မြန်မာသဒ္ဒါသင်ကြားရေး (၃၆)

“ ဝါစင်္ဂလေးပါး အယူအဆက ဘယ်ပညာရှင် ရဲ့အယူအဆပါလဲ ဆရာ”
“၁၉၆၀ကျော်ကာလတွေတုန်းက ရန်ကုန်တက္ကသိုလ်ပရိဝုဏ်မှာ နှစ်စဉ် ‘ မြန်မာနိုင်ငံသုတေသန ကွန်ဂရက်’ဆိုတဲ့ ဆွေးနွေးပွဲတွေ၊ စာတမ်းဖတ်ပွဲတွေ ခြိမ့်ခြိမ့်သဲသဲ ကျင်းပခဲ့ဖူးတယ်၊ ၁၉၈၀ ကျော်အထိ အနှစ် ၂၀ လောက် နှစ်စဉ်ကျင်းပခဲ့တာ၊ သိပ်ပညာရတဲ့ အစီအစဉ်ပေါ့၊ အဲဒီမှာ ဘာသာစာပေယဉ်ကျေးမှု ပညာရပ်သုတေသနအဖွဲ့ရဲ့ စာတမ်းဖတ်ပွဲတွေမှာ ဖတ်တဲ့ စာတမ်းရှင်တွေထဲမှာ ထူးခြားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပါတယ်၊ သူက မြန်မာမဟုတ်ဘူး၊ အနောက်တိုင်းသူအမျိုးသမီးကြီးပဲ၊ အဲ့ဒီတုန်းက မန္တလေးဝိဇ္ဇာနဲ့ သိပ္ပံတက္ကသိုလ်မှာ ကထိကအဖြစ် အမှုထမ်းနေတဲ့ ဒေါက်တာကက်သလင်းဖော့ (Dr.Kathleen Forbes) ဆိုတဲ့ ပညာရှင်ပဲ”
“ဪ...ဟုတ်ကဲ့ပါ”

 

“ အဲဒီဆရာမကြီးက ဘာသာဗေဒပညာရှင်ပါ၊ မြန်မာဘာသာစကားကို  ဘာသာဗေဒနည်း နဲ့ သုတေသနပြုထားတဲ့ စာတမ်းတွေ ဖတ်ခဲ့တာပေါ့၊ စာတမ်းတစ်စောင်က Parts of Speed is Burmese and Burmese Qualifier တဲ့။ မြန်မာဘာသာစကားမှာရှိတဲ့ ဝါစင်္ဂတွေနဲ့ အဲ့ဒီဝါစင်္ဂဂတွေထဲက တစ်ခုဖြစ်တဲ့ အထူးပြုတွေကို သုတေသနပြုထားတာလေ”
“ဟုတ်ကဲ့ပါ၊ အဲဒီစာတမ်းကို မြန်မာနိုင်ငံသုတေသန အသင်းဂျာနယ်မှာ ပြန်ထည့်တာ ကျွန်တော်တွေ့ဖူးပါတယ်။
သေသေချာချာတော့ မလေ့လာဖြစ်ပါဘူး”

 

“ဆရာမကြီးက ‘အထူး ပြု’ ကို ဝါစင်္ဂတစ်ခုအဖြစ် သတ်မှတ်ပြီး အသေးစိတ်လေ့လာထားတာပါ၊ သတိ်ရလို့ပြောအုန်းမယ် ဆရာကြီး ဒေါက်တာဖော့ ဖတ်တဲ့စာတမ်းတစ်စောင်ကို တစ်နှစ်မှာ သဘောပတိခုပ်တဲ့ အင်္ဂလိပ်စာပါမောက္ခဆရာကြီး ဦးမျိုးမင်းက သဘာပတိမိန့်ခွန်းမှာ ဆရာမကြီးကို ချီးကျူးပြီး မြန်မာတွေဖြစ်တဲ့ ပရိသတ်အားလုံးကို ရည်ရွယ်တဲ့ မှတ်ချက်တစ်ခုပေးတယ်၊ We Should be ashamed of ourselves တဲ့။ ကျွန်တော်တို့ကိုယ့်ကိုယ်ကိုယ် ရှက်ဖို့ကောင်းတယ်ပေါ့”
“ဪ”

