မြန်မာ့သစ်သီးဝလံ စိုက်ပျိုးရေးကဏ္ဍ

နေပြည်တော် ၁၃ ဧပြီ

 

မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးအပေါ် အားပြုရသော ဖွံ့ဖြိုးဆဲ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၌ မြန်မာနိုင်ငံသည်နှစ်ပေါင်း ၇၀ အတွင်း ပထမဦးဆုံးအကြိမ်အဖြစ် ပြည်ပနိုင်ငံများသို့ ဆန်တန်ချိန်သုံးသန်းအထိ တင်ပို့နိုင်ခဲ့ပါသည်။ မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍအတွက် အားတက်စရာသတင်းကောင်းတစ်ရပ် ဖြစ်ပါသည်။ သို့သော် တစ်ဖက်၌လည်း မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍတိုးတက်ရေးအတွက် အရေးတယူ ကိုင်တွယ်ဖြေရှင်းရမည့် ပြဿနာရပ်တို့ ရှိနေသည်ကိုလည်း သတိပြုမိပါသည်။

 

ဤသည်မှာ လယ်ယာစိုက်ပျိုးရေးနိုင်ငံဖြစ်သော မြန်မာနိုင်ငံက သစ်သီးဝလံတို့ကို ပြည်ပနိုင်ငံများမှ ပို၍ ပို၍ တင်သွင်းလာနေရခြင်းဖြစ်ပါသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ကိန်းဂဏန်းတို့အရ မြန်မာနိုင်ငံသည် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်၌ ပြည်ပနိုင်ငံတို့မှ သစ်သီးဝလံတို့ကို အမေရိကန်ဒေါ်လာ သန်း ၃၀ ဖိုးခန့်တင်သွင်းခဲ့ပါသည်။ ဤကိန်းဂဏန်းသည် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်၌ အမေရိကန်ဒေါ်လာ ၄၄ သန်းအထိ မြင့်တက်လာခဲ့ပါသည်။ ကမ္ဘာ့အနှံ့က ပြည်သူတို့က မြန်မာနိုင်ငံ၌ အကြောင်းအမျိုးမျိုးဖြင့် လာရောက်အလုပ်လုပ်ကိုင်နေကြရသော ပစ္စုပ္ပန်ကာလ၌ ဈေးကွက်လိုအပ်ချက်အရ သစ်သီးဝလံတို့ကို ပြည်ပနိုင်ငံတို့မှ တင်သွင်းရခြင်းသည် ရှောင်လွှဲ၍မရသော ကိစ္စရပ်ဖြစ်ပါသည်။ သို့သော် ပြည်ပနိုင်ငံတို့မှ တင်သွင်းနေရသော သစ်သီးဝလံတို့တွင် မြန်မာနိုင်ငံ၌ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးနေသည့် ပန်းသီး၊သရက်သီးနှင့် နဂါးမောက်ကဲ့သို့သော သစ်သီးဝလံတို့ ပါဝင်နေခြင်းကိုမူ အလေးအနက်ထား သုံးသပ်သင့်ပါသည်။

 

သတင်းမီဒီယာဖော်ပြချက်တို့အရ ထိုင်းနိုင်ငံ၌ စိုက်ပျိုးထုတ်လုပ်၍ ပြည်တွင်းဈေးကွက်သို့ ရောက်ရှိလာသော ရုံးပတီသီးတို့ကို မြန်မာနိုင်ငံထွက် ရုံးပတီသီးတို့က ယှဉ်ပြိုင်ရောင်းချနိုင်စွမ်းမရှိ။ အလားတူပင် မြန်မာနိုင်ငံ၌ စိုက်ပျိုးထုတ်လုပ်သည့် မုန်လာဥနီတို့သည် တရုတ်နိုင်ငံ၌ စိုက်ပျိုးထုတ်လုပ်၍ မြန်မာ့ဈေးကွက်သို့ ရောက်ရှိလာသော မုန်လာဥနီတို့ကို ယှဉ်ပြိုင်ရောင်းချနိုင်စွမ်းမရှိ။ ပြည်သူလူထု၏ နေ့စဉ်ဘဝ၌ အရေးပါသည့် ဤသို့သော သစ်သီးဝလံတို့ကို မြန်မာ့စိုက်ပျိုးရေးကဏ္ဍက အိမ်နီးချင်းနိုင်ငံတို့နှင့် ယှဉ်ပြိုင်စိုက်ပျိုးရောင်းချနိုင်စွမ်း အားပျော့နေသည်ဟူသောအချက်မှာ အလေးအနက်ထား သုံးသပ်ရမည့်အချက်ဟု ယူဆပါသည်။ အခြေခံအားဖြင့် ပြည်တွင်းစိုက်ပျိုးထုတ်လုပ်သူတို့သည် နည်းပညာနှင့် အရင်းအနှီးပမာဏကွာဟမှုတို့ကြောင့် ပြည်ပစိုက်ပျိုးထုတ်လုပ်သူတို့နှင့် ယှဉ်ပြိုင်ရောင်းချနိုင်စွမ်း အားပျော့နေခြင်း ဖြစ်ပါသည်။

 

ပြည်တွင်းစိုက်ပျိုးထုတ်လုပ်သူတို့၏ နည်းပညာနှင့် အရင်းအနှီးလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းတို့ကမဟာဗျူဟာချမှတ်၍ ပံ့ပိုးကူညီမှုပေးရန်လိုအပ်သကဲ့သို့ ပြည်ပမှ ပြည်တွင်းသို့ ဝင်ရောက်လာသော သစ်သီးဝလံတို့ကို ဥပဒေနှင့်အညီစစ်ဆေးခြင်းနှင့်အတူ ရသင့်ရထိုက်သော အခွန်အကောက်တို့ကောက်ခံခြင်းကိုလည်း ဆောင်ရွက်ရမည် ဖြစ်ပါသည်။ သို့မှသာ ပြည်တွင်း သစ်သီးဝလံစိုက်ပျိုးထုတ်လုပ်သူတို့အတွက် မျှတသောဈေးကွက်ကို ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။ လူထုအစိုးရသစ်က ဦးဆောင်ရေးဆွဲလျက်ရှိသည့် ရေရှည်တည်တံ့ခိုင်မြဲဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၌ သစ်သီးဝလံစိုက်ပျိုးထုတ်လုပ်သူတို့၏ လိုအပ်ချက်တို့ကို ထည့်သွင်းရေးဆွဲမည်ဟု ယုံကြည်ပါကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။

 

မြန်မာ့အလင်း