မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ခံရသည့် အနုပညာရှင်၊ အတတ်ပညာရှင်အချို့၏ ရင်တွင်းပီတိစကားသံများ

 

 

တွေ့ဆုံမေးမြန်း - HMS

ဓာတ်ပုံ - လုလင်ငယ်

 

၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၃ ရက် ညနေပိုင်းက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ ၌ ယခင်နှစ်များနှင့်မတူ ခမ်းနားထည်ဝါစွာ ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားသို့ တက်ရောက်လာကြသည့် အနုပညာရှင်၊ အတတ်ပညာရှင်များအနက်မှ ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ခံခဲ့ရသည့် အနုပညာရှင်၊ အတတ်ပညာရှင်များ၏ ရင်တွင်းပီတိစကားသံများကို ဖော်ပြလိုက်ပါသည်-

 

အကယ်ဒမီနွဲ့နွဲ့စန်း(မြန်မာ့ရုပ်ရှင်တစ်သက်တာဆု)

ကျွန်မက  ဒီဆုကို  မျှော်လည်းမမျှော်လင့်ခဲ့ပါဘူး။ ဒီဆုရမယ်လို့ လည်းမသိခဲ့ပါဘူး။ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ ဂုဏ်ကျေးဇူး ကြောင့် ဒီဆုကိုရတယ်လို့ သတ်မှတ်ရမှာပါ။ ဒီဆုက လိုချင်တိုင်းမရသလို ပေးချင်တဲ့သူတိုင်းကိုလည်း ပေးလို့မရပါဘူး။ ဒီဆုကိုပေးမယ်ဆိုရင် လက်သင့်ခံတဲ့သူရဲ့ အရည်အချင်း၊ ဒီဆုအတွက် သတ်မှတ်ထားတဲ့ စည်းကမ်း၊ စည်းမျဉ်းနဲ့ ကိုက်ညီတဲ့သူကိုပဲ ပေးအပ်တာဖြစ်တဲ့အတွက် ဒီဆုကတန်ဖိုး ရှိပါတယ်။ နောက်ပြီး နိုင်ငံတော်အကြီးအကဲကိုယ်တိုင်  အသိအမှတ်ပြုပြီး ဒီဆုကိုချီးမြှင့်တာ ဖြစ်တဲ့အတွက် ဒီဆုကပိုပြီး တန်ဖိုးရှိသွားပါတယ်။ ကျွန်မကို ဒီဆုရွေးချယ်ပေးအပ်တဲ့ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌနဲ့ နာယကကြီးများ၊ အစည်းအရုံးအဖွဲ့ဝင်များ အားလုံးကိုလည်း အထူးကျေးဇူးတင်ပါတယ်။ ကျွန်မကို ချစ်တဲ့ ပရိသတ်ကြီးကလည်း ဝမ်းသာ မယ်လို့ယုံကြည်ပါတယ်။ ကျွန်မကလည်း ချစ်တဲ့ပရိသတ်ကြီးကို ဝမ်းသာစေချင်ပါတယ်။ ကျန်တဲ့အနုပညာရှင်တွေလည်း ကျန်းကျန်း မာမာနဲ့ ဒီဆုကြီးကို အရယူနိုင်ကြ ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

 

mdn

အကယ်ဒမီဒါရိုက်တာ ပန်းချီစိုးမိုး (မြန်မာ့ရုပ်ရှင်တစ်သက်တာဆု)

 

