နေပြည်တော် ၅ အောက်တိုဘာ
၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့် ရှိသည့် နိုင်ငံပြင်ပသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများသည် ယနေ့တွင် မြန်မာသံရုံး(၅)ရုံး၌ ဆက်လက်ဆန္ဒမဲပေးကြရာ မြန်မာသံရုံး၊ ဘန်ကောက်မြို့၌ မဲဆန္ဒရှင် (၅၃၆)ဉီး၊ မြန်မာသံရုံး၊ ကိုင်ရိုမြို့၌ မဲဆန္ဒရှင်(၂၀)၊ မြန်မာသံရုံး၊ စင်ကာပူမြို့၌ မဲဆန္ဒရှင် (၁၇၀၀)ကျော်ခန့်၊ မြန်မာသံရုံး၊ ဆိုးလ်မြို့၌ မဲဆန္ဒရှင် (၁၅၀)နှင့် မြန်မာသံရုံး၊ တိုကျိုမြို့၌ မဲဆန္ဒရှင်(၄၀၂)ဉီး လာရောက်ဆန္ဒမဲပေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် အိုင်ယာလန်နိုင်ငံ၊ ဒိန်းမတ်နိုင်ငံနှင့် ဆွီဒင်နိုင်ငံတို့တွင် ရောက်ရှိနေသော မြန်မာနိုင်ငံသားများ ကြိုတင် ဆန္ဒမဲပေးရန်အတွက် မြန်မာသံရုံး၊ လန်ဒန်မြို့မှ အောက်တိုဘာ ၃ ရက်နှင့် ၄ ရက်တို့တွင် မဲရုံဖွင့်လှစ် ဆောင်ရွက်ခဲ့ရာ အိုင်ယာလန် နိုင်ငံမှ မဲဆန္ဒရှင်(၁၆)ဉီး၊ ဒိန်းမတ်နိုင်ငံမှ မဲဆန္ဒရှင် (၁၈)ဉီး၊ ဆွီဒင်နိုင်ငံမှ မဲဆန္ဒရှင် (၁၈)ဉီး စုစုပေါင်း(၅၂ )ဉီး လာရောက်ဆန္ဒမဲပေးခဲ့သည်။ ဗြိတိန်နိုင်ငံတွင် ရောက်ရှိနေ သော မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် မြန်မာသံရုံး၊ လန်ဒန်မြို့တွင် အောက်တိုဘာ ၉ ရက်မှ ၁၂ ရက်အထိ မဲရုံဖွင့်လှစ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယနေ့တွင် နီပေါနိုင်ငံ၌ ရောက်ရှိနေသော မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေးရန်အတွက် မြန်မာသံရုံး၊ ကတ္တမန္ဒူးမြို့၌ မဲရုံစတင် ဖွင့်လှစ်ခဲ့ရာ စုစုပေါင်း (၃) ဉီး လာရောက်ဆန္ဒမဲပေးခဲ့သည်။
အလားတူ အစ္စရေးနိုင်ငံတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသားများ ကြိုတင် ဆန္ဒမဲပေးနိုင်ရေးအတွက် မြန်မာသံရုံး၊ တဲလ်အဗီးမြို့တွင် ပထမနေ့အဖြစ် မဲရုံစတင်ဖွင့်လှစ်ခဲ့ပြီး ဆန္ဒမဲပေးသူ (၄)ဉီး လာရောက်ဆန္ဒမဲပေးခဲ့ကြောင်း သိရသည်။
ကြိုတင်ဆန္ဒမဲပေးရန် မြန်မာသံရုံးများသို့ ရောက်ရှိလာသည့် နိုင်ငံသားများအား ကိုဗစ်-၁၉ ရောဂါတားဆီး ကာကွယ်ရေးဆိုင်ရာ ချမှတ်ထားရှိသည့် ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ သံရုံးအဝင်ဝတွင် ကိုယ်အပူချိန်တိုင်းခြင်း၊ လက်ဆေးခြင်း၊ Face Mask ဖြန့်ဝေတပ်ဆင်စေခြင်းတို့ဖြင့် သက်ဆိုင်ရာနိုင်ငံအလိုက် ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး အစီအမံများကို အလေးထားလိုက်နာ ဆောင်ရွက်ကြကြောင်း သိရသည်။
သို့ပါ၍ ယနေ့တွင် မြန်မာသံရုံး (၇)ရုံး၌ ကြိုတင်ဆန္ဒမဲပေးခဲ့ကြကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘရူနိုင်းနိုင်ငံ၊ အိုင်ယာလန်နိုင်ငံ၊ ဒိန်းမတ်နိုင်ငံ၊ ဆွီဒင်နိုင်ငံနှင့် အက်စ်ဝါတီနီနိုင်ငံတို့တွင် ရောက်ရှိနေသော မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေးမှုများ ပြီးဆုံးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


