၁၁  ဧပြီ

မြန်မာ့ဆယ့်နှစ်လ ရာသီပွဲတော်များအနက် ပထမဦးဆုံးနှင့် ရက်ကာလအကြာမြင့်ဆုံးကျင်းပသည့် ပွဲတော်မှာ သင်္ကြန်ပွဲတော်ပင်ဖြစ်သည်။ တန်ခူးရေကုန်၊ ကဆုန်ရေခန်း ဟု ဆိုသည့်အတိုင်း ပူပြင်းခြောက်သွေ့သော ကာလဖြစ်သည့် သင်္ကြန်ကာလတွင် မိုးတစ်ကြိမ်၊ နှစ်ကြိမ်ရွာတတ်သည်။ ယင်းမိုးကို ဖက်ဆွတ်မိုး၊ သင်္ကြန်မိုးဟုခေါ် ကြသည်။ ထိုမိုးကြောင့်ပင် ပိတောက်ပန်းများ ပွင့်လန်းလာခြင်းဖြစ်သည်။ မြန်မာတို့၏ နှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်သည် နှစ်သစ်ကူးအထိမ်းအမှတ် ပွဲတော်သက်သက်မဟုတ်ပေ။ စည်းလုံးခြင်း၊ ညီညွတ်ခြင်း၊ အကုသိုလ်အညစ်အကြေးများကို ဆေးကြောခြင်း၊ သက်ကြီးရွယ်အိုများအား ပူဇော်ကန်တော့ခြင်း၊ ဥပုသ်၊ သီလဆောက်တည်ခြင်း၊ အလှူဒါနပြုခြင်း၊ တိရစ္ဆာန်များကို ဘေးမဲ့ပေးခြင်း စသည့်အဓိပ္ပာယ်ရှိရှိနှင့် သတ်သတ်မှတ်မှတ် ကျင်းပသော ပွဲတော်ဖြစ်သည်။ မဟာသင်္ကြန်ပွဲတော်သည် မြန်မာ့ယဉ်ကျေးမှုကို မဏ္ဍိုင်ပြု၍ ကျင်းပသော ပွဲတော်လည်း ဖြစ်ပေသည်။ သင်္ကြန်ကာလရေပက်ခြင်း၏ အလေ့အထနှင့် ရည်ရွယ်ချက်သည်ပင် နှစ်ဟောင်းမှအညစ်အကြေးများကို ရေစင်ရေသန့်တို့နှင့် ပက်ဖျန်းခြင်းဖြင့် စိတ်ကိုသန့်စင်ကြည်လင်ပြီး အေးမြစေရန်ဖြစ်သည်

တစ်နှစ်မှာ တစ်ကြိမ်သာဆင်နွှဲသောပွဲ

နိုင်ငံအသီးသီးမှ လူမျိုးအသီးသီးသည် မိမိတို့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းနှင့်အညီ နှစ်သစ်ကူးပွဲတော်များ ကျင်းပကြသည်။ နှစ်သစ်၊ နှစ်ဦးကိုဝမ်းမြောက်ပျော်ရွှင်စွာ ကြိုဆိုကြသည်။ မြန်မာတို့၏ နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းချိန်တွင် ကျင်းပလေ့ရှိသော ပွဲတော်မှာ သင်္ကြန်ပွဲတော်ဖြစ်သည်။ မြန်မာနိုင်ငံ နိုင်ငံတစ်ဝန်းလုံး၌ နှစ်သစ်ကူးမဟာအတာ သင်္ကြန်ရေသဘင်ပွဲကို အေးချမ်းပျော်ရွှင် ကြည်နူးစွာ ဆင်နွှဲလေ့ရှိကြသည်။ နွေနေ၏အပူရှိန်အောက်တွင် အတာသင်္ကြန် မေတ္တာရေစင်ကြောင့် ပါဝင်ဆင်နွှဲကြသူတိုင်း လန်းဆန်းကြည်နူးကာ တစ်နှစ်တွင် တစ်ကြိမ်သာ ဆင်နွှဲရသော ရာသီပွဲတော် ဖြစ်၍လည်း တန်ဖိုးထားကြသည်။

