မြန်မာ့ရုပ်ရှင်သည် ၁၉၂၀ ပြည့်နှစ်တွင် မေတ္တာနှင့်သူရာ ဇာတ်ကားပြသခဲ့သည့်အချိန်မှစ၍ စတင်အသက်ဝင်လှုပ်ရှားရှင်သန်ခဲ့သည်။ ထိုအချိန်မှစ၍ မြန်မာ့ရုပ်ရှင်သည် ငွေရတု၊ ရွှေရတု၊ စိန်ရတုခေတ်ကာလဆိုသည့်အတိုင်း စိန်ရွှေငွေခေတ်ဖြစ်ခဲ့ရသည်။ ထိုမှရာပြည့်ကာလအထိ အောင်မြင်ကျော်ကြား လူကြိုက်များသော အနုပညာစီးပွားရေးလုပ်ငန်း ဖြစ်လာခဲ့သည်။

လွန်ခဲ့သောနှစ်များအတွင်းက တစ်နှစ်လျှင် ရုပ်ရှင်ဇာတ်ကားပေါင်း ၂၀၊ ၃၀ သာ ရိုက်ကူးထုတ်လုပ်နိုင်ခဲ့ရာမှ ရာပြည့်ကာလတွင် တစ်နှစ်လျှင် ရုပ်ရှင်ကားပေါင်း ၁၀၀ ခန့်အထိ ရိုက်ကူးထုတ်လုပ်နိုင်ခဲ့သည်။ ၂၀၁၉ ခုနှစ် အကယ်ဒမီဆုပေးပွဲအတွက် ပါဝင်ယှဉ်ပြိုင်ရန် ရွေးချယ်ထားသည့် ရုပ်ရှင်ဇာတ်ကားပေါင်း ၉၇ ကားရှိရာ ကိုဗစ်ရောဂါမဖြစ်မီကာလ ယမန်နှစ်က မြန်မာရုပ်ရှင်ဇာတ်ကား ၁၀၀ မက ရိုက်ကူးထုတ်လုပ်နိုင်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ ။

မြန်မာ့ရုပ်ရှင်သည် စတင်စဉ်ကတည်းက ဖွံ့ဖြိုးလာသည်နှင့်အတူ ရုပ်ရှင်ခေတ်ဦးကာလက မြန်မာနိုင်ငံတွင် ရုပ်ရှင်ရုံ ၂၀၊ ၃၀ ခန့်သာရှိခဲ့ရာမှ တစ်နိုင်ငံလုံးရှိ မြို့တိုင်းမြို့တိုင်းတွင် ရုပ်ရှင်ရုံများပေါ်ပေါက်လာပြီး ပြည်သူ  အားလုံးက တစ်ခဲနက်အားပေးခဲ့ကြသည်။ ထို့နောက် နည်းပညာခေတ်တွင် ရုပ်ရှင်ရုံလုပ်ငန်းများ ပြန်လည်မှေးမှိန်လာပြီးနောက် ရုပ်ရှင်လုပ်ငန်းကို ခေတ်နှင့်အညီ တိုးတက်အောင် ပြုပြင်ပြောင်းလဲလုပ်ကိုင်ခဲ့ရာ ယခုအခါ တစ်နှစ်လျှင် ရုပ်ရှင်ဇာတ်ကားပေါင်း ၁၀၀ ခန့်နှင့် မြန်မာတစ်နိုင်ငံလုံးတွင် ရုပ်ရှင်ရုံပေါင်း ၂၂၀ ခန့်အထိ ပြန်လည်ဖြစ်ထွန်းလာခဲ့သည်။

တိုးတက်ပြောင်းလဲလာသော နည်းပညာခေတ်တွင် လူတို့၏နေထိုင်မှု ပုံစံများပြောင်းလဲလာသောကြောင့် ရုပ်ရှင်ရုံတွင် ကြည့်ရှုခြင်းခေတ်မှ နည်းပညာပစ္စည်းများဖြင့် မိမိတို့အစီအစဉ်ဖြင့် မိမိတို့ကြည့်ရှုလာကြသဖြင့် ရုပ်ရှင်ရုံလုပ်ငန်းများ မှေးမှိန်ခဲ့ရခြင်းဖြစ်သည်။ ရုပ်ရှင်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးတွင် ရုပ်ရှင်ရုံများသည် အဓိကအရင်းအမြစ်များဖြစ်၍ ရုပ်ရှင်ရုံများ ဖွံ့ဖြိုးမှသာ ရုပ်ရှင်ထုတ်လုပ်မှုလုပ်ငန်းများလည်း ရှင်သန်လာမည် ဖြစ်သည်။ နောက်ပိုင်းတွင် မြန်မာရုပ်ရှင်ဇာတ်ကားများ အပြိုင်အဆိုင် ရိုက်ကူးမှု၊ အရည်အသွေးကောင်းသော ရုပ်ရှင်များပေါ်ထွက်လာမှု၊ ရုပ်ရှင်ရုံ များ အဆင့်မြှင့်တင်လာမှုတို့ကြောင့် ရုပ်ရှင်ကြည့်ပရိသတ်များ သိန်းဂဏန်း အထိ ပြန်လည်မြင့်တက်သည့် အလားအလာကောင်းများ ဖြစ်ထွန်းလာခဲ့ သည်။