နိုင်ငံတော်ကနေ မြန်မာ့ရုပ်ရှင် တစ်သက်တာဆုကို ချီးမြှင့်တဲ့အတွက် ဝမ်းသာဂုဏ်ယူပါတယ်။ ဒါရိုက်တာ လုပ်သက်နှစ်ပေါင်း ၅၆ နှစ်ရှိပါပြီ။ အခုလို သက်တမ်းရှည်စွာနဲ့ ရပ်တည်ပြီး ဒီနေ့အထိ ဇာတ်ကားတွေရိုက်၊ ပန်းချီတွေ ရေးဆွဲနေတုန်းပါ။ ဒီအတွက်လည်းကျေနပ်တယ်။  အခုလို မြန်မာ့ရုပ်ရှင် တစ်သက်တာဆု ကိုရရှိတာဟာ ကျွန်တော်ရဲ့ ကြိုးစားမှုအတွက် ထိုက်တန်တယ်လို့ခံယူပါတယ်။ အနုပညာလောကမှာ ကိုယ်ဝါသနာပါတဲ့ အလုပ်ကို ယုံယုံကြည်ကြည်လုပ်မယ်ဆိုရင် ဒုက္ခနဲ့တွေ့ရင်လည်း ဒုက္ခကိုသုခအဖြစ် ပြောင်းသွားမှာပါ။ မကြိုးစားရင် ဘာမှမဖြစ်ပါဘူး။ အလုပ်ကို လုပ်နေမယ်ဆိုရင် ဒုက္ခဆိုတာ ရှိလာမှာပါ။ အလုပ် လုပ်မယ်ဆိုရင် စိတ်ရောကိုယ်ပါ ထည့်ပြီး ကြိုးစားအလုပ်လုပ်ပါ။ အလုပ်လုပ်တဲ့အခါ တွေ့ရတဲ့ ပင်ပန်းတာတွေ၊ ဒုက္ခတွေ၊ ကြိုးစား တာတွေဟာ ဂုဏ်ယူစရာလို့ သိလာတဲ့အချိန်ကစပြီး လူငယ်တွေအားလုံး ပိုပြီးတော်လာမှာပါ။ ဒီလိုပဲ လူငယ်တွေကို တော်စေချင်ပါတယ်။

 

mdn

ခတ္တိယရုပ်ရှင်ထုတ်လုပ်ရေး( ရုပ်ရှင်ဇာတ်ကားဆု)

 

ပထမဆုံးရိုက်ခဲ့တဲ့ ကံကောင်း ရုပ်ရှင်ဇာတ်ကားကနေ အကယ်ဒမီ ဆုရရှိခဲ့တဲ့အတွက် ပျော်ရွှင်ရပါတယ်။ ကျွန်တော်ရုပ်ရှင်လောက ထဲကိုဝင်တာ မကြာသေးပါဘူး။ အကယ်ဒမီဆုက နတ်ကြီးပါတယ်။ ရုပ်ရှင်ဇာတ်ကား လေးကား၊ ငါးကားရိုက်ပြီး အကယ်ဒမီဆု မရတာတွေလည်း ရှိပါတယ်။ ကျွန်တော်က တစ်ကားတည်းနဲ့ အကယ်ဒမီဆု ရခဲ့တဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်။ ကံကောင်းဇာတ်ကို ကျွန်တော်တို့ ထုတ်လုပ်ရေးက အရဲစွန့်ပြီး ထုတ်လုပ်ခဲ့တာပါ။ ပုံမှန်ဆို ဟာသကား၊ အချစ်ကားတွေမှာ မင်းသား၊ မင်းသမီးတွေများတော့ ပရိသတ် တွေရှိကြမယ်ဆိုတာ သေချာပါတယ်။ ကံကောင်းဇာတ်ကားမှာ ကြည့်မယ်ဆိုရင် မင်းသားပိုင်တံခွန်နဲ့ ခွေးလေးနဲ့ပဲပါတယ်။ မင်းသမီး မပါဘူး။ ဒါကြောင့် ပိုင်တံခွန်ရဲ့ ပရိသတ်နဲ့ တိရစ္ဆာန်ချစ်တဲ့သူတွေ ပဲရှိတဲ့အတွက် စွန့်စားသလိုဖြစ်ပါတယ်။ ကျွန်တော်တို့ထုတ်လုပ်ရေးကနေ ပထမဆုံး စတင်ရိုက်တဲ့ ရုပ်ရှင်ဇာတ်ကားကို သူများနဲ့မတူဘဲ ပြန်ကြည့်တဲ့အချိန်မှာ ဂုဏ်ယူရမယ့် ဇာတ်ကားရိုက်ချင်တဲ့အတွက် ဒီကံကောင်းရုပ်ရှင် ဇာတ်ကားကိုရိုက်ခဲ့ခြင်း ဖြစ်ပါ တယ်။ ဒီဇာတ်ကားကနေ အကယ်ဒမီဆု သုံးဆုရရှိခဲ့လို့ ပိုပြီးဝမ်းသာ ဂုဏ်ယူမိပါတယ်။ အခုလို အရဲစွန့် ပြီး ရိုက်ခဲ့ပေမယ့်လည်း မရှုံးခဲ့ပါဘူး။ သင့်တင့်တဲ့အကျိုးအမြတ်ရခဲ့ပါတယ်။ ဒါကြောင့် ကံကောင်း ဇာတ်ကားကို အားပေးခဲ့ကြတဲ့ ပရိသတ်အားလုံးကို အထူးကျေးဇူး တင်ပါတယ်။

