မုံရွာ ၇ နိုဝင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြို့တော်ခန်းမတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် မြန်မာနိုင်ငံသနပ်ခါး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းတို့ပူးပေါင်းပြီး နိုဝင်ဘာလ(၇)ရက်နေ့နံနက်(၉)နာရီက မြန်မာ့သနပ်ခါးညီလာခံ၊ သဘာဝသနပ်ခါး ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြန်မာ့သနပ်ခါးညီလာခံ၊ သဘာဝသနပ်ခါး ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် မုဒ်ဦးအား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မောင်း၊ မြန်မာနိုင်ငံ သနပ်ခါး စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း ဥက္ကဌ ဦးကျော်မိုးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ကြောင်း သိရသည်။
မြန်မာ့သနပ်ခါးညီလာခံ၊ သဘာဝသနပ်ခါး ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်တွင် စာတမ်းဖတ်ပွဲများကျင်းပခဲ့ပြီး မြန်မာ့သနပ်ခါးထုတ်ကုန်များဖြစ်သော သနပ်ခါးတုံးများနှင့် မျိုးစေ့များ၊ အပင်များ၊ သဘာဝသနပ်ခါးတန်ဘိုးမြင့်ထုတ်ကုန်များ အပြင် မုံရွာဒေသထုတ်ကုန်များ၊ အဝတ် အထည်များ၊ ဝါးမှ ထုတ်လုပ်သည့် စိုက်ပျိုးရေးသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ သဘာ၀ ထုတ်ကုန်များ ကိုပြသထားကြောင်း သိရသည်။
မြန်မာ့သနပ်ခါးညီလာခံ၊ သဘာဝသနပ်ခါး ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို မုံရွာမြို့ မြို့တော် ခန်းမတွင် နိုဝင်ဘာလ (၇)ရက်နေ့မှ (၉)ရက်နေ့အထိ နေ့စဉ် နံနက် (၉)နာရီမှ ည(၉)နာရီထိ ကျင်းပ လျက်ရှိရာ မည်သူမဆို လာရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


