မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ တက်ရောက်လာကြသူများ၏ ဝမ်းသာပီတိစကားသံများ

တွေ့ဆုံမေးမြန်း - ဝင်းသန့်
ဓာတ်ပုံ - ဟိန်းမင်းစိုး

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် ရပ်နားခဲ့ရသည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲကို ယနေ့တွင် နေပြည်တော် မြို့တော်ခန်းမအနီးရှိ လဟာပြင်ကဇာတ်ရုံတွင် ခမ်းနားထည်ဝါစွာ ကျင်းပခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်၊ ၂၀၂၂ ခုနှစ် သုံးနှစ်စာအတွက် ရုပ်ရှင်ထူးချွန်ဆုများ ချီးမြှင့်နိုင်ခဲ့သည်။ ထိုကဲ့သို့ ချီးမြှင့်နိုင်ခြင်းသည် အနုပညာလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရှိန်အဟုန်ဖြင့် အရွေ့တစ်ခုဖြစ်သလို ပြည်သူလူထု အတွက်လည်း မျှော်လင့်စောင့်စားရင်ခုန်ရသည့် အခမ်းအနားတစ်ခုဖြစ်ရာ တက်ရောက်လာကြသူများ၏ စကားသံများကို ဖော်ပြလိုက်ရပါသည်။

အကယ်ဒမီ ဒါရိုက်တာစင်ရော်မောင်မောင်

တစ်သက်မှာ သုံးနှစ်ဆက်တိုက်ပေးတဲ့ အကယ်ဒမီပွဲကို တက်ရမယ်လို့ တစ်ခါမှမထင်ခဲ့ပါဘူး။ ဒီအကယ်ဒမီပွဲမှာ စီမံကွပ်ကဲမှု ဒါရိုက်တာ တာဝန်ယူထားပါ တယ်။ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်းနဲ့  သေချာဆွေးနွေးပြီး တစ်ထောင့်တစ်နေရာကနေ ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ပြင်ဆင်ခဲ့တာ ငါးလ ခန့်ရှိပါပြီ။ ဒီအကယ်ဒမီပွဲက သုံးနှစ်စာပေးတဲ့အတွက်လည်း ထူးခြားပါတယ်။ မလုပ်တာကြာပြီဖြစ်တဲ့ နေပြည်တော်မှာ ပြန်လည်ကျင်းပတဲ့အတွက်လည်း ထူးခြား ပါတယ်။ အစီအစဉ်တင်ဆက်မှုနဲ့ မီးအလင်းအမှောင်တွေကလည်း ထူးခြားပါတယ်။ ထူးချွန်ဆုကို ၃၃ ဆု လျာထားပါတယ်။ 

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးကြည်စိုးထွန်း

ဒီနှစ်မှာ အကယ်ဒမီဆုရရှိပြီး သူတွေကို ရွှေရင်ထိုးလေးတွေ ပေးအပ်ဖို့ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးက စိတ်ကူးရပြီးတော့ စတင်စီစဉ်တာဖြစ်ပြီး ဦးသန်းဌေး (ကိုဂျက်)က ကူညီပံ့ပိုးပေးတာ ဖြစ်ပါတယ်။ ဒါကို နိုင်ငံတော်က သိတဲ့အခါမှာ ကြယ်ပွင့်လေးကိုပါ ထပ်ပေါင်းပြီး စီစဉ်တာဖြစ်လို့ ဂုဏ်ယူစရာကောင်းပါတယ်။ အကယ်ဒမီဆုရရှိပြီးသူတိုင်း ရင်ထိုးလေးတွေရရှိကြမှာဖြစ်ပါတယ်။ အားလုံးကိုပျော်ရွှင်စေဖို့ စီစဉ်တာ ဖြစ်ပါတယ်။ သုံးနှစ်စာအတွက် ထူးချွန်ဆုပေးပွဲကို နေပြည်တော်မှာ ယခုလို ခမ်းခမ်းနားနား ကျင်းပနိုင်ခဲ့တဲ့အတွက် ရုပ်ရှင်အစည်း အရုံးဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ အထူး ပျော်ရွှင်မိပါတယ်။ ရုပ်ရှင်ထူးချွန်ဆုပေးပွဲဆိုတာ ရုပ်ရှင်လောကသားတွေအတွက် ပွဲတစ်ခုဖြစ်ပြီး ဒီပွဲကို နိုင်ငံတော်က ပံ့ပိုး ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ 