 

mdn

ကောင်းဆက်ပိုင်(ဂီတမြို့)(ရုပ်ရှင်တေးဂီတဆု)

 

ကျွန်တော် Music နဲ့ပတ်သက် ပြီး ဖြစ်ဖြစ်မြောက်မြောက်ရှိချင်တဲ့အတွက် အခုလို ဆုရတဲ့အခါမှာ အင်မတန်မှ ဝမ်းသာဂုဏ်ယူပြီး ပျော်ရွှင်ရပါတယ်။ ဒီဆုက ကျွန်တော်ရဲ့ အိပ်မက်လည်းဖြစ်ပါတယ်။ ကံကောင်း ဇာတ်ကားဟာ ဘုန်းကြီးတစ်ပါးနဲ့ ခွေးလေးတစ်ကောင်ရဲ့ကြားထဲက သံယောဇဉ်ကို ဖော်ကြူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဖန်တီးတဲ့အခါမှာ အနည်းငယ်ခက်ခဲတဲ့ အပိုင်းလေးတွေရှိပါတယ်။ အခက်အခဲတွေရှိ သော်လည်း အကောင်းဆုံး ဖန်တီးခဲ့ပါတယ်။ ဒီဆုကိုရရှိခဲ့တဲ့ ကံကောင်းဇာတ်ကားက ကျွန်တော်ရဲ့ ပထမဆုံးပွဲဦးထွက်တီးခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဂီတနဲ့ပတ်သက်တဲ့ အယူအဆတွေကို ပြောဆိုဆုံးမသင်ကြားပေးခဲ့တဲ့ ဆရာဓိရာမိုရ်ကို ကျေးဇူးတင်ပါတယ်။ အားပေးကြတဲ့ ပရိသတ်တွေကို နောက်ထပ်ဒီထက် ပိုကောင်း တဲ့ Creation တွေ ဖန်တီးသွားမယ်လို့လည်း ကတိပေးပါတယ်။

 

mdn

သရုပ်ဆောင်မေမြင့်မိုရ် (အမျိုးသမီးဇာတ်ပို့ဆု)

 

မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲကို လာရောက်တက်ကတည်းက တော်တော်ရင်ခုန်ခဲ့ရပါတယ်။ အခုလို အကယ်ဒမီဆုရရှိခဲ့တဲ့ အတွက်လည်း ပြောမပြတတ်အောင် ဝမ်းသာပါတယ်။ Nomination ဝင်ခဲ့တဲ့ ဇာတ်ကား နှစ်ကားကလည်း ပုံစံတစ်မျိုးစီ ဖြစ်ပါတယ်။ မုန်းခွင့်ဇာတ်ကားနဲ့ အမျိုးသမီးဇာတ်ပို့ဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ မုန်းခွင့်ဇာတ်ကားက မြင်နေကျပုံစံမဟုတ်ဘဲ ပုံစံချိန်းပြီး မြင်ချင်တာဖြစ်တဲ့အတွက် အသေးစိတ် ကြိုတင်ပြင်ဆင်မှု တွေ လုပ်ခဲ့ပါတယ်။ အနုပညာ သက်တမ်း ၁၂ နှစ်မှာ အခက်အခဲတွေကို ကျော်လွှားပြီး တစ်ဆင့်ပြီး တစ်ဆင့်ကြိုးစားခဲ့လို့ အခုလို အကယ်ဒမီဆုကိုရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီထက်မက ကြိုးစားသွား မှာပါ။ ဘယ်ဇာတ်ကားပဲရိုက်ရိုက် အစစအရာရာ ပံ့ပိုးပေးခဲ့တဲ့ မိဘနှစ်ပါးကို ကျေးဇူးတင်ပါတယ်။ အခုဆုရရှိခဲ့တဲ့ ဇာတ်ကားနဲ့ ရိုက်ခဲ့တဲ့ ဇာတ်ကားတွေမှာ အသေးစိတ်သင်ကြားပြောပြပေးခဲ့တဲ့ ဒါရိုက်တာ အစ်ကိုကြီး စိုးမိုးမင်းကို အထူးကျေးဇူးတင်ပါတယ်။ အားပေးတဲ့ပရိသတ်အားလုံး ကိုလည်း ကျေးဇူးတင်ပါတယ်။

 

mdn

အကယ်ဒမီစိုးမြတ်သူဇာ (အမျိုးသမီးဇာတ်ဆောင်ဆု)

 

ဒီအကယ်ဒမီဆုကို မရခဲ့တာ နှစ်ပေါင်း ၂၅ နှစ်ရှိပါပြီ။ အခု အသက် ၅၂ ရောက်မှ အကယ်ဒမီဆုကို ပြန်လည်ရရှိခဲ့တယ်။ ပြန်လည်ရရှိတဲ့ အချိန်မှာလည်း ကံအားလျော်စွာ ဇာတ်ဆောင်ဆုကို ရရှိခဲ့တဲ့အတွက် ကျေနပ်ဂုဏ်ယူမိပါတယ်။ အနုပညာသက်တမ်း တစ်လျှောက်မှာ ပင်ပင်ပန်းပန်း ကြိုးစားပြီး ဇာတ်ပို့၊ ဇာတ်ဆောင် မခွဲခြားဘဲ လုပ်ခဲ့တာတွေက အကျိုးပြန်ပေးတာပါ။ ငယ်တုန်းကရခဲ့တဲ့ အကယ်ဒမီဆုတွေထက် အခုလိုအသက် ၅၂ နှစ် ရောက်မှရရှိတဲ့ဆုက ပိုပြီးတန်ဖိုးရှိပါတယ်။ ငယ်တုန်းက အချိန်တွေအများကြီး ရှိတဲ့အတွက် ကြိုးစားရင် ကြိုးစားသလို ဆုတွေရမှာဖြစ်ပါတယ်။ ဒီအသက်အရွယ်ကြမှ ဇာတ်ဆောင် ဆုရဖို့ဆိုတာ မလွယ်ပါဘူး။ အခုခေတ် မင်းသမီးတွေက သိပ်တော်ကြပါတယ်။ ဒီဆုကိုရရှိခဲ့တာကြောင့် ပရိသတ်တွေအပြင် မကြီးရဲ့ကလေးတွေက မကြီးထက်ပိုပြီး ဝမ်းသာကြမယ်ထင်ပါတယ်။ ဒီအတွက်လည်း ကြည်နူးရပါတယ်။ ရှေ့ဆက်လျှောက်မယ့် လမ်းမှာအသက်အရွယ်နဲ့ လိုက်ဖက်ညီတဲ့ ဇာတ်လမ်းတွေ၊ အနုပညာတွေကို ဖန်တီးတဲ့အခါ အခုရရှိခဲ့တဲ့ အကယ်ဒမီဆုနဲ့ ချစ်တဲ့ပရိသတ်တွေက ခွန်အား ဖြစ်စေပါတယ်။

