ရန်ကုန် ဒီဇင်ဘာ ၂၇
၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက လုပ်ငန်းဆိုင်ရာလိုအပ်ချက်များ တက် ရောက်ဆွေးနွေးမှာကြားသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနာယကကြီးများ၊ ဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ အလုပ်အမှုဆောင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး က ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်တွင် ကျင်းပမည်ဖြစ်သည့်အတွက် အချိန်အနည်းငယ်သာ ကျန်ရှိ ခြင်းကြောင့် လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများကို ညှိနှိုင်းဆွေးနွေးရန်ဖြစ်ကြောင်း၊ အခမ်းအနားကို ယခင်နှစ်ထက် ပိုမိုကောင်းမွန်အောင် စီမံဆောင်ရွက်ကြစေလိုကြောင်း၊ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုရွေးချယ်ရေး အကဲဖြတ်အဖွဲ့အနေဖြင့် ဆုများရွေးချယ်ရာတွင် စနစ်တကျရွေးချယ်၍ ရသင့် ရထိုက်သူများရရှိစေရန် ဆောင်ရွက်ကြစေလိုကြောင်း၊ ရွှေကြိုရွေးချယ်ရေးနှင့် ပတ်သက်၍ အချက်အလက်များကို ဘက်ပေါင်းစုံမှ ကြည့်ပြီး ရွေးချယ်ကြစေလိုကြောင်း၊ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရွေးချယ်ရေး အကဲဖြတ်အဖွဲ့အနေဖြင့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရွေးချယ်ရာတွင် ပြည်သူများ၏ သဘောထားအမြင်ကိုလည်း လေ့လာသုံးသပ်၍ သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ ရွေးချယ် ဆောင်ရွက်သင့်ပါကြောင်း။
အခမ်းအနား ကျင်းပရာတွင် လစ်ဟာမှုမရှိစေရန် ကြိုတင်စီမံပြီး သတ်မှတ်အချိန်ဇယား အတိုင်း စည်းကမ်းတကျဆောင်ရွက်ကြစေလိုကြောင်း၊ အခမ်းအနားသို့ တက်ရောက်မည့် အနုပညာရှင်များကို လည်း သတ်မှတ်ထားသည့်အချိန်၊ သတ်မှတ်ထားသည့်နေရာသို့ ရောက်ရှိနိုင်ရေး ကြပ်မတ်ဆောင်ရွက် စေလိုကြောင်း၊ ယမန်နှစ်ကထက် အခမ်းအနားအပြင်အဆင်၊ တင်ဆက်မှုအပိုင်းများတွင် ဆန်းသစ်သည့် စိတ်ကူးစိတ်သန်းတီထွင်ကြံဆမှုများဖြင့် ဆောင်ရွက်ကြစေလိုကြောင်း၊ ထို့အပြင် ပြည်သူများ အဆင်ပြေချောမွေ့စွာကြည့်ရှုနိုင်ရန်အတွက် တိုက်ရိုက်ထုတ်လွှင့်မှု (Live) အစီအစဉ်များကိုလည်း အထူးအလေးထားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားအောင်မြင်စွာ ကျင်းပရေးနှင့်စပ်လျဉ်း၍ လုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုး ထွန်း၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံး နာယကကြီးများနှင့် တက်ရောက်လာကြသူများက ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန် ဆုချီးမြှင့်ပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးနှင့် စပ်လျဉ်း၍ ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက ဆွေးနွေး တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ် အမှာစကားပြောကြားသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (ရန်ကုန်)၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ ဂုဏ်ပြုညစာစားပွဲ အခမ်းအနား၌ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် အနုပညာဦးစီးဌာနတို့မှ “ပဒေသာကပွဲ”ဖြင့် နိုင်ငံတော်သံစုံတီးဝိုင်းနှင့်အတူ ဖျော်ဖြေ တင်ဆက်မည့် အစီအစဉ်ကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ်က ဂုဏ်ပြုဖျော်ဖြေမည့် တေးသီချင်းများနှင့် စပ်လျဉ်း၍ စီစဉ်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်သံစုံတီးဝိုင်းမှ မိနစ် ၃၀ ကြာဖျော်ဖြေတင်ဆက်မည့် အစီအစဉ်တွင် “ဗွေးတုတ်”၊ “တောင်ယာဝင်ချိန်”၊ “ရိုးရာမပျက်တဲ့မြေ”၊ “ရိုးရှင်းသောဘဝ”၊ “မောင်တို့ ချယ်ရီမြေ”၊ “အလှသစ္စာတရား”၊ “ရွှေအိုးစည်” စသည့် သံစဉ်များ နှင့် တေးသီချင်းများ တီးမှုတ်သီဆို နေမှုကို ကြည့်ရှုအားပေးသည်။
ယင်းနောက် နိုင်ငံတော်သံစုံ တီးဝိုင်း၏ပဏာမတေးသွား၊ တေးသီချင်းများနှင့် သံစဉ်တီးလုံးများကို တီးခတ်ပြသမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက အကြံပြုဆွေးနွေးပြောကြားပြီး နိုင်ငံတော်သံစုံ တီးဝိုင်းနှင့် အဆိုပညာရှင် ဝန်ထမ်းများအား ဆုငွေချီးမြှင့်ပေးအပ်ကာ ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရှိ နိုင်ငံတော်သံစုံတီးဝိုင်းသည် နိုင်ငံတော်အဆင့် အခမ်းအနားများ၊ ပြည်ပဧည့်သည်တော်များ အတွက် ဂုဏ်ပြုဧည့်ခံပွဲများနှင့် ပြည်ပခရီးစဉ်များတွင် သွားရောက်ဖျော်ဖြေ တင်ဆက်နိုင်ရန် စုဖွဲ့လေ့ကျင့်လျက်ရှိရာ ယခုအခါ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ ဂုဏ်ပြုညစာ စားပွဲတွင် ဖျော်ဖြေတင်ဆက်နိုင်ရန်အတွက် လိုအပ်သည်များကို ဖြည့်ဆည်းမှုဖြင့် ကြိုတင်ပြင်ဆင် လေ့ကျင့်နေခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