 

“နိုင်ငံခြားသူဖြစ်တဲ့ ဆရာမကြီးက ဒီလိုသုတေသနတွေ လုပ်နေတာကိုကြည့်ပြီး ကျွန်တော်တို့မြန်မာတွေ အဲ့ဒီလိုမလုပ်နိုင်တာ ရှက်စရာပဲလို့ ဆိုလိုလိုက်တာပါ”
“မှတ်သားစရာပဲနော်...ဆရာ”

 

“အေး...မှတ်သားနေရုံနဲ့တော့ မပြီးဘူးကွဲ့၊ တကယ်လုပ်ဖို့လိုတာပဲ”
 “ဟုတ်ကဲ့ပါဆရာ”
“စပ်မိလို့ပြောဦးမယ်၊ ဆရာမကြီးရဲ့ မြန်မာအမည်က ဒေါ်ရင်ရင်…တဲ့။ သူ့ခင်ပွန်းက မန္တလေးဝိဇ္ဇာနဲ့ သိပ္ပံတက္ကသိုလ်က ရုက္ခဗေဒပါမောက္ခ ဆရာကြီးဒေါက်တာသန်းထွန်းတဲ့၊ ဆရာမကြီးက ၁၉၉၀ကျော်လောက်မှာ ကွယ်လွန်သွားပါပြီ၊ ဆရာမကြီး ပြုစုခဲ့တဲ့ စာတမ်းတွေကို မြန်မာဘာသာစကား လေလာ့သူတွေ ကိုးကားနေရတုန်းပါပဲ”
“ဟုတ်ကဲ့ပါ၊ လေးစားစရာပါပဲဆရာ”

 

“လန်ဒန်တက္ကသိုလ် SOAS မှာအမှုထမ်းခဲ့တဲ့ မြန်မာစာ ကထိက ဆရာဂျွန်အိုကယ် (Johm Okell) ရဲ့ A Reference Grammer of Calloquial Burmese ပဲ၊ မြန်မာနှုတ်ပြောစကား အညွှန်းသဒ္ဒါပေါ့၊ အဲဒီကျမ်းမှာ ဝါစင်္ဂခွဲပုံကိုပြောပြဦးမယ်”
“ပြောပြပါဆရာ”

 

“ဆရာက ရုပ်ရင်းmorpheme ခေါ်တဲ့ အသေးဆုံး သဒ္ဒါ အစိတ်အပိုင်းတွေကို အခြေခံပြီး ဝါစင်္ဂခွဲတယ်။ ရုပ်ရင်း တွေကိုစကားလုံး (word) အဖြစ်သုံးရတဲ့ ရုပ်ရင်းပစ္စည်း (Particle) အဖြစ်သုံးရတဲ့ ရုပ်ရင်းဆိုပြီး နှစ်မျိုးခွဲတယ်၊ စကားလုံးရုပ်ရင်းနဲ့ သဒ္ဒါရုပ်ရင်းလို့ ခေါ်လို့ရတယ်၊ စကားလုံးရုပ်ရင်းကိုမှ သုံးမျိုးထပ်ခွဲတယ်၊ ကြိယာရယ်၊ နာမ်ရယ်၊ အာမေဍိတ်ရယ်၊ သဒ္ဒါရုပ်ရင်းကိုလည်း သုံးမျိုးထပ်ခွဲတယ်၊ တစ်မျိုးမှာ formativeတဲ့၊ စကားလုံးတွေ ပွားတဲ့အခါ သုံးတဲ့ပစ္စည်းပေါ့၊ တို့ကတော့ စကားမှားပစ္စည်းလို့ခေါ်ထားတယ်၊ နောက်တစ်မျိုးက marker တဲ့၊ စကားလုံးတွေရဲ့ နောက်ကဆက်ရတဲ့ ပစ္စည်းပေါ့၊ နောက်တစ်မျိုးက postposition တဲ့၊ နောက်ဆက်ပစ္စည်းရဲ့ နောက်ကလိုက်ရတဲ့ပစ္စည်းပေါ၊့ တကို့ နောက်လိုက်ပစ္စည်းလို့ခေါ်ထားတယ်”