 

mdn

အကယ်ဒမီရန်အောင် (အမျိုးသားဇာတ်ဆောင်ဆု)

 

ဒီဆုကိုရရှိခဲ့လို့ ဝမ်းသာပီတိ ဖြစ်ရပါတယ်။ အသက် ၅၇ နှစ် ရှိပါပြီ။ အကယ်ဒမီဆုကို ၁၇ နှစ် ကြာမှ ခုနစ်ဆုမြောက်အဖြစ် ပြန်လည်ရရှိခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်ပါဝင်တဲ့ ဇာတ်ကားကနေ ရင်ခုန်ခွင့်ရတဲ့အတိုင်း ရင်ခုန်သံနဲ့ ထပ်တူဖြစ်အောင် ချီးမြှင့်ခံရတဲ့အတွက် များစွာဝမ်းသာဂုဏ်ယူမိပါတယ်။ ဆုချီးမြှင့်ပေးတဲ့ အဖွဲ့တွေကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီဇာတ်ကားရိုက်ဖို့ အတွက် ဒူးဝါးဇာတ်ကောင်နေရာ ကို ဒါရိုက်တာကိုတင်အောင်စိုးက တာဝန်ပေးတဲ့အတွက် အလွန်ဝမ်းသာပါတယ်။ ဒီဇာတ်ကောင် နေရာက ကျွန်တော့်အတွက် စိန်ခေါ်မှုဖြစ်တယ်။ ရအောင်လုပ်မယ်၊ အပီပြင်ဆုံးလုပ်မယ်လို့ ခံယူချက်ထားခဲ့တယ်။ ဒါကြောင့် ဇာတ်ကားမရိုက်ခင်ကတည်းက အရင်တုန်းက စီနီယာကြီးတွေရိုက်ခဲ့တဲ့ ဇာတ်ကားတွေရဲ့ လုပ်ဆောင်မှုတွေကို အတုယူရပါတယ်။ မတူတဲ့ဇာတ်ကောင်ကို ဖန်တီးရတာ ဖြစ်တာကြောင့် ဘက်ပေါင်းစုံကနေ အသေးစိတ်ပြင်ဆင် ကြိုးစားခဲ့ရပါတယ်။ ရိုက်ပြီးတဲ့အချိန်မှာ ကိုယ်ရဲ့ ဇာတ်ကောင်စရိုက်ကို အားရကျေနပ်မှုရှိပါတယ်။ အခုလို အသက်အရွယ်မှာ ကျန်းကျန်းမာမာနဲ့ လုပ်နိုင်ကိုင်နိုင်တဲ့အချိန်မှာ ဒီဆုကိုရရှိတဲ့အတွက် ပိုပြီးဝမ်းသာပါတယ်။ ကျွန်တော်တို့အတွက်က ဆုရရှိဖို့အခွင့်အရေးနည်းနေပါပြီ။ ကလေးတွေက အခွင့်အရေးတွေ များစွာရှိနေပါသေးတယ်။ ကလေးတွေ အခုလိုဆုရရှိကြတော့ သူတို့တွေအတွက် အားတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်းကလည်း ဆုရရှိခဲ့တဲ့အတွက် အားဖြစ်ခဲ့ပါတယ်။ ဆုရရှိခဲ့ကြတဲ့ ကလေးတွေအတွက် ဝမ်းသာဂုဏ်ယူပါတယ်။ ကျွန်တော့်ကို အားပေးကြတဲ့ ပရိသတ်တွေ ဆက်လက်ပြီး အားပေးကြပါ။ ပရိသတ်တွေရဲ့ အားပေးမှုက ကျွန်တော်တို့ရဲ့ လျှောက်လှမ်းရမယ့် ခြေလှမ်းတွေ ဖြစ်ပါတယ်။ ပရိသတ်အားပေးမှုမရှိရင် ဘယ်လောက်ကြိုးစားကြိုးစား အရာမထင်ပါဘူး။ အားပေး မှုရှိမှ အရာထင်မှာ ဖြစ်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။