မန္တလေး၊  ၁၁  ဒီဇင်ဘာ

 

မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသည့် ဒေသမျိုးကောင်းထောပတ်သီးများကို ပထမအကြိမ်အဖြစ် ဥရောပနိုင်ငံများဖြစ်သော အီတလီနိုင်ငံနှင်ဂျာမနီနိုင်ငံတို့က တရားဝင်ကမ်းလှမ်းမှုများရှိလာကြောင်း မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းက သိရသည်။

 

"သံရုံးတွေကနေတဆင့် ဥရောပနိုင်ငံတွေဖြစ်တဲ့  အီတလီတို့ ဂျာမနီတို့ ကမ်းလှမ်းလာတဲ့အပေါ်  အများကြီး ဝမ်းသာပါတယ်၊ ဒီနှစ်တော့ မမီတော့ပါဘူး၊ လာမယ့်နှစ်အတွက် ဥရောပကို ပို့နိုင်မယ့် စံချိန် စံညွှန်းပိုင်းနဲ့စပြီး ပြင်ဆင်ပါမယ်၊ တန်ချိန်ပမာဏဘယ်လောက်ပို့မယ်ဆိုတာ အတိအကျပြောလို့မရ သေးပါဘူး၊ ဟိုဘက်နိုင်ငံကလည်း ဘယ်လောက်စပြီးဝယ်ယူမယ်ဆိုတာမျိုးကို တိတိကျကျ ကမ်းလှမ်းတာမျိုး မရှိသေးပါဘူး၊ နိုင်ငံတကာစံနှုန်း ကီလိုအချိန်နှင့်သတ်မှတ်သွားဖို့ရှိပါတယ်၊ မြန်မာ့ထောပတ်သီးကိုတော့ သူတို့စိတ်ဝင်စားတယ်၊ ကမ်းလှမ်းချက်တွေရှိပါတယ်ဟု မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဒုတိယ ဥက္ကဋ္ဌ ဦးမျိုးညွှန့်က ပြောသည်။

 

မြန်မာ ထောပတ်သီးများကို အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံများသို့ တင်ပို့မှုများရှိနေပြီး ယခုနှစ်အတွင်း အင်္ဂလန်နိုင်ငံသို့ စမ်းသပ်တင်ပို့ခဲ့ရာ ရလဒ်ကောင်းများထွက်ပေါ် ခဲ့ပြီးနောက် ဥပရောပနိုင်ငံများ ဖြစ်သည့် ဂျာမနီနှင့် အီတလီနိုင်ငံတို့က သံရုံးများမှတဆင့် တရားဝင် ကမ်းလှမ်း လာခြင်းဖြစ်သည်။

 

လာမယ့်နှစ်က ထောပတ်သီးထွက်နိုင်တဲ့ခြံတွေ ဘယ်နှခြံလောက်ရှိနေပြီလဲ၊ အဲဒီခြံတွေကနေ အရည်အသွေးမီ ထောပတ်သီးတွေ ထုတ်လုပ်နိုင်ဖို့ ဘာတွေလိုအပ်မလဲ၊ ခြံတွေက ထုတ်နိုင်ပြီး အသင်းကလည်း ပညာရှင်တွေက ကွင်းဆင်းပြီး အရည်အသွေးကောင်းထောပတ်သီးတွေထွက်အောင်  နည်းပညာ ပံ့ပိုးပေးတာတွေ ဆောင်ရွက်သွားမှာဖြစ်သလို၊ ထောပတ်သီးတွေ ဥရောပကို တင်ပို့နိုင်တဲ့ အတွက် Global G.A.P ရရှိရေး အသင်းကနေစုပေါင်းပြီး G.A.P လျှောက်တာတွေ ဆောင်ရွက် ပေးသွားမှာပါ၊ ခြံအားလုံး Global G.A.P ရဖို့အတွက်၊ စံသတ်မှတ်ချက် စည်းကမ်းချက်တွေနဲ့အညီ စိုက်ပျိုးထုတ်လုပ်သွားဖို့လည်း လမ်းညွှန်ပေးသွားမှာပါဟု ဆက်လက်ပြောကြားသည်။

 

မြန်မာနိုင်ငံတွင် ထောပတ်သီးများနှင့်ပတ်သက် ၂၀၁၇ခုနှစ်တွင်  မြန်မာထောပတ်သီးပွဲတော် ပထမအကြိမ် ကျင်းပခဲ့ပြီး၊ ၂၀၁၈ ခုနှစ်တွင် မြန်မာထောပတ်သီးပွဲတော် Myanmar Avocado Festival နှင့် တတိယအကြိမ်  ၂၀၁၉ ပြင်ဦးလွင် ထောပတ်သီးပွဲတော်၊ ကန်ပက်လက် ထောပတ်သီးပွဲတော်တို့ကို ကျင်းပခဲ့ကြောင်း၊ ထောပတ်သီးမျာ ကမ္ဘာ့ဈေးကွက်တွင် လိုအပ်ချက်ရှိနေပြီး မြန်မာနိုင်ငံတွင်လည်း ထောပတ်သီး ဖြစ်ထွန်းသည့်အတွက် ပြည်ပပို့ကုန်အမယ်သစ်စာရင်းတွင် မဟာဗျူဟာမြောက် ပြည်ပပို့ကုန်အဖြစ် ထောပတ်သီးကို ထည့်သွင်းခဲ့ကြောင်း သိရသည်။

 

ထိပ်ထားနိုင်