နေပြည်တော် မတ် ၇
မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်ကို ရေးသားပြုစုရာတွင် အထောက်အကူဖြစ်စေရန်အတွက် ကျောက်ခေတ်ဆိုင်ရာ အထောက်အထား အချက်အလက်များ ဆွေးနွေးပွဲကိုယနေ့နံနက်၁၀နာရီက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ လောကနတ်ခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ မြန်မာ သမိုင်းအဖွဲ့ ပညာရှင်များ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် သမိုင်းသုတေ သနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ကာကွယ်ရေးဝန်ကြီး ဌာနမှ ကိုယ်စားလှယ်များ၊ ပညာရေးဝန်ကြီးဌာနမှ ပါမောက္ခများနှင့် ကျောက်ခေတ်သုတေသန လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သော ဌာနဆိုင်ရာများမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး က ယခင်ဆွေးနွေးပွဲများမှ ရရှိလာသော အချက်အလက်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်စိစစ် သုံးသပ်ညှိနှိုင်း အတည်ပြုနိုင်ရန်အတွက် ဆွေးနွေးပွဲကို ပြုလုပ်ခြင်း ဖြစ်ကြောင်း၊ ယနေ့ဆွေးနွေးမည့်် ခေါင်းစဉ်မှာ ကျောက်ခေတ်ဆိုင်ရာ အထောက်အထား အချက်အလက်များကို ဆွေးနွေးမည်ဖြစ်ပါကြောင်း၊ အသစ်အသစ်သော တွေ့ရှိချက်များ၊ သိပ္ပံနည်းကျ သက်တမ်းတွက်ချက်မှုများကြောင့် အချို့သမိုင်းခေတ်များမှာ များစွာပီပြင် ပုံပေါ်လာပြီ ဖြစ်သဖြင့် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု ပြောင်းလဲထွန်းကားခဲ့သည့် ဖြစ်စဉ်များကို ပြင်ဆင်ရေးသား ထုတ်ဝေရန်လိုအပ်လာပြီဖြစ်ကြောင်း၊ ရှေးဟောင်းသုတေသန ဆိုင်ရာ အသစ်သုတေသန တွေ့ရှိချက်များကို ပြည်ပအဖွဲ့အစည်းများမှ ပညာရှင်များ၏ အထောက်အထားဆိုင်ရာ သုံးသပ်ချက်များ၊ သက်တမ်းတွက်ချက်မှုများဖြင့် ပေါင်းစပ်ဖြည့်စွက် ပေးနိုင်မည်ဖြစ်ပြီး ကျောက်ခေတ်နှင့် ပတ်သက်၍ မူကြမ်းရေးသားထားမှုမှာ ပိုမိုပြည့်စုံ၍ အထောက်အထား ခိုင်ခိုင်မာမာပြနိုင်မည် ဖြစ်ကြောင်း၊ ပြည်သူလူထုအတွက် ပြည့်စုံမှန်ကန်သည့် ကျောက်ခေတ် အထောက်အထားများကို ဖော်ပြနိုင်မည်မှာ ယုံကြည်ပါကြောင်း၊ ယခုဆွေးနွေး ပွဲသို့ တက်ရောက် လာသူများအနေဖြင့် မိမိတို့လေ့လာတွေ့ရှိထားသော အထောက်အထားများ၊ တွေ့ရှိချက်များ အပေါ်တွင် ပူးပေါင်းပါဝင်ဆွေးနွေးကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်း (ပြည်) ကျောင်းအုပ်ကြီး ဦးဝင်းကြိုင်က မြန်မာနိုင်ငံ ကျောက်ခေတ်နှင့် ပတ်သက်၍ ကိုယ်တိုင်ကွင်းဆင်း လေ့လာမှုများ၊ သုတေသနတွေ့ရှိချက်တို့ကို စုစည်းပြုစုထားသည့် "မြန်မာ့ကျောက်ခေတ်" အကြောင်း ဆွေးနွေးရာတွင် မြန်မာသမိုင်းအဖွဲ့ ဒု-ဥက္ကဋ္ဌ(၂) ဒေါက်တာတိုးလှ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အစည်းအဝေးသို့ တက်ရောက်လာကြ သော ပညာရှင်များ၊ ပညာရေးဝန်ကြီးဌာနမှ ပါမောက္ခများနှင့် ကထိကများက ထပ်မံဖြည့်စွက် ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် က တစ်စပ်တစ်ဆက်တည်းသော သမိုင်းစဉ်ကို အပြီးသတ်ထုတ်ဝေနိုင်ရေးနှင့်စပ်လျဉ်း၍ အဖွဲ့ ပြန်လည်ဖွဲ့စည်းရန်၊ ကဏ္ဍအလိုက် မာတိကာများကို ပြန်လည်ရေးဆွဲရန်နှင့် ဆွေးနွေးမှုများ ပြုလုပ်ခြင်းကြောင့် ပြတ်တောက်နေသော ကွင်းဆက်အထောက်အထားများ တဖြည်းဖြည်း ဖြည့်စွက်နိုင်မည်ဖြစ်ကြောင်း ဆွေးနွေးသည်။
ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ပြတိုက်များ)က နိဂုံးချုပ်အမှာစကား ပြောကြား ခဲ့ကြောင်း သိရသည်။
သတင်းစဉ်