ရန်ကုန် ၃ အောက်တိုဘာ
၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာ့ရုပ်ရှင်ရာပြည့် အထိမ်းအမှတ် “မြန်မာ့ရုပ်ရှင်ရာပြည့်” ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့သော ဆောင်းပါးပြိုင်ပွဲ၌ ဆုရရှိသူများစာရင်းအား ထုတ်ပြန် ကြေညာသည်။
မြန်မာ့ရုပ်ရှင်နှစ် (၁၀၀) ပြည့် အခမ်းအနားကို မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူ ယှဉ်တွဲပေါ်ပေါက်ခဲ့သည့် မြန်မာ့ရုပ်ရှင်၏ နှစ်(၁၀၀)ခရီးကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်၊ ခေတ်အဆက်ဆက် ထင်ရှားခဲ့သည့် မြန်မာ့ရုပ်ရှင်ပညာရှင်ကြီးများ၏ အနုပညာနှင့် အတတ်ပညာ စွမ်းပကားကို ရုပ်ရှင်လောကသားများ အားကျအတုယူ၍ မြန်မာ့ရုပ်ရှင်အဆင့် အတန်းမြင့်မားစေရေးအတွက် ဝိုင်းဝန်းကြိုးပမ်း အားထုတ်ရန်နှင့် ရုပ်ရှင်လောကသားများ၏ ညီညွတ်မှုစွမ်းအား၊ အနုပညာဖန်တီးမှုစွမ်းအားများဖြင့် နိုင်ငံနှင့် ပြည်သူအကျိုးကို တိုးမြှင့်ဆောင်ရွက်ရန်ဟူသော ရည်ရွယ်ချက်(၃)ရပ်ဖြင့် စီစဉ်ကျင်းပရန် ဆောင်ရွက်လျက်ရှိ ပါသည်။
အဆိုပါ ဆောင်းပါးပြိုင်ပွဲသို့ အနယ်နယ်အရပ်ရပ်မှ ပြိုင်ပွဲဝင်စာမူအပုဒ် ၆၀ ပေးပို့ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲဝင် စာမူများအား ဆရာဂုဏ်ထူး ဦးသိန်းနိုင်၊ ဆရာ ကောင်းသန့်၊ ဆရာမ မစန္ဒာ၊ ဆရာမ ရွှေကူမေနှင်းနှင့် ဆရာဦးမြတ်ခိုင်တို့က စိစစ်ဆောင်ရွက်ခဲ့ကြရာ ပထမဆုကို “ကိုတူး (သာယာမြိုင်)”၊ ဒုတိယဆုကို “သက်ဝေ”၊ တတိယဆုကို “သစ္စာဝါဒီဦးမြင့်အောင်”နှင့် အထူးဆုများကို “ခင်အေးအေးဟန်”၊ “မင်းဗေဒါ (ပွင့်ဖြူ)”၊ “မောင်သန်းဝင်း (ရန်ကုန်တက္ကသိုလ်)”၊ “လှတိုး (စိတ်ပညာ)” “မင်းသွေးငယ် (ရာမညမြေ)” တို့က အသီးသီး ရရှိခဲ့ကြသည်။
ဆုရရှိသူများအား မြန်မာ့ရုပ်ရှင်ရာပြည့်အထိမ်း အမှတ်အခမ်းအနား ကျင်းပပြုလုပ်ချိန်တွင် ချီးမြှင့်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
FDC