 

“ဒီခွဲပုံက စိတ်ဝင်စားစရာ ကောင်းပါတယ်ဆရာ၊ ကျွန်မတို့အရင်က မတွေ့ဖူးပါဘူး၊ ရှင်းပြပေးပါနော်”
“အဲဒီတော့ ဆရာဂျွန်အိုကယ်ရဲ့ ဝါစင်္ဂခွဲပုံကို ဝါစင်္ဂခြောက်ပါးလို့ ခေါ်နိုင်တာပေါ့”
“ဟုတ်ကဲ့ပါ”

 

“နာမ်နဲ့ ကြိယာကတော့ တခြားခွဲပုံတွေလိုပါပဲ။ အဲ...ဆရာက အာမေဍိတ်လို ဝါစင်္ဂတစ်ခုအနေနဲ့ ယူထားတယ်၊ ဂျေအေစတူးဝပ်တို့၊ ဝီလျံကော်နင်တို့ရဲ့ ဝါစင်္ဂသုံးပါး အယူအဆမှာ အာမေဍိတ်မပါဘူးလေ”
“ထုံးတမ်းစဉ်လာ ဝါစင်္ဂရှစ်ပါးမှာလည်း အာမေဍိတ် ပါတယ် မဟုတ်လား ဆရာ”
“ဟုတ်ပါတယ်၊ ဂျွန်အိုကယ်က  အပြောစကားမှာ သုံးတဲ့ အာမေဍိတ်တွေကို ပြည့်ပြည့်စုံစုံ စိစစ်ပြထားတယ်။ အဲဒါကမှတ်သားစရာကောင်းပါတယ်”
“သိပါရစေဆရာ”

 

“အာမေဍိတ်ကို Interjection လို့ခေါ်တယ် မဟုတ်လား၊ အဲဒီအာမေဍိတ်မှာ တစ်မျိုးက ပါးစပ်က ရုတ်တရက် ထွက်ပေါ်လာတဲ့ စကားတွေပဲ၊ စိတ်ထဲမှာ ဝမ်းသာတာ၊ ဝမ်းနည်းတာ၊ အံ့ဩတာ၊ ကြောက်တာစသည်ဖြင့် လှုပ်ရှားသွားတဲ့အခါ ပေါ်လာတတ်တဲ့ အသံတွေပေါ့၊ ‘ကဲ၊ ကိုင်း၊ ဟေ့၊ အလို၊ ဟင်၊ အင်း၊ အယ်၊ အိုး၊ ဘုရား၊ ဒုက္ခ၊ အမယ်လေး၊ အောင်မာ’ စတဲ့စကားတွေပဲ၊ ejaculations လို့ခေါ်တာပေါ့”
“ဆရာအဲဒီအာမေဍိတ်မျိုးတွေကို တခြားစကားတွေနဲ့ တွဲပြီးတော့လည်း သုံးတယ်နော်”

 

“ဘယ်လိုသုံးတယ်ဆိုတာ ပြောပြလေ” “ကဲ...မှတ်ပလား၊ ဟေ့...ဘာလဲ၊ အလို-ဆရာပါလား၊ အို-ဒုက္ခပါပဲ ဆိုတာမျိုးပါ ဆရာ” “ဟုတ်ပါပြီ၊ အဲဒီအာမေဍိတ်တွေကို သူ့ချည်းဖြစ်ဖြစ်၊ တခြားစကားတွေနဲ့ တွဲပြီးတော့ဖြစ်ဖြစ် သုံးပါတယ်၊ နောက်တစ်မျိုးကတော့  မြည်သံစွဲတွေပဲ၊ အင်္ဂလိပ်လို onomatopoeia လို့ခေါ်တယ်၊ တိရစ္ဆာန်တွေရဲ့ အော်သံတွေ၊ ‘ အောက်အီအီးအွတ၊်ညောင်၊ ဝေါင်း၊ ဝုတ်ဝုတ်’ဆိုတဲ့ အသံမျိုးတွေပေါ့၊ ပြီးတော့ သဘာဝအသံတွေ ဗြုန်းတို့၊ဝုန်းတို့၊ဖုတ်တို့၊ ရှဲရှဲတို့ပေါ၊့ ပြီးတော့ လူကလုပ်လို့ ထွက်လာတဲ့အသံတွေ ‘ဒိုင်း၊ ဒူ၊ ပလို့ဂျိ၊ နောင်၊ပလုတ်ဗြုန်း’ ဆိုတဲ့အသံတွေပေါ။့ အဲ့ဒီမြည်သံတွေဟာလည်း ရုတ်တရက် ပေါ်ထွက်လာတဲ့ အသံတွေမို့ အာမေဍိတ်နဲ့ သဘောချင်းတူတယ်လို့ ယူဆပုံရတယ်”
“စဉ်းစားစရာပဲနော်၊ သဘာဝကျပါတယ်”

