Dr.အောင်အောင်မင်း ပါမောက္ခချုပ် (ငြိမ်း)
၁၆ ရာစုကတည်းက ကမ္ဘာ့အနောက်နိုင်ငံတွေမှာ သိပ္ပံပညာ ထွန်းကားလာတာနဲ့အတူ သိပ္ပံဆိုင်ရာ စာအုပ်၊ စာပေတွေလည်း ထုတ်ဝေလာခဲ့ပါတယ်။ ၁၉ ရာစုခေတ်ရောက်တော့မှ သိပ္ပံပညာရပ်နဲ့ သိပ္ပံစာပေတွေ ထိုးဖောက်ဝင်ရောက်လာခဲ့တာ ယောမြို့စား အတွင်းဝန်ဦးဘိုးလှိုင်ရဲ့ ကြိုးပမ်းအားထုတ်မှုကြောင့်လို့ သမိုင်းအထောက်အထားများအရ သိရှိခဲ့ကြတာပါ။ ယောအတွင်းဝန် ဦးဘိုးလှိုင်ဟာ ကုန်းဘောင်ခေတ်၊ မန္တလေး ရတနာပုံ မြို့တည်၊ နန်းတည် မင်းတုန်းမင်းနဲ့ သားတော်သီပေါမင်း လက်ထက်တိုင် အလွန်ထင်ရှားတဲ့ ပညာရှိ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်။ မင်းတုန်းမင်းရဲ့ ညီတော်အိမ်ရှေ့စံ ကနောင်မင်းသားဟာ ဗြိတိသျှတို့ရဲ့ ခေတ်ပညာတွေကို မြန်မာလူငယ်တွေ တတ်မြောက်စေလိုတဲ့ဆန္ဒ ပြင်းပြခဲ့တယ်။ မြန်မာလူငယ်တွေကို နိုင်ငံခြား ပညာတော်သင်စေလွှတ်ဖို့ စိတ်အားထက်သန်စွာ ကူညီခဲ့တယ်။ နိုင်ငံခြား ပညာတော်သင်တွေထဲက ပန်းတဉ်း ဝန်ထောက်၊ သံချက်ဝန်ထောက်နဲ့ ဖန်ချက်ဝန်ထောက်တို့ဟာ ထင်ရှားတဲ့ သိပ္ပံပညာတတ် ပုဂ္ဂိုလ်တွေပါ။ သူတို့ထဲမှာမှ ဖန်ချက် ဝန်ထောက်မင်းတင် ပညာသိဒ္ဓိကျော်ခေါင်ဟာ ထူးချွန်တဲ့ သိပ္ပံပညာရှင် ဖြစ်ပါတယ်။
ဓာတုဗေဒသိပ္ပံကျမ်း
၁၈၆၈ ခုနှစ်မှာ ယောအတွင်းဝန် ဦးဘိုးလှိုင်ဟာ ဖန်ချက်ဝန်ထောက်နဲ့ ပူးပေါင်းပြီး ကင်မစ္စတြီ(Chemistry)အမည်နဲ့ လောကဓာတ်ဆေးကျမ်း တစ်စောင်ပြုစုခဲ့ပါတယ်။ ဒီကျမ်းဟာ မြန်မာဘာသာနဲ့ ရေးသားထုတ်ဝေခဲ့တဲ့ ဗွေဆော်ဦး ဓာတုဗေဒ သိပ္ပံကျမ်းပါ။ အခေါ်အဝေါ်အချို့ကို ပါဠိဝေါဟာရနဲ့ သုံးတာကလွဲလို့ မြန်မာလူမျိုးတွေ ဖတ်ရှုနားလည်အောင် ရိုးရှင်းတဲ့ မြန်မာစကားပြေနဲ့ ရေးသားခဲ့ပါတယ်။ ပါဠိဝေါဟာရ အချို့ကို ဥပမာပြရရင် အစိုင်အခဲကို ဃန၊ အရည်ကို ဒဝ၊ အခိုးကို စုမ၊ ဒြပ်စင်ကို သုဒ္ဓ၊ ဒြပ်နှောကို ဝိလိန၊ ဒြပ်ပေါင်းကို မိဿက၊ လျှပ်စစ်ကို အက္ခဏိကနဲ့ အောက်ဆီဂျင်ကို ရီတိစ စသဖြင့် ပြန်ဆိုခဲ့တာပါ။ ကုန်းဘောင်ခေတ် မြန်မာများဟာ ပါဠိနဲ့သက္ကတ ကျွမ်းကျင်ကြတဲ့အတွက် မြန်မာအဂ္ဂိရတ်သမားတွေက ဦးဘိုးလှိုင်ရဲ့ လောကဓာတ်ဆေးကျမ်းကို ဓာတုပြ သံသဓာတ်ကျမ်းနဲ့ တွဲဖက်လေ့လာ ဝေဖန်သုံးသပ်ကြပါတယ်။
သံကြိုးရိုက် ဆက်သွယ်သတင်းပို့နည်းကျမ်း
ယောအတွင်းဝန် ဦးဘိုးလှိုင်ဟာ ၁၈၆၉ ခုနှစ်မှာ သိပ္ပံပညာရပ်ဆိုင်ရာ ကျမ်းတစ်စောင် ထပ်မံရေးသား ပြုစုခဲ့ပါတယ်။ အဲဒီကျမ်းအမည်က “လီဝီဒီပိကာ” ခေါ်တဲ့ သံကြိုးရိုက် ဆက်သွယ်သတင်းပို့နည်းကျမ်းပါ။ ကုန်းဘောင်ခေတ်ကာလမှာ အလွန်ခေတ်ရှေ့ပြေးတဲ့ သိပ္ပံကျမ်းတစ်စောင် ဖြစ်ပါတယ်။ ဒီကျမ်းကို မန္တလေး နေပြည်တော်အတွင်း ကြေးနန်းသွယ်တန်း ဆက်သွယ်လုပ်ကိုင်တဲ့ ကြေးနန်းဆက်သွယ်ရေး အလုပ်သမား ဝန်ထမ်းတွေ လေ့လာနိုင်စေဖို့ ပြုစုခဲ့ခြင်းပါ။ မြန်မာသင်ပုန်းကြီးမှာ ဗျည်း၊ သရ သင်္ကေတ ၆၂ မျိုး အနက် သဘောတူရာ စုပြီး အတိုနည်း ဗျည်း၊ သရ ၂၅ မျိုးကို သုံးကာ ကိုယ်တိုင် တီထွင်ခဲ့တဲ့ မြန်မာ့ကြေးနန်းရိုက် ဆက်သွယ်နည်း ဖြစ်ပါတယ်။ ဦးဘိုးလှိုင် ပြုစုခဲ့တဲ့ကျမ်းတွေမှာ သိပ္ပံ သဘောတရားတွေ ပါနေတဲ့အတွက် အနောက်တိုင်းသိပ္ပံပညာကို ထဲထဲဝင်ဝင် လေ့လာခဲ့တဲ့ ခေတ်မီပုဂ္ဂိုလ်ကြီး တစ်ဦးဆိုတာ ထင်ရှားပါတယ်။
ကာယာနုပဿနာကျမ်း
၁၈၇၅ ခုနှစ်မှာ ဦးဘိုးလှိုင်ဟာ ခန္ဓာဗေဒ (Anatomy)) ခေါ်တဲ့ ကာယာနုပဿနာကျမ်းတစ်စောင် ထပ်မံပြုစုခဲ့ပါတယ်။ အဆိုပါကျမ်းဟာ အနောက်တိုင်း ဆေးသိပ္ပံပညာသဘောအရ ခန္ဓာဗေဒခေါ်တဲ့ လူတို့ရဲ့ခန္ဓာ အိမ်ဖွဲ့စည်းပုံပြဆိုတဲ့ ကျမ်းတစ်စောင်ပါ။ ဓာတုဝိဘင်၊ သတိပဋ္ဌာန် စတဲ့ ပါဠိတော်ကို သ သင်္ကရိုက်ဆေးကျမ်း၊ အနာတမီ စတဲ့ သိပ္ပံကျမ်းများနဲ့ ညှိနှိုင်းပြီး ကမ္မဋ္ဌာန်းတရားပြတဲ့ ကျမ်းလည်းဖြစ်တယ်။ ဦးဘိုးလှိုင်က ဒီကျမ်းမှာ သိပ္ပံသဘောတရားများကို အဘိဓမ္မာတရားနဲ့ နှိုင်းယှဉ်သုံးသပ်ပြုစုခဲ့တာပါ။
