက်မသည်ဟုပြောရပေတော့မည်။ ဆူးလေဘုရားလမ်းအာရှဓာတ်ပုံ တိုက်မှ သတင်းထောက်ဦးကျော်က သမိုင်းဝင် ဓာတ်ပုံ များလှူဒါန်းမည်ဟု သတင်းစကားရလာ သည်။ အာရှဓာတ်ပုံတိုက်သည် ဆူးလေ ဘုရားလမ်း၊ ကျောက်တံတား ရဲစခန်းအပေါ် ဒုတိယအထပ်တွင် ဖြစ်သည်။ (ယခုအခါ မရှိတော့ပါ)။ ဝမ်းသာစရာအကောင်းဆုံးမှာ အာရှဓာတ်ပုံတိုက်မှ လှူဒါန်းသော ဓာတ်ပုံ များမှာ မြန်မာ့ရုပ်ရှင် ငွေရတုသဘင်နှင့် စက်မှုလက်မှုပြပွဲ ဖွင့်ပွဲ ဓာတ်ပုံများဖြစ်နေ သည်။ ၁၉၄၇ ခုနှစ်က ရိုက်ခဲ့သော ဖလင်ကို ၁၉၉၅ ခုနှစ်အထိ နှစ်ပေါင်း ငါးဆယ်နီးပါး ထိန်းသိမ်းထားနိုင်ခြင်းအတွက် ကျေးဇူးတင်မိသည်။

မြန်မာ့ရုပ်ရှင် စိန်ရတုသဘင်ပွဲကျင်းပ ရာတွင် တပ်မတော်ခန်းမ၌ ရုပ်ရှင်ပြခန်း များကိုလည်းကောင်း၊ အမျိုးသားဇာတ်ရုံ၌ ရုပ်ရှင်ပြဇာတ်များကိုလည်းကောင်း၊ မြို့ထဲ ရုပ်ရှင်ရုံများတွင် ခေတ်အဆက်ဆက်နာမည် ကျော် ရုပ်ရှင်ကားကောင်း၊ ကားဟောင်းများ ကိုလည်းကောင်း၊ မိုင်ဒါကွင်းတွင် ရုပ်ရှင် ပျော်ပွဲရွှင်ပွဲများကိုလည်းကောင်းတင်ဆက် ခြင်းဖြစ်သည်။ အထက်မြန်မာပြည် မန္တလေး တွင် ရန်ကုန်ထက်တစ်လစော၍ ရုပ်ရှင် စိန်ရတုသဘင်ပွဲကို ကျင်းပခြင်းဖြစ်သည်။ ရုပ်ရှင်ပြခန်းများထဲတွင် ရုပ်ရှင်စာနယ်ဇင်း များအတွက် ပြခန်းတစ်ခန်းပေးထားသည်။ ကိုမြတ်ခိုင်တို့ဦးဆောင်၍ စာနယ်ဇင်းပြခန်း ကိုဆောင်ရွက်ရာတွင် အခက်အခဲများစွာ ကြုံတွေ့ရသည်။ ထိုအထဲက အမြတ်တစ်ခုမှာ မြန်မာ့ရုပ်ရှင်ငွေရတုသဘင်ဖွင့်ပွဲပုံကို ပန်းချီ မောင်ကျော်ညွန့်နှင့်အဖွဲ့သားများကရေဆေးပန်းချီကားကြီး ရေးဆွဲပေးခြင်းဖြစ်သည်။ ထိုစဉ်ကပန်းချီဆွဲသောဆေးများ ရှားပါးလျက် ရှိရာ ဆေးကိုအမျိုးမျိုးစပ်၍ ရေးဆွဲ ကြရသည်။ တချို့ဆေးကျန်များပေါင်း၍ စပ်ဟပ်ပုံဖော်ကြရခြင်း ဖြစ်သည်။ အခက် အခဲကြားမှပင် ဂုဏ်ယူစရာကောင်းသော ပန်းချီကားကြီးတစ်ချပ် ဖြစ်လာပေသည်။ ယခုအခါ ရုပ်ရှင်စာနယ်ဇင်းအဖွဲ့က မြန်မာ နိုင်ငံ ရုပ်ရှင်အစည်းအရုံးသို့ လှူဒါန်းသဖြင့် အစည်းအဝေးခန်းမတွင် ထည်ဝါစွာတည်ရှိ လျက်ရှိပေသည်။     ။