 

“နောက်တစ်မျိုးက လူတွေကို ရည်ညွှန်းပြီးခေါ်တဲ့  စကားတွေပေါ၊့ အင်္ဂလိပ်လို appellatives လို သုံးတယ်၊ ဗျို့၊ ခင်ဗျား၊ ရှင်၊ ဆရာ၊ အရှင်ဘုရားဆိုတဲ့ စကားမျိုးတွေ၊ ကွ၊ ကွာ၊ ကွယ်၊ ကွဲ့၊ ရေ၊ ရာ၊ ရဲ့ဆိုတဲ့ စကားမျိုးပါတာပေါ့၊ ‘ဆရာကြီးရှင့်၊...ဗျို့၊ ဦးလေးကြီး၊ ဟုတ်တယ်ကွဲ့၊ သူငယ်ချင်းရေ’ဆိုတာမျိုးသုံးတယ်လေ၊ ဆရာဂျွန်အိုကယ်က အဲဒီစကားသုံးမျိုးကို အာမေဍိတ်အဖြစ် တစ်ခုခုပြထားတာ လေ့လာကြည့်နိုင်ပါတယ”
“ထုံးတမ်းစဉ်လာသဒ္ဒါတွေမှာတော့ အာမေဍိတ်တွေကို နာမ်တွေ၊ ကြိယာတွေနဲ့ ရောပြလေ့ရှိတယ်၊ ‘မြွေကြီးမြွေကြီး’တို့၊ ‘လိုက်ဟ လိုက်ဟ’ တို့လို စကားမျိုးတွေပဲ၊ နာမ်တွေ၊ ကြိယာတွေကို အာမေဍိတ်လိုသုံးတဲ့ အသုံးတွေပဲ၊ အပြောစကားမှာ တွင်တွင်ကျယ်ကျယ်သုံးနေတဲ့ အာမေဍိတ်တွေကိုတော့ သီးသီးသန့်သန့် လေ့လာကြည့်ဖို့ လိုတာပေါ့ကွယ်”
“ဟုတ်ကဲ့ပါ”

 

“ပစ္စည်းတွေ၊ particle ပေါ့၊ ပစ္စည်းတွေကို သုံးမျိုးခွဲပြထားတာလည်း မှတ်သားစရာပဲ၊ တစ်မျိုးက အရင်းခံစ ကားလုံး ရှေ့ဆက်၊ နောက်ဆက် ကြားဆက်တွေထည့်ပြီး ပွားယူရာမှာ သုံးတဲ့မှာ ဲ့ စကားပွားပစ္စည်း တွေပေါ၊့ ‘အက’ တို့၊ ‘ အရွက်’ တို့မှာက ရှေ့ဆက်၊ ‘စားစရာ’တို့ ‘အိပ်စရာ’ တို့မှာပါတဲ့ ‘စရာ’က နောက်ဆက်၊ တိတ်တဆိတ် မှာပါတဲ့ တ ကကြားတက် အဲဒါမျိုးတွေကို စကားပွားပစ္စည်းလိုကခေါ်တာပါ”

 

 

