ရန်ကုန် ၂၅ ဇွန်

၂၀၂၀ ပြည့်နှစ် အောက်တိုဘာလတွင် ကျရောက်မည့် မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်ပွဲတော်တွင် မြန်မာ့ရုပ်ရှင်နှင့်ပတ်သက်သည့် စာတမ်းများဖတ်ပွဲ ကျင်းပမည်ဖြစ်သည်။

 

ဖတ်ကြားမည့် စာတမ်းများသည် မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ ပြည့်ဖြစ်သည့်အတွက် မြန်မာ့ရုပ်ရှင်ရာပြည့် အခမ်းအနား ကျင်းပရေးဦးစီးကော်မတီမှ သတ်မှတ်ထားသည့် ရည်ရွယ်ချက်နှင့်ကိုက်ညီစေရမည် ဖြစ်သည်။

 

မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုပ်ရှင်ရိုက်ကူး၊ ထုတ်လုပ်ပြသခြင်းလုပ်ငန်းနှင့် သက်ဆိုင်သည့် ပြောင်းလဲမှုအကြောင်းအရာများဖြစ်စေရန်၊ လူသားများ အသိဉာဏ်ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ရုပ်ရှင်ကအထောက်အကူပြုသည့် အကြောင်းအရာများ ဖြစ်စေရန်၊ ခေတ်အလိုက်ပြောင်းလဲလာသည့် ရုပ်ရှင်နှင့်ပတ်သက်သော အနုပညာနှင့် အတတ်ပညာအကြောင်းအရာများ ထင်ရှားပေါ်လွင်စေရန် တို့ဖြစ်သည်။

 

စာတမ်းဖတ်ကြားလိုသည့် ပြည်တွင်းပြည်ပမှ စာတမ်းရှင်များအနေဖြင့် မိမိတင်ပြလိုသည့် စာတမ်အတွက် စာမျက်နှာတစ်မျက်နှာထက်မပိုသည့် တင်ပြသူ၏အဆိုပြုချက်၊ ရည်ရွယ်ချက်နှင့် တင်ပြမည့်အကြောင်းအရာ အကျဉ်းချုပ်စာတမ်းအဆိုပြုလွှာကို ဇူလိုင် ၁၅ ရက်နောက်ဆုံးထား၍ ဥက္ကဋ္ဌ မြန်မာ့ရုပ်ရှင်ရာပြည့်အခမ်းအနား ကျင်းပရေးစာတမ်းများ ဖတ်ပွဲကျင်းပရေးဆပ်ကော်မတီ အမှတ် ၅၀ ရွှေတောင်ကြား ၂ ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ရှိ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာသို့ဖြစ်စေ အီးမေးလ် ecrd @ gmail. com သို့ဖြစ်စေပေးပို့ရမည် ဖြစ်သည်။

 

အဆိုပြုလွှာများကို စာတမ်းများရွေးချယ်ရေးအဖွဲ့က စိစစ်ပြီးစာတမ်းရှင်များသို့ ရွေးချယ်ခံရခြင်းရှိမရှိ အကြောင်းပြန်ကြားမည်ဖြစ်သည် ရွေးချယ်ခြင်းခံရသည့် အဆိုပြုလွှာစာတမ်းရှင်များ အနေဖြင့် စာတမ်းရေးသားပြုစုပြီး စာတမ်းများရွေးချယ်ရေးအဖွဲ့သို့ စက်တင်ဘာ ၂၀ ရက်နေ့ နောက်ဆုံးထား ပေးပို့ရမည် ဖြစ်သည်။

 

အသေးစိတ်အချက်အလက်များကို မြန်မာ့ရုပ်ရှင်ရာပြည့်အခမ်းအနား ကျင်းပရေးကော်မတီ Facebook Page တွင်ကြည့်ရှုနိုင်ပြီး ဖုန်း (၀၁- ၅၃၆၀၃၀) (၀၁ - ၅၃၇၉၃၈)(၀၉ - ၅၁၈၅၇၆၃) (၀၉ - ၄၄၃၁၅၇၇၇၅ ) သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

ဖြိုးသူရကျော်