အဋ္ဌကထာမှာ ရုပ်ပေါင်း ၄၄ ခုလို့ ပြဆိုထားခြင်းကို အနာတမီကျမ်း အလိုအားဖြင့် တိတိကျကျ ရှင်းပြထားပါတယ်။ လူ့ခန္ဓာအစိတ်အပိုင်း၊ နှလုံး၊ အသည်း၊ သရက်ရွက်၊ ကျောက်ကပ်၊ အစာအိမ် စတဲ့ အင်္ဂါအစိတ်အပိုင်း တစ်ခုချင်းရဲ့ အလျား၊ အနံနဲ့ အလေးချိန်တို့ကို ဖော်ပြထားပါတယ်။ ဥပမာအားဖြင့် လူ့နှလုံးဟာ ကျမ်းအလိုအားဖြင့် အလျား ၆ လက်သစ်၊ ကြီးတဲ့ အရင်းပိုင်း ၄ လက်သစ်၊ အခွံထု ၃ လက်သစ်၊ အလေးချိန် ၁၂ ကျပ်၊ နှစ်မူး၊ တစ်ပဲသား။ အကြီးဆုံးနှလုံး ၁၇ ကျပ်မှ ငါးမူးသားဆိုပြီး မြန်မာအသုံးနဲ့ တိုင်းတာပြထားတာပါ။ ဒါ့အပြင် နှလုံးကို အသက်အရွယ်အလိုက် အချိန်ပမာဏကို ကျား၊ မ ခွဲခြားပြီး ပြုစုထားခဲ့တာမို့ ယောအတွင်းဝန်ရဲ့သုတေသနစိတ်ဓာတ်နဲ့ အရည်အသွေးကို လေးစားမိပါတယ်။
ဥတုဘောဇနသင်္ဂဟကျမ်း
သိပ္ပံသုတစာပေမှာ အကျုံးဝင်တဲ့ ဦးဘိုးလှိုင်ရဲ့ အခြား သုတေသနကျမ်းတစ်စောင်က ယနေ့ခေတ်အထိ ခေတ်မီအသုံးဝင်ဆဲ ဖြစ်တဲ့ “ဥတုဘောဇနသင်္ဂဟကျမ်း” ဖြစ်ပါတယ်။ ၁၈၈၀ ပြည့်နှစ်မှာ ကင်းဝန်မင်းကြီးရဲ့ မေတ္တာရပ်ခံတောင်းဆိုချက်အရ ဦးဘိုးလှိုင်ဟာ ဒီသိပ္ပံကျမ်းကို ပြုစုခဲ့တာပါ။ သိပ္ပံပညာ သဘောမှာ တိကျမှန်ကန်အောင် အပြန်အလှန်စစ်ဆေးသော နည်းဖြစ်ပါတယ်။ ဦးဘိုးလှိုင်ကဲ့သို့ သိပ္ပံနည်းကျ စစ်ဆေးတဲ့ ပုဂ္ဂိုလ်တွေဟာ ရှေးအစဉ်အလာ လက်ခံယုံကြည်ထားတဲ့ အရာတို့ကိုပင်လျှင် နှိုင်းချိန်စစ်ဆေးပြီးမှ လက်ခံတဲ့သဘောရှိပါတယ်။ ဖော်ပြပါကျမ်းမှာလည်း ဥတုနဲ့ အာဟာရဆိုတဲ့ အကြောင်း တရားနှစ်ပါးကြောင့် လူတို့ရဲ့ ကျန်းမာခြင်း၊ မကျန်းမာခြင်း၊ အသက်ရှည်ခြင်း၊ အသက်တိုခြင်း ဖြစ်ကြရပုံကို ဆေးကျမ်းများစွာနဲ့ ညှိနှိုင်းတင်ပြထားတာပါ။ ဆေးကျမ်း၊ ဗေဒင်ကျမ်း၊ အဘိဓာန်ကျမ်း စတဲ့ ကျမ်းပေါင်း ၁၈ စောင်၊ ဥရောပဆေးကျမ်းနဲ့ ဓာတုဗေဒကျမ်းများနဲ့ ညှိနှိုင်းလေ့လာ သုတေသနပြုခဲ့တဲ့ ပြည့်စုံသော ကျမ်းတစ်စောင်ဖြစ်ပါတယ်။ ဥတုဘောဇန သင်္ဂဟကျမ်းဟာ ဆေးပညာ အခြေခံကျမ်းဖြစ်သလို ပြည်သူ့ကျန်းမာရေးအခြေပြ ကျမ်းဆိုရင် ပိုမှန်ပါလိမ့်မယ်။
ကျမ်းနဲ့ပတ်သက်လို့ အနှစ်ချုပ်ဖော်ပြရရင် ကျန်းမာရေးအလို့ငှာ အာလုတ်ဆေးခြင်း၊ အားကစားလေ့ကျင့်ခြင်း၊ ဆီနံ့သာမွှေး လိမ်းကျံခြင်း၊ ရေချိုးလျှင် ချေးတွန်းခြင်း၊ အစာအာဟာရ မျှတအောင်စားခြင်း၊ စားပြီးစင်္ကြံသွားခြင်း စသည်ဖြင့် နေ့စဉ် စနစ်တကျလုပ်ဆောင်ရန် လမ်းညွှန်ထားပါတယ်။ ဒါ့အပြင် အစားအစာအမျိုးမျိုးတို့ရဲ့ အာဟာရ ဂုဏ်သတ္တိများကိုလည်း အသေးစိတ် ဖော်ပြထားတာပါ။ စပါးမျိုး၊ ပဲမျိုး၊ နို့မျိုး၊ ဆီမျိုး၊ ထောပတ်မျိုး၊ ပျားရည်မျိုး၊ ကြံသကာမျိုး၊ အသားမျိုး၊ အသီးမျိုး စသည်တို့ရဲ့ ဂုဏ်သတ္တိတွေကို ပြဆိုထားပါတယ်။ နမူနာ အားဖြင့် ဖော်ပြရရင် နွားနို့ရဲ့ ဂုဏ်သတ္တိတွေက နွားနို့သည် ချိုဆိမ့်၏။ ဝမ်းမီးချက်ပြီးနောက်လည်း ချိုဆိမ့်၍ အေး၏။ အဆီဩဇာရှိ၏။ မိခင်နို့ရည်ပွားစေ၏။ လေ၊ သည်းခြေ၊ သွေးတို့ကိုနိုင်၏။ ကြေခဲ၏။ ကျင်ကြီး၊ ကျင်ငယ်၊ တံတွေး၊ သလိပ်တို့၏ သွားလမ်းကို စဉ်းငယ် ကြွစေ၊ ပွစေ၏။ မှီဝဲသူတို့၏ အိုခြင်း၊ နာခြင်းကို ပျောက်၍ အသက်ရှည်စေတတ်၏လို့ အသေးစိတ်ရှင်းပြထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် ဗင်နီကာ၊ အာစီတစ်အက်စစ်၊ အယ်လ်ကိုဟော၊ နိုက်ထရစ်အက်စစ်၊ ဟိုက်ဒရိုဂျင်၊ အောက်ဆီဂျင်စတဲ့ဒြပ်စင်၊ ဒြပ်ပေါင်းတွေရဲ့ ဂုဏ်သတ္တိများ၊ အချို့ဒြပ်ပေါင်းတွေရဲ့ ဓာတုဖော်မြူလာများကို တိတိကျကျ ဖော်ပြထားတာ တွေ့ရပါတယ်။ ဥပမာပြရရင် သကြားဖြူ (Sucrose)ကို ဓာတ်ခွဲပါက မီးသွေး(ကာဗွန်) ၁၂ပုံ၊ ဟိုက်ဒရိုဂျင် ၂၂ ပုံနဲ့ အောက်ဆီဂျင် ၁၁ ပုံ တွေ့ရှိ ရ ကြောင်း မြန်မာတွေ နားလည်အောင် သိပ္ပံနဲ့ဆက်စပ်ပြီး ရှင်းပြထားခဲ့တာပါ။ ယနေ့ခေတ် သကြားရဲ့ ဖော်မြူလာ C12H22O11 နဲ့ ကိုက်ညီပါတယ်။