ရုပ်ရှင်တေးဂီတဆုရရှိသူ အကယ်ဒမီဒါရိုက်တာ အောင်ကိုလတ်

သုံးနှစ်စာဆိုတော့ ထူးချွန်ဆု တွေများပါတယ်။ ဇာတ်ကားတွေလည်း အများကြီးတွေ့ရသလို ပံ့ပိုးတဲ့အတတ်ပညာရှင်တွေရဲ့ လက်ရာတွေကိုလည်း အများကြီး တွေ့ရပါတယ်။ အခုလို သုံးနှစ်ကို တစ်ပြိုင်တည်းပေးတာ ပထမဆုံး အကြိမ်ဖြစ်ပါတယ်။  ဆန်ခါ တင်ဇာတ်ကားဖြစ်တဲ့  ဂန္ဓဗ္ဗဇာတ်ကားက ပြင်ဆင်မှု လေးနှစ်ခွဲ ငါးနှစ် အချိန်ယူရပါတယ်။ သာမန် ဇာတ်ကားတစ်ကားနဲ့ မတူဘဲ မြန်မာ့ရိုးရာစောင်းရဲ့ ခုနစ်ကြိုးနဲ့ ၁၆ ကြိုးကာလာနဲ့ ဂျပန်နိုင်ငံရဲ့ ရိုးရာဂီတတွေကို ပေါင်းစပ်ဖြစ်ခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပရိသတ်လက်ထဲရောက်ခဲ့တယ်။ အခုဆိုရင် ဂျပန်နိုင်ငံမှာ ပြဖို့စီစဉ် နေပါတယ်။ 

အကယ်ဒမီ ခင်သီတာထွန်း

၂၀၁၉-၂၀၂၀ မှာ အကယ်ဒမီအတွက် မျှော်မှန်းလို့ရတဲ့သူတွေ အများအပြား တွေ့ရပါတယ်။ ၂၀၂၀-၂၀၂၂ အတွက်ကတော့ နည်းသွားတယ်။ ဒါပေမဲ့ သုံးနှစ်စာ ပေါင်းလိုက်တော့ ဆန်ခါတင် စာရင်းမှာ အများကြီးပါပဲ။ တော်တဲ့သူတွေ အကယ်ဒမီဆုရဖို့ အလားအလာရှိတဲ့သူတွေ  အများကြီး တွေ့ရပါတယ်။ မျှော်မှန်းတဲ့ သူတိုင်းရပါစေလို့ ဆုတောင်းပါတယ်။ ကိုယ်တိုင်လည်း ရုပ်ရှင်ထူးချွန်ဆုရဖို့ နှစ်တွေအများကြီး မျှော်မှန်းရတာတွေရှိခဲ့ပါတယ်။ အနုပညာသမားတစ်ယောက် ဖြစ်တဲ့အတွက် အကယ်ဒမီလို့ ကြားလိုက်တာနဲ့ ရင်ခုန်ပါတယ်။ တော်တဲ့ အနုပညာရှင်တွေ၊ ဇာတ်ပို့၊ ဇာတ်ဆောင်တွေ၊ အတတ်ပညာရှင်တွေအများကြီးရှိတဲ့အတွက် သူတို့လည်း ရင်ခုန်နေကြမှာပါ။ အကယ်ဒမီကတော့ အနုပညာရှင်တိုင်း မျှော်မှန်းထားတဲ့ ပန်းတိုင်တစ်ခုဖြစ်ပါတယ်။ အနုပညာ အလုပ်တွေ ဆက်လက်လုပ်ဆောင်ဖို့ ခွန်အားတွေရရှိစေပါတယ်။ 

