မုံရွာ၊ ၃  ဖေဖော်ဝါရီ

မြန်မာ့သနပ်ခါးနေ့အဖြစ် တပို့တွဲလပြည့် (ဖေဖော်ဝါရီလ ၂၆ရက်)နေ့တွင်  မြို့နယ်ငါးမြို့နယ်ဖြစ်သည့် အရာတော်၊ ရွှေဘို၊ ရေစကြို၊ မြိုင်နှင့် ပေါက်မြို့နယ်တို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း  မြန်မာနိုင်ငံသနပ်ခါးအသင်း ဥက္ကဋ္ဌ ဦးကျော်မိုး(အရာတော်)ထံမှ သိရသည်။  

မြန်မာ့သနပ်ခါးနေ့ကို မြို့နယ်ငါးမြို့နယ်တွင် ပြုလုပ်ရခြင်းမှာ ရိုးရာယဉ်ကျေးမှုများ ရေရှည်ရပ်တည်နိုင်ရန်၊ သနပ်ခါးမဟုတ်ဘဲ သနပ်ခါးအမည်ခံအလှကုန်များကို ဟန့်တားနိုင်ရန်နှင့် မြန်မာတစ်မျိုးသားလုံးက မြန်မာ့သနပ်ခါးကို မြတ်နိုးတန်ဖိုးထားတတ်ရန်အတွက် မြန်မာ့သနပ်ခါးနေ့ကို ကျင်းပရခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

မြန်မာ့သနပ်ခါးနေ့အဖြစ် ကျင်းပရာတွင် သနပ်ခါးဖြင့် မီးပူဇော်ခြင်း၊ သနပ်ခါးနံ့သာရည်ဖြင့် ဘုရားအားဆပ်ကပ်ခြင်း၊ ရေသပ္ပာယ်ခြင်း၊ စတုဒိသာအဖြစ် ထမနဲထိုးခြင်း၊ သနပ်ခါးနှင့်ပတ်သက်သည့် အသိပညာပေးစာစောင်များဝေငှခြင်းနှင့် စတစ်ကာများဝေငှခြင်းတို့ကို ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။     

အလားတူ ယူနက်စကိုတွင် မြန်မာ့သနပ်ခါးကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ရရှိနိုင်အောင် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် မတ်လက တင်ပြထားပါကြောင်း၊ ယခုလက်ရှိတွင် ပြည်တွင်းသနပ်ခါးဈေးကွက်အတွင်း ရောင်းချနေသည့် သနပ်ခါးမည်ခံ အလှကုန်ပစ္စည်းများကို ဟန့်တားနိုင်ပါက သနပ်ခါးဈေးကွက်ကောင်းလာမည်ဖြစ်ပြီး မြန်မာ့ သနပ်ခါးရိုးရာယဉ်ကျေးမှု အမွေအနှစ်ကိုလည်း ထိန်းသိမ်းရာ ရောက်ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သနပ်ခါးစိုက်ဧကအများဆုံးမှာ အရာတော်မြို့နယ်ဖြစ်ပြီး သနပ်ခါးစိုက်ဧက တစ်သိန်းကျော်ရှိကြောင်း ဥက္ကဋ္ဌ ဦးကျော်မိုး (အရာတော်က) ပြောသည်။ 

မွှေးကြူဇင်