မြန်မာတို့၏ သင်္ကြန်နှစ်သစ်ကူးချိန် ရေပက်ကစားသည့် အလေ့အထသည် ရှေးခေတ်အိန္ဒိယနိုင်ငံမှ မြစ်ဖျားခံခဲ့သည် ဟု ဆိုပါသည်။ ဒေဝဒဟနှင့်ကပိလတွင် သကျသာကီနွယ်ဝင်မင်းတို့ နှစ်သစ်ကူးပြောင်းချိန်ရောက်တိုင်း တစ်ခုသော ရေကန်ကြီးအနီး မင်းခမ်းမင်းနားဖြင့် တဲကြီးများဆောက်လုပ်၍ ရေဖျန်းသဘင် ဆင်မြန်းခဲ့ကြရာမှ စတင်ခဲ့သည်ဟု သာသနာဝင်ကျမ်းများတွင် ဖော်ပြထားသည်ကို လေ့လာဖတ်ရှုရပါသည်။ သင်္ကြန် ဟူသော ဝေါဟာရကို ပုဂံခေတ်၊ မြန်မာသက္ကရာဇ် ၆၅၃ ခုနှစ် (ခရစ်နှစ် ၁၂၉၁) ခုနှစ်တွင် ရေးထိုးခဲ့သော စောလှဝန်းဘုရားကျောက်စာ၌ အစောဆုံးတွေ့ရှိရသည်။ ထိုကျောက်စာ၌ မီဖုန်၊ သင်္ကြန်၊ စာရိယ်၊ ညောင်ရိယ်သွန် မပြယ်စိတ်လျှင်တည်၏ ဟု ရေးထိုးထား၏။ ထိုကျောက်စာ ကပုဂံခေတ်ကတည်းက နှစ်သစ်ကူးပွဲတော် ကျင်းပနေပြီဖြစ်ကြောင်း အထင်ရှားဆုံး သာဓကပင်ဖြစ်သည်။

မြန်မာဘုရင်များလက်ထက်တော်က နှစ်စဉ်သင်္ကြန် ပွဲတော်များကို နန်းတော်အတွင်း၌ အခမ်းအနားဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။ အခမ်းအနားအစီအစဉ်တွင် ဘုရားငါးဆူပူဇော်ခြင်း၊ အမိအဖများကို ရည်မှန်းကန်တော့ ခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်းနှင့် အတာပွဲတော်တည်ခြင်းများ ပါဝင်သည်။ နှစ်သစ်မင်္ဂလာအခါတွင် မင်္ဂလာရှိသော လုပ်ငန်းများကို အစအဦးပြု၍ လုပ်ဆောင်ရမည်ဟူသော သန္နိဋ္ဌာန်ဖြင့် မင်္ဂလာအခါနှင့်ကိုက်ညီစေရန် ဆောင်ရွက်ကြ သည်။ ထိုကဲ့သို့ဆောင်ရွက်ရာတွင် မင်္ဂလာအပေါင်းနှင့်ပြည့်စုံစေရန် မိမိကိုယ်၌ပင် စိတ်ရောလူရော ကြည်လင်သန့်ရှင်းနေရန် လိုသည်။