အကယ်ဒမီ ထက်ထက်မိုးဦး

အကယ်ဒမီဆိုတာ အနုပညာရှင် တိုင်းအတွက် ရည်မှန်းချက် ပန်းတိုင်ဖြစ်ပါတယ်။ အရင်က တစ်နှစ်တစ်ခါပေးခဲ့တာဖြစ်ပြီး အခု သုံးနှစ်စာဆိုတော့ အကယ်ဒမီဆုတွေ အများကြီးရကြမှာပါ။ အကယ်ဒမီဆိုတာနဲ့ ရင်ခုန်ပါ တယ်။ အားလုံးကိုယ်စား ရင်ခုန် ရပါတယ်။  ကျွန်မအနေနဲ့ အကယ်ဒမီရခဲ့တဲ့ နှစ်တွေထဲမှာ ၁၉၉၆ ခုနှစ်က ပထမဆုံးရခဲ့တဲ့နှစ်ဆိုတော့ ရင်ခုန်ရဆုံးဖြစ်ပါတယ်။ အားလုံး ကျန်းမာချမ်းသာကြပါ စေလို့ ဆုတောင်းပေးပါတယ်။ 

အကယ်ဒမီ မို့မို့မြင့်အောင်

မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရဖို့ဆိုတာ အနုပညာရှင်တွေအတွက် အတော်ကို ကြိုးစားရတယ်။ ရပြီးသွားလည်း ထပ်မံရချင်ကြတာပါပဲ။ ကျွန်မ အခု အသက် ၆၀ ကျော်သည့်တိုင် ရချင်နေတုန်းပါပဲ။ ထပ်မံလည်း ကြိုးစားနေဦးမှာပါပဲ။  ဒါအနုပညာရှင်တွေရဲ့ စိတ်ဓာတ်ပါပဲ။ ချစ်တဲ့ပရိသတ်ကြီးလည်း အခုအကယ်ဒမီဆုရတဲ့ မောင်တွေ၊ ညီမတွေလိုပဲ ပျော်ရွှင်နိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။ 

အကယ်ဒမီ ဆွေဇင်ထိုက်

ကျွန်မတို့ မြန်မာ့ရုပ်ရှင်မှာ အကယ်ဒမီပေးပွဲဆိုတာ ၁၉၅၂ ခုနှစ်ကတည်းက စတင်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်က မရှိသေးတဲ့သူတွေကရအောင် ကြိုးစားချင်လာမယ်။ ရပြီးသွားလည်း နောက်ထပ်ရရှိအောင် အားပေးတာ အသိအမှတ်ပြုပေး ရတာဖြစ်ပါတယ်။ ဒီနှစ်ကတော့ သုံးနှစ်စာပေါင်းပြီး ပေးတာဖြစ်ပါတယ်။ အနုပညာဆိုတာ အရှိန်ရှိပါတယ်။ တစ်နှစ်ကနေ နောက်တစ်နှစ် တက်သွားရတာဖြစ်ပါ တယ်။ သုံးနှစ်တောင်ကြာသွားပြီ ဆိုတော့  အေးသွားမှာစိုးတဲ့အတွက် ဒီလိုကျင်းပဖြစ်တာ ကျေးဇူးတင်ပါတယ်။ ဒီနှစ်မှာ ထူးထူးခြားခြားအနေနဲ့ ဖက်ရှင်နဲ့ ပတ်သက်ပြီး ဆုချီးမြှင့်ပေးတာ ဖြစ်ပါတယ်။ နိုင်ငံတကာမှာလည်း ဒီလိုပေးလေ့ပေးထရှိတဲ့အတွက် ဆုတစ်ခုအနေနဲ့ ထည့်ပြီးစီစဉ်တာဖြစ်ပါတယ်။
 