ထိုသို့ အခြေအနေကောင်းများရှိလာချိန်၌ ၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါ လှိုင်းဂယက်ကြောင့် ရုပ်ရှင်ရိုက်ကူးထုတ်လုပ်ပြသခြင်းလုပ်ငန်းများ တုံ့ဆိုင်းရပ်တန့်သွားခဲ့သည်။ အချိန်ကာလအားဖြင့်မကြာသေး သော်လည်း ရုပ်ရှင်လောကကို မှီခိုအားထားနေကြသော လောကသားအားလုံးတို့သည် လူမှုစီးပွားအခက်အခဲများနှင့် ကြုံတွေ့လာရသည်။ ယခုအခါ ရုပ်ရှင်လုပ်ငန်းများ ပြန်လည်ရှင်သန်လှုပ်ရှားလာနိုင်ရေးအတွက် နိုင်ငံတော်က အလေးထားကူညီဆောင်ရွက်ပေးလျက်ရှိရာ ရုပ်ရှင်ရိုက်ကူး ထုတ်လုပ်ရေးလုပ်ငန်းများတွင် ကိုဗစ်-၁၉ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်၊ရှောင်ရန်ကိစ္စများကို ကျေညက်စွာသိရှိနားလည်ပြီး သတ်မှတ်ထားသည့်အတိုင်း တိကျစွာလိုက်နာဆောင်ရွက်နိုင်ပါက ပြန်လည်လုပ်ကိုင်နိုင်ပြီဖြစ်ကြောင်း သိရသည်။ ရုပ်ရှင်ရုံများအနေဖြင့်လည်း စာသင်ကျောင်းများ ဖွင့်လှစ်သည့်နည်းကဲ့သို့ ကျန်းမာရေးအတွက် အသင့်ပြင်ဆင်မှုများပြုလုပ်ပြီး သင့်တော်သည့်အချိန်ကာလ၌ ပြန်လည်ပြသခွင့်ရနိုင်မည်ဖြစ်သည်။

စာသင်ကျောင်းနှင့်ရုပ်ရှင်ရုံသည် လူစုလူဝေးစုဝေးသည့် သဘောသဘာဝတူသဖြင့် စာသင်ကျောင်းများ ရောဂါကင်းဝေးသည့်အချိန်ရောက်လျှင် ရုပ်ရှင်ရုံများလည်း ပြန်လည်ရှင်သန်လာမည်ဟု မျှော်လင့်ပါသည်။ ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံများတွင် ရုပ်ရှင်ခေတ်သည် တစ်ကျော့ပြန်လာပြီး ရုပ်ရှင်ရုံများသည် သွားချင်စရာ၊ အပန်းဖြေချင်ရာ၊ စိတ်ဝင်စားဖွယ်နေရာအဖြစ် ဖန်တီးလာပြီဖြစ်၍ ရုပ်ရှင်ရုံများရှင်သန်လာစေရေးတွင် အဓိက အချက်တစ်ခုဖြစ်သည့် ရောဂါကင်းဝေးရေး၊ ကျန်းမာရေးကို အစဉ်အမြဲ ဖန်တီးဖော်ဆောင်သွားရမည် ဖြစ်သည်။

သို့ဖြစ်ရာ ကိုဗစ်-၁၉ကြောင့် ရုပ်ရှင်လောကသည်တုံ့ဆိုင်းသွားသည်ဟုမခံယူဘဲ ကိုဗစ်-၁၉ကြောင့် ရုပ်ရှင်လောက ယခင်ထက်ပိုမိုရှင်သန်လာအောင်၊ ရောဂါဘေးနှင့်ပတ်သက်၍ အသိပညာပေး၊ သတိပေးသည့် လှုပ်ရှားမှုများ၊ ပြည်သူများ ကျန်းမာရေးနှင့် ပတ်သက်သည်များ၊ ပိုမိုကောင်းမွန်သော အသိအမြင်ဗဟုသုတများ တိုးပွားအောင် နိုင်ငံနှင့် ပြည်သူပြည်သားများ၏ အကျိုးစီးပွားကို ရှေးရှုလျက် ဝိုင်းဝန်းကြိုးပမ်း တီထွင်ကြံဆဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။

ကြေးမုံ