ထို့ကြောင့် စိတ်သန့်ရှင်းစေရန် သီလ၊ သမာဓိ ဆောက်တည်ကြရသည်။ ကိုယ်ခန္ဓာသန့်ရှင်းအောင်လည်း ခေါင်းလျှော် ရေချိုးပြီး အမွှေးနံ့သာတို့ဖြင့် သန့်ပြန့်အောင် ပြုပြင်ကြရသည်။ မင်္ဂလာရှိသော မဟာသင်္ကြန်အခါကာလ၌ မင်္ဂလာရှိရှိ ပါဝင်ဆင်နွှဲနိုင်ရန် အသန့်ရှင်းဆုံးရေ၊ အသန့်ရှင်းဆုံး ခေါင်းလျှော်ရေ၊ အသန့်ရှင်းဆုံးသော အမွှေးနံ့သာများ လိုအပ်ပေသည်။ အသန့်ရှင်းဆုံးအတာရေ ရရှိရေးအတွက် ရှေးမင်းအဆက်ဆက်တို့က အစီအမံများ သတ်မှတ်ချက်များဖြင့် ဆောင်ရွက်ခဲ့ကြသည်။ အမရပူရခေတ် မှတ်တမ်းတစ်ခုတွင် ဘုန်းကျက်သရေတိုးပွား၍ ကောင်းကျိုးမင်္ဂလာအဖြာဖြာ ရရှိစေခြင်းအတွက် မင်္ဂလာ ၂၈ ပါး ပါဝင်သည့် သင်္ကြန်တော်ဆေးဟုခေါ်သော တော်ဝင် ဆေးတော်ကြီးကိုဖော်၍ မဟာသင်္ကြန်တော်ရက်၌ အသုံးပြုခဲ့ကြသည်။ သင်္ကြန်ဆေးတော်ကြီးကို ရေကြည်တော် ၁၂ ပါး နှင့် ရောစပ်၍ အတာရေပက်ဖျန်း မင်္ဂလာယူခဲ့ကြောင်း တွေ့ရ သည်။

မင်္ဂလာတော် ၂၈ ပါး သင်္ကြန်တော်ဆေးဆိုသည်မှာ တရော်ခုနစ်မျိုး၊ နံ့သာငါးမျိုး၊ ကြာငါးမျိုးနှင့် ကင်ပွန်းရွက်၊ ဇလပ်ရွက်၊ မုရားရွက်၊ ဥသျှစ်ရွက်၊ လင်းလေရွက်၊ ပန်းဥ၊ မြေသျှိသျှား၊ ကြခတ်ရွက်၊ ခေါင်ရန်းရွက်၊ ဖန်ခါးရွက်၊ တလည်းရွက်တို့ကို ပေါင်းစပ်၍ ရွှေရည်၊ ငွေရည်၊ နဝရတ်ကိုးပါးရည်၊ ခရုသင်းရည်၊ အုန်းရည်၊ နှင်းရည်၊ ပရိတ်တော်ရေများဖြင့် ကြိတ်ရသည်။ ကြိတ်၍ရရှိသော အနှစ်များကို အတောင့်ပြု၍ နေလှန်းအခြောက်ခံရသည်။ ပြီးလျှင် ပရိတ်ကြီး၊ ရတနာရွှေချိုင့်၊ အောင်ခြင်းရှစ်ပါးဂါထာများဖြင့် ဆုပ်ရသည်။ သင်္ကြန်ရက်ရောက်လျှင် ဆေးတော်ကို အုန်းတစ်လုံးရေဖြင့် ဖျော်သည်။ ထိုအရည်ကို တရော်ကင်ပွန်းထည့်၍ ခေါင်းဆေးမင်္ဂလာပြုရသည်။ ထိုဆေးတော်ရည်ကို အတာအိုးတွင်ထည့်၍ ရေကောင်းရေသန့်များနှင့်စပ်ကာ သင်္ကြန်တော်ခေါ်ခြင်း၊ အတာကူးခြင်းအမှုကို ပြုကြသည်။ ရေပက်ကစားရာတွင်လည်း အဆိုပါ ဆေးတော်ကြီး ပါဝင်သောရေဖြင့် ပက်ဖျန်းကြသည်။