အကယ်ဒမီ ရန်အောင်

ရွှေကြိုတွေကတော့ သုံးနှစ်စာဖြစ်တဲ့အတွက် အယောက် ၄၀ ဖြစ်သွားပါတယ်။ အတော်လေးလည်း စိစစ်ရွေးချယ်ခဲ့ရပါတယ်။ ကလေးတွေအားလုံးကလည်း ပျော်ကြတယ်။ အကယ်ဒမီပေးပွဲတွေ အတော်များများလည်း တက်ခဲ့ဖူးပါတယ်။ အကယ်ဒမီတွေလည်း ရခဲ့ဖူးတယ်ဆိုပေမယ့် အခုနှစ်ကတော့ အရင်နှစ်တွေနဲ့ မတူတဲ့ တင်ဆက်မှုတွေလည်း တွေ့ရတယ်။ သုံးနှစ်စာဆိုတဲ့အတွက် ဆုအမျိုးအစားတစ်ခုမှာ သုံးယောက်ရတာကို တွေ့ရမယ်ဆိုတော့ ပျော်စရာကောင်းပါတယ်။  မြန်မာ့ရုပ်ရှင်ကိုချစ်တဲ့ ပရိသတ်တွေရှိလို့  မြန်မာ့ရုပ်ရှင်က ရှင်သန်နေရတာဖြစ်ပါတယ်။ ရုပ်ရှင်အနုပညာရှင်တွေ၊ အတတ်ပညာရှင်တွေ အားလုံးက ပရိသတ်ရဲ့ အားပေးမှုအပေါ် မှာပဲ ရပ်တည်ရတာဖြစ်ပါတယ်။ အားပေးမှုဆိုတဲ့ ပီတိကိုစားပြီးတော့ အလုပ်တွေလုပ်နေရတာ ဖြစ်ပါတယ်။  ပရိသတ်တွေ အားပေးမှုရှိတဲ့အတွက် အကယ်ဒမီ ပေးပွဲဆိုတာ ဖြစ်လာရတာပါ။ အခု  ပရိသတ်တွေကလည်း သောင်းသောင်းဖြဖြနဲ့ အားတတ် သရောရှိကြပါတယ်။ အင်မတန် ဝမ်းသာဖို့ ကောင်းပါတယ်။ အနု ပညာရှင်တွေအားလုံးလည်း စုစုစည်းစည်း ပျော်ပျော်ရွှင်ရွှင်နဲ့ တွေ့ရတဲ့အတွက် ကြည်နူးမိပါတယ်။ 

သရုပ်ဆောင် ကျော်ထက်အောင်

ဒီနှစ်က သုံးနှစ်စာ ချီးမြှင့်တာ ဖြစ်ပါတယ်။ အကယ်ဒမီနဲ့ ပတ်သက်ပြီး ဒီနှစ်က လျှို့ဝှက် သိုသိပ်တော့ ဘယ်သူတွေရမယ်ဆိုတာ ခန့်မှန်းဖို့ မသိဘူးဖြစ်နေတယ်။ ဆန်ခါတင်ဇာတ်ကားတွေ က အများကြီးဆိုတော့ တကယ်တော်တဲ့သူတွေရကြမှာပါ။ 

အကယ်ဒမီ နန္ဒာလှိုင်

အကယ်ဒမီဆိုတာ အနုပညာသမားတိုင်း ရချင်ကြတဲ့ ဆုတစ်ဆုပါပဲ။  အင်တိုက်အားတိုက်နဲ့ သုံးနှစ်စာပေးမယ့် ဒီလိုနှစ်မျိုးမှာ ဘယ်သူတွေရရ ဝမ်းသာမှာပါ။ ကျွန်မ အကယ်ဒမီရတဲ့နှစ်ကလည်း အကယ်ဒမီပေးပွဲကို နေပြည်တော်မှာပဲ ကျင်းပခဲ့ တာပါ။ ပရိသတ်တွေနဲ့ အခုလို ပြန်လည်တွေ့ဆုံရတာ ဝမ်းသာပါတယ်။ 

