ရန်ကုန် ၃ ဇွန်
မြန်မာ့ရုပ်ရှင်ရာပြည့်အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး သမိုင်းဝင်ရုပ်ရှင်ဇာတ်ကားများ ဖော်ထုတ်ပြသရေး ဆပ်ကော်မတီနှင့် ပြခန်းများ ခင်းကျင်းပြသရေး ဆပ်ကော်မတီတို့၏ ပထမအကြိမ် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် သမိုင်းဝင်ရုပ်ရှင်ဇာတ်ကားများ ဖော်ထုတ်ပြသရေးဆပ်ကော်မတီ ဥက္ကဋ္ဌ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နာယက ဦးနှင်းမိုးက သမိုင်းဝင်ဇာတ်ကားများ ဖော်ထုတ်ပြသရေး၊ သမိုင်းဝင်ဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် ထူးချွန်ဝါရင့်အနုပညာရှင်များ၊ သရုပ်ဆောင်များနှင့် ရုပ်ရှင်ပညာရပ်နယ်ပယ်တွင် ထူးချွန်ထင်ရှားခဲ့သည့် ပုဂ္ဂိုလ်များကို အင်တာဗျူး ဆောင်းပါးများ ရေးသားရိုက်ကူးဖော်ပြရေး၊ သမိုင်းဝင်ရုပ်ရှင်ဇာတ်ကားများ၊ ရုပ်ရှင်တေးသီချင်းများ၊ ရုပ်ရှင်ရာပြည့်အစီအစဉ်များနှင့် အကယ်ဒမီသမိုင်းကြောင်းများကို ရုပ်ရှင်ရုံများနှင့် မြန်မာ့ရုပ်မြင်သံကြားတို့တွင် ရိုက်ကူးထုတ်လွှင့်ပြသရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဆပ်ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက သမိုင်းဝင်ဇာတ်ကားများ ရွေးချယ်စုဆောင်း၍ ပြသနိုင်ရေး၊ အကယ်ဒမီများရှင် သရုပ်ဆောင်များနှင့် တွေ့ဆုံဆွေးနွေးခန်းများ ရိုက်ကူးရေး၊ ရုပ်ရှင်တေးသီချင်းများ ဖော်ထုတ်ပြသနိုင်ရေးနှင့် စပ်လျဉ်း၍ အကြံပြုဆွေးနွေးကြသည်။
ယင်းနောက် ပြခန်းများ ခင်းကျင်းပြသရေး ဆပ်ကော်မတီအစည်းအဝေးကို ဆက်လက်ကျင်းပရာ ဆပ်ကော်မတီဥက္ကဋ္ဌ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နာယက ဦးအောင်မြင့်မြတ်နှင့် ဆပ်ကော်မတီဝင်များက မြန်မာ့ရုပ်ရှင်ဖြတ်သန်းခဲ့သည့် သမိုင်းတစ်လျှောက် အသုံးပြုခဲ့သော စက်ကိရိယာ ပစ္စည်းများ၊ မှတ်တမ်းဓာတ်ပုံများ ခင်းကျင်းပြသနိုင်ရေး၊ မြန်မာ့ရုပ်ရှင် ငွေရတု၊ ရွှေရတု၊ စိန်ရတု အခမ်းအနားများ ကျင်းပခဲ့သည့် မှတ်တမ်းဓာတ်ပုံများ ခင်းကျင်းပြသရေးနှင့် ခေတ်အဆက်ဆက် ရိုက်ကူးထုတ်လွှင့်ခဲ့သည့် ဇာတ်ကားများမှ ဝတ်စားဆင်ယင် ထုံးဖွဲ့မှုများ၊ အသုံးပြုခဲ့သည့် ဇာတ်ဝင်ခန်းသုံး ပစ္စည်းများ၊ ဇာတ်လမ်းတို ရုပ်ရှင်များ ခင်းကျင်းပြသပေးရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
ဥမ္မာ၊ ရီရီ