တန်ဖိုးထားရမည့် ယဉ်ကျေးမှုအမွေအနှစ်

သင်္ကြန်ရေ၏ ထူးခြားချက်များလည်း ရှိပေသေးသည်။ သင်္ကြန်ရေပက်သည့်အခါ ရေကောင်းရေသန့် ရေမွှေးများနှင့် ကျန်းမာချမ်းသာပါစေဟူသော စိတ်စေတနာဖြင့် ပက်ဖျန်းခြင်းဖြစ်၍ ကျန်းမာရွှင်လန်းစေသည်။ မည်မျှပင် ရေကြောက်သူများ ဖြစ်ပါစေ သင်္ကြန်ရေကို တစ်နှစ်တစ်ကြိမ် အပက်ခံကြသည်။ စေတနာသန့်သန့်ဖြင့် ပက်သည့်ရေဖြစ်၍ သင်္ကြန်ရေသည်၊ အပူရှပ်ခြင်း၊ ဖျားနာခြင်းမရှိ၊ ရွှင်ရွှင်လန်းလန်းနှင့် နှစ်သစ်ကို ဖြတ်သန်းနိုင်ကြသည်က သင်္ကြန်ရေ၏ ထူးခြားချက်တစ်ရပ်ပင်ဖြစ်သည်။ ထို့ပြင် ရေတွင်မင်္ဂလာ နိမိတ်သုံးပါးရှိသည်။ အေးမြကြည်လင်ခြင်း၊ အညစ်အကြေးများကို ဆေးကြောသန့် ရှင်းစေနိုင်ခြင်း၊ရေကိုသား၍ အကြားမထင်ဘဲ တစ်ဆက်တစ်စပ်တည်း တည်ရှိနေခြင်းတို့ဖြစ်သည်။ ထို့ကြောင့် ထိုရေနိမိတ်သုံးပါးနှင့်အညီ တိုင်းမြန်ပြည် ငြိမ်းအေးစေရန် အတာရေသွန်းလောင်း ခြင်းဖြစ်သည်။

သင်္ကြန်အတွက် ရှောင်ကြဉ်ရမည့် ရှေးက ပညတ်ချက် ၁၀ ပါးလည်းရှိသည်။ ယင်းတို့မှာ-(၁) ရုဒ- ငိုကြွေးခြင်း(၂) မေထုန-မေထုန်သံဝါသပြုခြင်း (၃) မံသ-အသားဟင်းလျာ စားသောက်ခြင်း (၄) သုရာ-သေရည်သောက်စားမူးယစ်ခြင်း (၅) ကောဓ-အမျက်ထွက်ခြင်း (၆) ရုဓိရ- သွေးဖောက်၊ သွေးထုတ်ခြင်း (၇) တေလိက-ဆီလိမ်း၊ ဆေးလိမ်းခြင်း (၈) ရုက္ခဗေဒ-သစ်ပင်ဖြတ်ခြင်း၊ ထင်းခုတ်ခြင်း (၉) ကိဏ - ဝယ်ယူခြင်း၊ ကျီသွင်းခြင်း (၁၀) ဝိက္ကိဏာ- ရောင်းချခြင်း၊ ဆိုင်ထွက်ခြင်း စသည်တို့ဖြစ်သည်။ ထိုအချက် (၁၀) ချက်ကိုအထူးပြုရှောင်ကြဉ်နိုင်ပါက လောကီ၊ လောကုတ္တရာအကျိုးစီးပွားများကို ရရှိ ခံစားရမည်ဖြစ်သည်။ မြန်မာအများစုက ထိုအချက် (၁၀)ချက်ကို လိုက်နာကျင့်သုံးကြောင်း တွေ့ရသည်

သင်္ကြန်ပွဲတော်ရက်များအတွင်း ကုသိုလ်ကောင်းမှုများလည်း ပြုလုပ်ကြသည်။သင်္ကြန်ပွဲတော်၏ နှစ်သက်ကြည်နူးဖွယ် အကောင်းဆုံးမှာ သက်ကြီးပူဇော်ပွဲပင်ဖြစ်သည်။ လူငယ်များက သက်ကြီးရွယ်အိုများအား လက်သည်း၊ ခြေသည်း ညှပ်ပေး ခြင်း၊ ခေါင်းလျှော်ရေချိုးပေးခြင်း၊ နှိပ်နယ်ပေးခြင်း၊ သနပ်ခါးလိမ်းပေးခြင်းစသည့် ကုသိုလ်ကောင်းမှုများအပြင် ရိုသေ မြတ်နိုးစွာ ကန်တော့ကြသည်မှာ ကမ္ဘာတွင်မရှိသော တန်ဖိုးထားရမည့် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်ပင်ဖြစ်သည်။ ဂါရဝေါစ နိဝါတောစ မင်္ဂလာ၊ ပူဇာစ ပူဇနေယျာနံ မင်္ဂလာတို့နှင့်လည်း ညီညွတ်ပေသည်။