အကယ်ဒမီ ခိုင်သင်းကြည်

ဒီနေ့ အကယ်ဒမီပေးပွဲကို တက်ရောက်ရတဲ့အတွက် ပျော်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ကျွန်မပါဝင် သရုပ်ဆောင်ထားတဲ့ ရိုးမပေါ်ကျတဲ့ မျက်ရည်ဇာတ်ကားက အကယ်ဒမီ ဆန်ခါတင်စာရင်းထဲမှာ ပါပါတယ်။ ဇာတ်ကား အနေနဲ့လည်း အလွန်ကောင်းပါတယ်။ သရုပ်ဆောင်တွေ အားလုံးကလည်း သူ့နေရာနဲ့သူ ဇာတ်ရုပ်က လိုက်ဖက်ပါတယ်။ 

အကယ်ဒမီ ထွန်းအိန္ဒြာဗိုလ်

ကျွန်မအနေနဲ့ အနုပညာအလုပ်တွေ  မလုပ်တာကြာတော့ ကိုယ်ကျင်လည်ခဲ့တဲ့ လောကက မိတ်ဆွေတွေ၊ သူငယ်ချင်းတွေ အားလုံးကို တွေ့ချင်လို့ လာတာပါ။ ကျွန်မရဲ့ဇာတ်ကားတွေအနေနဲ့ သူစိမ်းအိမ်နဲ့ စရိုက်ဆိုပြီး အကယ်ဒမီ ဆန်ခါတင် နှစ်ကား ပါပါတယ်။ 

အကယ်ဒမီ စိုးပြည့်သဇင်

ရွှေမင်းသမီး ဇာတ်ကားကိုတော့ စပြီးရိုက်ကတည်းက အတတ်နိုင်ဆုံး ရွှေရည်ဆိုတဲ့ ဇာတ်ကောင်စရိုက်ကို ပီပြင်အောင် ကြိုးစားခဲ့ရပါတယ်။ ဒီကားက အများကြီး ကြိုးစား အားထုတ်ခဲ့ရတဲ့ ကားလေးဖြစ်ပါတယ်။ ဒီဇာတ်ကားနဲ့ပတ်သက်ပြီး ကိုယ့်ရဲ့  တောင်ငူမြို့တည်၊ နန်းတည်ကို အခြေခံပြီး ရိုက်ထားတာဖြစ်တဲ့အတွက် ပိုပြီးအမှတ် တရဖြစ်တဲ့ ဇာတ်ကားဖြစ်ပါတယ်။ အကယ်ဒမီပေးပွဲတိုင်း အကယ်ဒမီရခဲ့တဲ့ အခိုက်အတန့်ကို အမြဲတမ်း မှတ်မိပါတယ်။ အခုလို အနုပညာ မောင်နှမတွေ အများကြီးကို ကျန်းကျန်းမာမာနဲ့ ပြန်လည်တွေ့ဆုံရတဲ့အတွက် ဝမ်းသာပါတယ်။  ပရိသတ်တွေလည်း ကျန်းမာ ချမ်းသာကြပါစေ ဆုတောင်းပေးပါတယ်။ 

သရုပ်ဆောင် ယွန်းယွန်း

သုံးနှစ်စာဆိုတော့ ဆန်ခါတင် ဇာတ်ကားတွေ အများကြီးပါပဲ။ တကယ်ကို ထိုက်တန်ပြီး ပရိသတ် အကြိုက်နဲ့ ထပ်တူကြမယ့် သရုပ်ဆောင်တွေ ရရှိကြပါစေလို့ ဆန္ဒပြုပါတယ်။ အားလုံးက စီနီယာ အစ်ကို၊ အစ်မတွေဖြစ်တဲ့အတွက် ဘယ်သူရရ ပျော်မှာပါ။