ရှေ့ဆောင်လမ်းပြ
အထက်မှာဖော်ပြခဲ့တဲ့ သိပ္ပံကျမ်းတွေကို ပြုစုသူဦးဘိုးလှိုင်ရဲ့ မြန်မာစကားပြေ အရေးအသားဟာ ရှင်းလင်းပြတ်သားပြီး ဖတ်လို့ လွယ်ကူပါတယ်။ ပါဝင်တဲ့ အကြောင်းအရာတွေဟာ မှန်ကန်ပြည့်စုံပြီး သိပ္ပံနည်းကျ ပြုစုထားတဲ့အတွက် ရှေးခေတ်ရော နှောင်းခေတ်မြန်မာတွေပါ လေ့လာဖတ်ရှုနှစ်ခြိုက်ကြပါတယ်။ မြန်မာလူမျိုးတွေကို သိပ္ပံပညာနဲ့ ပတ်သက်ပြီး အသိဉာဏ်၊ ဗဟုသုတများစွာ ရရှိစေတဲ့ သိပ္ပံကျမ်းတွေ ဖြစ်ပါတယ်။ သို့ပေမယ့် ၁၈၈၆ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေး ဆုံးရှုံးခဲ့ရပြီး ဗြိတိသျှကိုလိုနီနယ်ချဲ့လက်အောက်ကျရောက်ခဲ့လို့ သိပ္ပံပညာနဲ့ သိပ္ပံစာပေဖွံ့ဖြိုးတိုးတက်မှုရပ်ဆိုင်းသွားခဲ့ရပါတယ်။ အကယ်၍ မြန်မာနိုင်ငံ ထီးကျိုး၊ စည်ပေါက်မဖြစ်ခဲ့ရင် ယောအတွင်းဝန် ဦးဘိုးလှိုင်ခေတ်မှာ စတင်ထွန်းကားခဲ့တဲ့ သိပ္ပံပညာနဲ့ သိပ္ပံစာပေအုတ်မြစ်ဟာ ယနေ့ခေတ်မှာ အရှိန်အဟုန်နဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်နေမှာ မလွဲပါဘူး။
နိဂုံးချုပ်ရရင် ယောအတွင်းဝန် ရွှေပြည်ဝန်ကြီး ဦးဘိုးလှိုင်ဟာ ၁၉ ရာစုခေတ်မှာ မြန်မာ့သိပ္ပံပညာနဲ့ သိပ္ပံစာပေ ဖွံ့ဖြိုးတိုးတက်စေရန် မြန်မာပြည်သူတွေကို ပညာမျက်စိဖွင့်ပေးခဲ့တဲ့ ရှေ့ဆောင်လမ်းပြ မြန်မာပညာရှိကြီးဖြစ်ကြောင်း ဂုဏ်ပြု ရေးသားတင်ပြအပ်ပါတယ်။ ။
မှီငြမ်း
၁။ ယောမြို့စား အတွင်းဝန် ဦးဘိုးလှိုင်၏ “ဥတုဘောဇန သင်္ဂဟကျမ်း” (၂၀ဝ၁) ဒွါဒဿမ အကြိမ်။ ဟံသာဝတီ
၂။ လူထုအတွက် သိပ္ပံစာပေ (၁၉၆၇) စာပေဗိမာန်ဦးယော၏ မြန်မာနိုင်ငံ၌ ပုံနှိပ်ထုတ်ဝေခဲ့သော သိပ္ပံစာပေများ။