သင်္ကြန်ပွဲတော်ရက်အတွင်း အချို့လူကြီး၊ လူငယ်များသည် တရားစခန်းများသို့ဝင်ရောက်၍ ဝိပဿနာတရားတော်များ ပွားများအားထုတ်ကြသည်။ အချို့အမျိုးသားများသည် ရတောင့်ရခဲလှသော လူ့ဘဝတွင် ဒုလ္လဘရဟန်းများဝတ်၍ လည်းကောင်း၊ အချို့အမျိုးသမီးများသည် သီလရှင်ဝတ်၍လည်းကောင်း သင်္ကြန်ရက်များကို ကုသိုလ်ကောင်းမှုများဖြင့် ကုန်လွန်စေသည်မှာ သင်္ကြန်ပွဲတော်နှင့် သင်္ကြန်ရုံးပိတ်ရက်ကို အကျိုးရှိရှိ အသုံးချလိုက်ခြင်းပင်ဖြစ်သည်။ သုံးလောကထွတ်ထား ရှင်တော်မြတ်ဘုရားဟောကြားတော်မူသော ပဗ္ဗဇ္ဇိတဘာဝ ဒုလ္လဘတရားတော်ကို လိုက်နာကျင့်သုံးခြင်းပင် ဖြစ်သည်။

အနှစ်သာရပြည့်ဝသော ရိုးရာပွဲတော်

သက်ကြီးရွယ်အိုများနှင့် အချို့သောသူများသည် ဘုန်းတော်ကြီးကျောင်းများသို့သွားရောက်ကာ ရှစ်ပါးသီလ၊ ကိုးပါးသီလများကို ဆောက်တည်ကြသည်။ နေ့လယ်ချိန်တွင် သံဃာတော်များထံမှ နိဗ္ဗာန်ရောက်ကြောင်း တရားတော်များ နာယူခြင်း၊ တရားထိုင်ခြင်း၊ ပုတီးစိပ်ခြင်း၊ မေတ္တာကမ္မဋ္ဌာန်းစီးဖြန်းခြင်း၊ မိမိတို့ဥပုသ်သည်အချင်းချင်း တရားစကား ဆွေးနွေးခြင်း၊ ဗဟုသုတဖလှယ်ခြင်း စသည်တို့ကို ပြုလုပ်ကြသည်။ ဗာဟုသစ္စဉမင်္ဂလာ၊ ကာလေနဓမ္မသာ ကစ္ဆာ မင်္ဂလာတရားတော်တို့ကို လိုက်နာကျင့်သုံးခြင်းပင် ဖြစ်သည်။

