နေပြည်တော် ၁၅ အောက်တိုဘာ
မြန်မာသံရုံး၊ ဆိုးလ်မြို့၌ ကြိုတင်ဆန္ဒမဲပေးရန် ကျန်ရှိသူများအတွက် အောက်တိုဘာ ၁၈ ရက်၌ မဲရုံအား ထပ်မံတိုးမြှင့် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသံရုံး ဆိုးလ်မြို့က အောက်တိုဘာ ၁၂ ရက် ရက်စွဲဖြင့် မဲဆန္ဒရှင်များသို့ အသိပေးကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ၌ ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများမှ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့၌ အောက်တိုဘာ ၂ ရက်မှ ၁၂ ရက်အထိ မဲရုံဖွင့်လှစ်ပေးခဲ့ကြောင်း။
မဲရုံဖွင့်လှစ်ရက် ၁၁ ရက်မြောက်နေ့ဖြစ်သည့် အောက်တိုဘာ ၁၂ ရက် ည ၉ နာရီအထိ မဲရုံဖွင့်လှစ်ခဲ့ရာ မဲဆန္ဒရှင် (၁၂၀) လာရောက်မဲပေးခဲ့ကြကြောင်း၊ သို့ဖြစ်၍ မဲရုံဖွင့်လှစ်ခဲ့သည့် ၁၁ ရက်တာကာလအတွင်း ကိုရီးယားနိုင်ငံရောက် မဲဆန္ဒရှင် စုစုပေါင်း (၇၈၀၆) ဦးတို့က စိတ်အားထက်သန်စွာဖြင့် တက်ကြွစွာ လာရောက်မဲပေးခဲ့ကြသည့်အတွက် ကိုရီးယားနိုင်ငံရှိ ဆန္ဒမဲပေးရန်ခွင့်ပြုထားသူများ၏ (၇၉ ဒသမ ၂) ရာခိုင်နှုန်းထိ ရရှိခဲ့ပြီးဖြစ်သဖြင့် မြန်မာသံရုံး၊ ဆိုးလ်မြို့က လှိုက်လှဲစွာ ကျေးဇူးတင်ရှိကြောင်း။
သို့ရာတွင် မဲပေးရန်ကျန်ရှိသည့် မဲဆန္ဒရှင်များအနက် ထပ်တိုးဆန္ဒမဲ လက်မှတ်များသည် အောက်တိုဘာ ၁၁ ရက်ညမှ ရောက်ရှိလာသည့်အတွက် ရပ်ဝေးဒေသများမှ လာရောက်ရန် အချိန်မမီ၍သော်လည်းကောင်း၊ သံရုံး၏ကြေညာချက်အား မသိရှိ/သတိ မထားမိ၍သော်လည်းကောင်း၊ အလုပ်ခွင်မအားလပ်၍ သော်လည်းကောင်း အောက်တိုဘာ ၁၂ ရက်နေ့အမီ ဆန္ဒမဲလာရောက်ပေးခွင့် မရရှိခဲ့သူများ ကျန်ရှိနေသေးသည်ဟု အလွတ်သဘော သိရှိရကြောင်း။
သို့ဖြစ်၍ မဲပေးရန်ကျန်ရှိသူများအတွက် (၅)နှစ်တစ်ကြိမ်သာရရှိသည့် ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးကို မြန်မာသံရုံး၊ ဆိုးလ်မြို့က အလေးထား စဉ်းစားသည့်အနေဖြင့် အမှန်တကယ်ဆန္ဒမဲပေးလို သူများအနေဖြင့် ကြိုတင်ဆန္ဒမဲထပ်မံပေးနိုင်ရန် မြန်မာသံရုံး၊ ဆိုးလ်မြို့သည် အောက်တိုဘာ ၁၈ ရက် နံနက် ၉ နာရီမှညနေ ၆ နာရီအထိ မဲရုံအား ထပ်မံတိုးမြှင့် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
သတင်းစဉ်