“နောက်က ဆက်ရတဲ့ နောက်ဆက်ပစ္စည်းတွေကတော့ အများကြီးပါ၊ ‘က၊ ကို၊ နဲ့၊ တယ်၊ မယ်၊ လို့’ ဆိုတဲ့ ပစ္စည်းမျိုးတွေပေါ့၊ ဝါကျဖွဲ့ရင် ဒီပစ္စည်းတွေ မသုံးမဖြစ်သုံးရတာလေ၊‘သူက ကျွန်တော့်ကိုတုတ်နဲ့ရိုက်တယ်’ ဆိုတဲ့ ဝါကျမှာ ‘က၊ကို၊ နဲ့၊ တယ်’ ဆိုတာတွေက နောက်ဆက်ပစ္စည်းတွေပေါ့”
“ဟုတ်ကဲ့ပါ”

 

“အဲ- နောက်လိုက်ပစ္စည်းကတော့ ပြောသူရေးသူရဲ့သဘောထားတို့၊ ခံစားမှုတို့၊ အလေးအနက်ပြုတဲ့ သဘောတို့ပါတဲ့ ပစ္စည်းတွေပဲ၊ ‘ဆရာကတော့ ဒီလိုပြောတယ်’ဆိုတဲ့ စကားကို ‘ဆရာကတော့ ဒီလိုပြောတယ်’ လို့ ‘တော့’လေးတစ်လုံးထည့်လိုက်ရင် ဘာထူးခြားသွားသလဲ၊ စဉ်းစားကြည့်စရာပေါ၊့ ‘အဖေသိတယ်’ ဆိုတဲ့စကားကို’ ‘အဖေလည်းသိတယ်၊ အဖေတော့သိတယ်၊ အဖေတောင်သိတယ်’ လို့ ‘လည်း ၊ တော၊့ တောင်’ ဆိုတဲ့ ပစ္စည်းတွေထည့်လိုက်ရင် ဘယ်လိုထူးခြားသွားသလဲ၊ ဒါတွေက ဝါကျအလယ်မှာထည့်တဲ့ နောက်လိုက် ပစ္စည်းတွေပေါ့”
“ဟုတ်ကဲ့ပါ”

 

“ ‘ဟုတ်တာပေါ့၊ ပြောလေ၊ လာခဲ့နော်၊ ဟုတ်ရဲ့လား၊ပြောပါ’ ဆိုတဲ့စကားတွေမှာ ‘ပေါ့၊ လေ၊ နော်၊ လား၊ ပါ’ ဆိုတဲ့ပစ္စည်းတွေ ထည့်လိုက်တဲ့အတွက်ရော ဘာထူးခြားသွားသလ၊ဲ အဲ့ဒီနောက်လိုက်ပစ္စည်းက  ဝါကျအဆုံး မှာ ထည့်တဲ့ နောက်လိုက်ပစ္စည်းတွေပဲ၊ အဲဒီနောက်လိုက်ပစ္စည်းက ဝါကျ ထဲမှာ မပါလို့ရတယ်၊ ပါရင်တော့ ပြောသူရဲ့  ခံစားမှုတို့ ၊သဘောထားတို့ အလေးထားမှုတို့ကို ပြလေ့ရှိတယ်၊ စဉ်စားကြည့်လေ” ဟုတ်ပါတယ် ဆရာ၊ ဒီစာအုပ်ငါးထောင်ပေးရတယ် ဆိုရင်၊ စာအုပ်တန်ဖိုးကို ရိုးရိုးပြောတာဖြစ်ပေမယ့် ငါးထောင်တောင် ပေးရတယ်လို့ပြောရင် ဈေးကြီးတယ်လို့ သဘောထားကြောင်း ‘တောင်’ ဆိုတဲ့ ပစ္စည်းက ဖော်ပြတယ် မဟုတ်လားဆရာ၊ ဒီစာအုပ်ငါးထောင်ပဲ ပေးရတယ်ဆိုရင်တော့ ‘ပဲ’ က ဈေးသက်သာတယ်ဆိုတဲ့ သဘောကို  ဖော်ပြတာပေါ့ ဆရာ”

 

“ဟုတ်ပါ့ဗျာ၊ ညည်းတောင်တော်တော် သဘောပေါက်လာပြီ၊ ကဲ -ဒီတစ်ပတ်တော့ ဒီလောက်နဲ့ နားကြရအောင်”

 

မောင်ခင်မင်(ဓနုဖြူ)