မြန်မာနှစ်သစ်ကူးနေ့ဖြစ်သော နှစ်ဆန်း ၁ ရက်နေ့တွင် ရန်ကုန်မြို့မဟာစည်သာသနာ့ရိပ်သာ၌ နှစ်သစ်ပဒေသာပင် ဆွတ်ခူးပွဲတော်ကို ကျင်းပလေ့ရှိသည်။ ယင်းပွဲတော်ကို ၁၉၆၇ ခုနှစ်ခန့်ကပင် စတင်ကျင်းပခဲ့ရာ ၁၉၉၇ ခုနှစ်က အကြိမ်(၃၀)မြောက် ကျင်းပခဲ့ကြောင်း သိရှိရသည်။ ယင်းပွဲတော်ကို မဟာစည် ဆရာတော်ကြီးကိုယ်တိုင် ဖွဲ့စည်းပေးခဲ့သည့် ဟိတေသီအဖွဲ့ကြီး၏ ကုသိုလ်တော်ကြီး (၇)ရပ် အနက်ကုသိုလ်တော်တစ်ပါးအဖြစ် ကျင်းပခြင်းဖြစ်သည်။ အကြိမ်(၃၀)မြောက် နှစ်သစ်ပဒေသာပင် ဆွတ်ခူးပွဲတော်တွင် ပဒေသာပင်ပေါင်း ၅၁ ပင်၊ ပစ္စည်းမဲအရေအတွက် ၂၄၇၀၊ တန်ဖိုးငွေကျပ်လေးသိန်းကျော်အား မဟာစည် သာသနာ့ရိပ်သာတွင် တရားအားထုတ်နေကြသည့် ရဟန်းသံဃာများ၊ ယောဂီသူတော်စင်များအားလုံး ပုဂ္ဂိုလ်တိုင်းဆွတ်ခူးနိုင်ရန် စီစဉ်ထားခဲ့သည်။ ကမ္ဘာဦးကာလက လောဘ၊ ဒေါသ၊ မောဟနည်းပါးလှပြီး ဗြဟ္မစိုရ်တရားများ ပွားများကြသောကြောင့် လိုရာဆွတ်ခူး၊ ပဒေသာပင်ထူး ပေါ်ပေါက်ခဲ့ဖူးသည်ကို အစွဲပြုလျက် ကျင်းပခြင်းဖြစ်သည်ဟု သိရသည်။

နှစ်ဆန်း ၁ ရက်နေ့တွင် စုပေါင်း၍ဖြစ်စေ၊ အသင်းအဖွဲ့ လိုက်ဖြစ်စေ ကျွဲ၊ နွား၊ ငှက်၊ ငါးများကို ဘေးမဲ့လွှတ်ကြ၏။ နှစ်သစ်၏အဦးဆုံးသောနေ့တွင် ဇိဝိတအလှူဒါနပြုကြခြင်း ဖြစ်၏။ ညနေချမ်းအချိန်တွင် ကျေးရွာ၊ရပ်ကွက်၏ လမ်းဆုံ လမ်းခွ၌ သံဃာတော်များ ပင့်ဖိတ်ကာ တစ်နှစ်တာ အန္တရာယ် ကင်းစေရန် ပရိတ်တရားတော်များ၊ကမ္မဝါစာများ ရွတ်ဖတ် သရဇ္ဈာယ်တော်မူပါသည်။ အစဉ်အလာ ယုံကြည်မှုပင်ဖြစ်၏။ သင်္ကြန်ကာလအတွင်း မုန့်လုံးရေပေါ်၊ မုန့်လက်ဆောင်း၊ရွှေရင် အေး၊ မုန့်ဟင်းခါးစသည့် မြန်မာ့ရိုးရာအစားအစာများဖြင့် ကျွေးမွေးဧည့်ခံသော စတုဒိသာ မဏ္ဍပ်များသည်လည်း နေ့စဉ်ရက်ဆက် လာသမျှပရိသတ်ကို စေတနာသဒ္ဒါတရား ထက်သန်စွာဖြင့် ဧည့်ခံကြသည်။ ထို့ကြောင့် မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်သည် ရေလောင်းရုံမျှသာမဟုတ်ဘဲ စည်းလုံးခြင်း၊ ညီညွတ်ခြင်း၊ ဧည့်ဝတ်ကျေပွန်ခြင်း၊ အလှူဒါနပြုခြင်း၊ ပူဇော်ထိုက်သူများကို ပူဇော်ခြင်း၊ ရိုသေထိုက်သူများကို ရိုသေခြင်း၊ မိမိကိုယ်ကို နှိမ်ချခြင်း စသောမင်္ဂလာ တရားတော်များနှင့်အညီ ကုသိုလ်ကောင်းမှုများဖြင့် ထုံမွှမ်းနေသော၊ အနှစ်သာရပြည့်ဝသော မြန်မာ့ရိုးရာပွဲတော်မြတ် ပွဲတော်ထူးပင် ဖြစ်ပေတော့သတည်း။ ။

ဒေါက်တာအောင်သန်းဝင်း(အရှေ့တိုင်းပညာ)