နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့က မြန်မာသံရုံး၊ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများသို့ သွားရောက်တာဝန် ထမ်းဆောင်ကြမည့် အရာထမ်း၊ အမှုထမ်းများအား တွေ့ဆုံအမှာစကားပြောကြား

 

နေပြည်တော် ဒီဇင်ဘာ ၈

 

မြန်မာသံရုံး၊ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများသို့ သွားရောက် တာဝန်ထမ်းဆောင်ကြမည့် အရာထမ်း၊ အမှုထမ်းများအား ပြည်ထောင်စုဝန်ကြီးများမှ တွေ့ဆုံအမှာစကား ပြောကြားသည့် အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နိုင်ငံခြားရေး ဝန်ကြီးဌာန ဧရာဝတီခန်းမ၌ ကျင်းပရာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ပြည်ပသို့ သွားရောက် တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် သံရုံး၊ အဖွဲ့ရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများတွင် သွားရောက်တာဝန် ထမ်းဆောင်ကြမည့် အရာထမ်း၊ အမှုထမ်းများက တစ်ဦးချင်းစီအနေဖြင့် ၎င်းတို့ သွားရောက် တာဝန်ထမ်းဆောင်ရမည့် နိုင်ငံများကို မိတ်ဆက်တင်ပြကြသည်။

 

ထို့နောက် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြည်ပရှိ မြန်မာသံရုံး၊ အဖွဲ့ရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် အရာထမ်း၊ အမှုထမ်းများအားလုံးကို ဝမ်းမြောက်ကြောင်း ဂုဏ်ပြုစကားပြောကြားလိုကြောင်း၊ နိုင်ငံ၏ အချုပ်အခြာအာဏာ မဆုံးရှုံးစေရေးနှင့် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေးအတွက် နိုင်ငံခြားရေး ဝန်ထမ်းများသည် Diplomacy is the first line of Defence ဆိုသည့် စကားရပ်နှင့်အညီ သံခင်းတမန်ခင်း နည်းလမ်းတွေဖြင့် နိုင်ငံ၏အချုပ်အခြာအာဏာကို ရှေ့တန်းမှ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ကြရသူများဖြစ်ကြောင်း၊ မိမိနိုင်ငံ၏ အမျိုးသား အကျိုးစီးပွားကို ဦးထိပ်ထားပြီး ပေးအပ်သည့်တာဝန်များကို သစ္စာရှိရှိ တာဝန်ကျေပွန်စွာ ထမ်းရွက်ကြသည့် ဝန်ထမ်းများကို ဝန်ကြီးဌာနအနေဖြင့် လေးလေးနက်နက် စိစစ်သုံးသပ်ပြီးမှ ယခုကဲ့သို့ ရွေးချယ်တာဝန်ပေး စေလွှတ်ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် သွားရောက် တာဝန်ထမ်းဆောင်ကြမည့် သံတမန်ဝန်ထမ်းများအနေဖြင့် သံတမန်များ လိုက်နာဆောင်ရွက်ရမည့် အဓိကလုပ်ငန်းတာဝန် (၅) ရပ်ကို လိုက်နာတာဝန်ကျေကြရန် အလေးအနက်ထား မှာကြားလိုကြောင်း၊ အဓိကလုပ်ငန်းတာဝန် (၅) ရပ်အနေဖြင့် Representation (နိုင်ငံကို ကိုယ်စားပြုခြင်း)၊ Protection (ကာကွယ်စောင့်ရှောက်ခြင်း)၊ Negotiation (စေ့စပ်ညှိနှိုင်းခြင်း)၊ Reporting (သတင်းအချက်အလက်များ စုဆောင်း၍ ပြန်လည်တင်ပြ အစီရင်ခံခြင်း)နှင့် Promotion (နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ခြင်း) တို့ ဖြစ်ကြောင်း၊ နိုင်ငံကို ကိုယ်စားပြုပြီး တာဝန်ထမ်းဆောင်ကြရမှာဖြစ်သောကြောင့် ဝန်ထမ်းသည် အမျိုးသားနိုင်ငံရေးကို သစ္စာရှိရန်၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုအပေါ် သစ္စာရှိရန်နှင့် မိမိဝန်ကြီးဌာနအပေါ် သစ္စာရှိရန် အထူးမှာကြားလိုကြောင်း၊ နောက်ဆုံးအနေဖြင့် ဝန်ထမ်းများအားလုံး ပေးအပ်သည့်တာဝန်များကို ကျေပွန်အောင်ဆောင်ရွက်ရန်နှင့် ရောက်ရှိသည့်နေရာမှ ရရှိသည့်ဗဟုသုတများကို အကျိုးရှိစွာအသုံးချနိုင်ရေး လေ့လာဆည်းပူးကြပါရန် ပြောကြားသည်။

 

mdn

 

ထို့နောက် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ယနေ့အခမ်းအနားတွင် အချက် (၃) ချက် မှာကြားလိုကြောင်း၊ Be all with the Diplomat ကြံ့ကြံ့ခိုင်ခိုင်နှင့် အရာအားလုံးကို ရင်ဆိုင်နိုင်သည့် သံတမန်တစ်ယောက်ဖြစ်အောင် ကြိုးစားကြရန် ဖြစ်ကြောင်း၊ Be a good Diplomat သံတမန်ကောင်း တစ်ယောက်ဖြစ်အောင် နေထိုင်ကြရန်ဖြစ်ကြောင်းနှင့် Keep yourself fit for Duty ပေးအပ်သည့် တာဝန်များကို ကျေကျေပွန်ပွန် ထမ်းဆောင်နိုင်ရန် အမြဲတမ်းအသင့်ရှိနေရန် မှာကြားလိုကြောင်း၊ ယခု သွားရောက် တာဝန်ထမ်းဆောင်မည့်သူများတွင် သံရုံးစာရေးမှစ၍ သံမှူးအထိပါဝင်ကြောင်း၊ မိမိအဆင့်အလိုက် ကျွမ်းကျွမ်းကျင်ကျင် လုပ်နိုင်ရန် အမြဲတမ်းပြင်ဆင် လေ့ကျင့်ဖြည့်ဆည်းနေရန် လိုကြောင်း၊ နှစ်လိုဖွယ်ရှိပြီး ပုံရိပ်ကောင်းသည့် သံတမန်ကောင်းဖြစ်ရန်၊ Personalilty ကောင်းသည့် ဝန်ထမ်းများဖြစ်ရန်နှင့် ကျန်းမာရေး ဂရုစိုက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်